မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အို ယေဟောဝါဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိတော်မူ၏’

‘အို ယေဟောဝါဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိတော်မူ၏’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘အို ယေဟောဝါဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိတော်မူ၏’

“ကိုယ့်ကို ဂရုစိုက်တဲ့သူ ဒါမှမဟုတ် နားလည်ပေးတဲ့သူ မရှိဘူးဆိုတဲ့ အသိလောက် အခံရခက်တာ မရှိတော့ဘူး။” * အဲဒီစကားက သင်နဲ့ကော သက်ဆိုင်နေသလား။ သင့်ကို ဂရုစိုက်တဲ့သူ ဒါမှမဟုတ် သင် ခံစားနေရတာတွေကို နားလည်ပေးတဲ့သူ မရှိဘဲ တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားဖူးပါသလား။ အဲဒီလိုဆိုရင် နှစ်သိမ့်မှုကို သင် ရှာတွေ့နိုင်ပါတယ်။ ယေဟောဝါဘုရားသခင်ဟာ မိမိကို ဝတ်ပြုကိုးကွယ်တဲ့သူတွေရဲ့ နေ့စဉ်အသက်တာမှာ ကြုံတွေ့နေရတာတွေ အားလုံးကို သတိပြုမိတဲ့အထိ သူတို့ကို အရမ်းဂရုစိုက်တယ်။ အဲဒီအချက်က အရမ်းမှန်တယ်ဆိုတာကို ဆာလံ ၁၃၉ မှာပါတဲ့ ရှေးခေတ် အစ္စရေးဘုရင် ဒါဝိဒ်ရဲ့စကားတွေက သက်သေထူတယ်။

ဘုရားသခင်က မိမိကို စိတ်ဝင်တစားနဲ့ ဂရုစိုက်တယ်ဆိုတာကို ဘုရင်ဒါဝိဒ်က ယုံကြည်စိတ်ချစွာ ဒီလိုပြောခဲ့တယ်– ‘အို ထာဝရဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော [“ရှာဖွေ၊” ကဘ] ၍ သိတော်မူ၏။’ (အခန်းငယ် ၁) ဒီနေရာမှာ ဒါဝိဒ်ဟာ ဥပစာအသုံးအနှုန်းကို ပြောင်မြောက်စွာ အသုံးပြုထားတာဖြစ်တယ်။ “ရှာဖွေ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးကြိယာက သတ္တုရိုင်းကို တူးဖော်တာ (ယောဘ ၂၈:၃သမ္မာ)၊ တိုင်းပြည်တစ်ပြည်ကို စူးစမ်းတာ (တရားသူကြီး ၁၈:၂သမ္မာ) ဒါမှမဟုတ် တရားရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အချက်အလက်တွေ စစ်ဆေးတာ (တရားဟောရာ ၁၃:၁၄သမ္မာ) ကိုရည်ညွှန်းနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ဘဝအသက်တာကို အဘက်ဘက်ကနေ ကိုယ်တော် စစ်ဆေးထားသလိုမျိုး ကျွန်ုပ်တို့အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိရှိထားတယ်။ “အကျွန်ုပ်” ဆိုတဲ့ နာမ်စားကို ဒါဝိဒ် အသုံးပြုခြင်းအားဖြင့် ဘုရားသခင်ဟာ မိမိကိုဝတ်ပြုကိုးကွယ်သူ တစ်ဦးချင်းစီကို စိတ်ဝင်တစားရှိတယ်ဆိုတာ ဖော်ပြတယ်။ ဘုရားသခင်ဟာ မိမိကို ဝတ်ပြုကိုးကွယ်သူတွေကို ရှာဖွေပြီး တစ်ဦးချင်းစီကို သိကျွမ်းလာတဲ့အထိ စိတ်ဝင်စားတယ်။

ဘုရားသခင်ဟာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနေတယ်ဆိုပြီး ဒါဝိဒ် ဒီလိုချဲ့ကားဖော်ပြတယ်– “အကျွန်ုပ် ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။” (အခန်းငယ် ၂) တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘုရားသခင်ဟာ “အဝေး” ကြီးဖြစ်တဲ့ ကောင်းကင်ဘုံမှာ စံမြန်းနေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ညအိပ်ရာဝင်ချိန်၊ မနက်အိပ်ရာထချိန်နဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေ ဆောင်ရွက်နေရချိန်တို့ကို ကိုယ်တော် သိရှိထားတယ်။ ကျွန်ုပ်တို့ရဲ့ အကြံအစည်တွေ၊ လိုအင်ဆန္ဒတွေနဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း သိပါတယ်။ ဒါဝိဒ်ဟာ မိမိကို ဘုရားသခင် အဲလောက်ထိ စေ့စေ့စပ်စပ် စစ်ဆေးနေတဲ့အတွက် ကြောက်ရွံ့သွားသလား။ မကြောက်ရွံ့သွားပါဘူး။ အဲလိုစစ်ဆေးခံရတာကိုပဲ သူ ကျေနပ်နေပါတယ်။ (အခန်းငယ် ၂၃၊ ၂၄) ဘာကြောင့် အဲလို သူပြောရတာလဲ။

ဘုရားသခင်ဟာ ဝတ်ပြုကိုးကွယ်တဲ့သူတွေကို အပြုသဘောနဲ့ ကြည့်ရှုစစ်ဆေးနေတယ်ဆိုတာကို ဒါဝိဒ် သိထားလို့ပါ။ အပြုသဘောနဲ့ပတ်သက်ပြီး ဒါဝိဒ်က ဒီလိုသွယ်ဝိုက်ပြီး ရေးခဲ့တယ်– “အကျွန်ုပ်သွားသောလမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍ အကျွန်ုပ်ကျင့်သောအကျင့် အလုံးစုံတို့ကို ကျွမ်းတော်မူ၏။” (အခန်းငယ် ၃) နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့ရဲ့ “အကျင့်” အားလုံး၊ ကောင်းတာတွေရော မကောင်းတာတွေကိုပါ ဘုရားသခင် တွေ့ မြင်ပါတယ်။ ကောင်းတဲ့အကျင့် ဒါမှမဟုတ် မကောင်းတဲ့အကျင့်ကို ဘုရားသခင် အာရုံစိုက်သလား။ “စစ်” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးက “ဆန်ခါချ” တယ် ဒါမှမဟုတ် “လှေ့” တယ်လို့ အဓိပ္ပာယ်ရှိနိုင်တယ်။ အဲဒီစကားလုံးကို လယ်သမားတစ်ဦး အဆန်အောင်တဲ့ ဂျုံစပါးတွေရဖို့ အခွံအဖျင်းတွေကို လှေ့တဲ့ပုံစံနဲ့ ခိုင်းနှိုင်းနိုင်တယ်။ “ကျွမ်း” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးက “ချစ်မြတ်နိုးတယ်” လို့အဓိပ္ပာယ်ရှိနိုင်တယ်။ ဝတ်ပြုကိုးကွယ်သူတွေရဲ့ နေ့စဉ် ပြုမူပြောဆိုပုံကို ဘုရားသခင် စစ်ဆေးတဲ့အခါ ကောင်းတာတွေကိုပဲ အာရုံစိုက်တယ်။ ဘာကြောင့်လဲ။ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ သူတို့ကြိုးစားနေတာကို နှစ်သက်အားရလို့ဖြစ်တယ်။

ဘုရားသခင်ဟာ ဝတ်ပြုကိုးကွယ်သူတွေကို အရမ်းဂရုစိုက်နေတယ်ဆိုတာ ဆာလံ ၁၃၉ ကဖော်ပြတယ်။ ဘုရားသခင်ဟာ သူတို့ကို ရှာဖွေပြီး သူတို့ရဲ့နေ့စဉ် ဘဝအသက်တာမှာ ဖြစ်ပျက်နေတဲ့အရာတွေကို စောင့်ကြည့်ပေးနေပါတယ်။ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ်တော် သိရှိတယ်။ အခက်အခဲတွေကြောင့် သူတို့ခံစားနေရတဲ့ စိတ်နာကျင်မှုတွေကို နားလည်ပေးတယ်။ အဲလိုဂရုစိုက်တဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ သင် လှုံ့ဆော်မခံရဘူးလား။ လှုံ့ဆော်ခံရတယ်ဆိုရင် ‘သင်၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်ပြသော မေတ္တာ’ ကို ဘုရားသခင် ဘယ်တော့မှ မေ့လျော့မှာမဟုတ်ဘူးဆိုတာကို သင် ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေဗြဲ ၆:၁၀

စက်တင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဆာလံ ၁၁၉-၁၅၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 စာရေးဆရာ အာသာ အိပ်ခ်ျ. စတိန်းဘက်ခ်ရဲ့အဆို ဖြစ်ပါတယ်။