သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
ငယ်ငယ်က ကြေကွဲစရာတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက် စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်ကို ဘယ်လိုရှာတွေ့ခဲ့သလဲ။ နိုင်ငံရေးဆန့်ကျင်သူတစ်ဦးကို အေးအေးချမ်းချမ်း နေတတ်တဲ့ ဘုရားသခင့်အမှုဆောင်ဖြစ်လာအောင် ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ အဖြေသိချင်ရင် အောက်မှာဖော်ပြထားတဲ့ တွေ့ကြုံမှုတွေကို ဖတ်ကြည့်ပါ။
“နွေးထွေးတဲ့မေတ္တာကို ကျွန်မ အရမ်းတောင့်တ ခဲ့တာ”—အီနာ လိဇ်နီနာ
မွေးဖွားတဲ့နှစ်– ၁၉၈၁
နေရင်းနိုင်ငံ– ရုရှား
နောက်ခံ– ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကလေးဘဝ
အတိတ်– ကျွန်မဟာ ဆွံ့အ နားမကြားတဲ့ မိဘတွေကနေ မွေးဖွားလာတဲ့ ဆွံ့အ နားမကြားသူပါ။ ကျွန်မရဲ့ကလေးဘဝ ခြောက်နှစ်တာကာလဟာ ပျော်စရာတွေချည်းပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မရဲ့မိဘတွေ ကွာရှင်းလိုက်ကြတယ်လေ။ ကျွန်မ ငယ်သေးပေမဲ့ ကွာရှင်းတာက ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်တဲ့အတွက် အရမ်းဝမ်းနည်းခဲ့ရပါတယ်။ မိဘတွေ ကွာရှင်းပြီးတဲ့နောက်မှာ အမေက ကျွန်မကိုခေါ်ပြီး ချယ်လ်ယာဘင့်စ်ခ်မြို့ကို ပြောင်းသွားတယ်။ အဖေကတော့ ကျွန်မအစ်ကိုနဲ့ ထရွိုင်စ်ခ်မြို့မှာ နေရစ်ခဲ့တယ်။ အချိန်ကြာလာတော့ အမေ နောက်အိမ်ထောင်ပြုလိုက်တယ်။ ကျွန်မရဲ့ ပထွေးက အရက်ချိုးလေ။ မကြာခဏဆိုသလို ကျွန်မတို့သားအမိနှစ်ယောက်ကို ရိုက်နှက် နှိပ်စက်တတ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ ကျွန်မချစ်ရတဲ့ အစ်ကို ရေနစ်သေဆုံးသွားရှာတယ်။ အဲဒီမတော်တဆမှုကြောင့် ကျွန်မတို့မိသားစု ထိတ်လန့်တုန်လှုပ်သွားတယ်။ အမေဟာ စိတ်ဖိစီးလွန်းလို့ အရက်တွေသောက်၊ ပထွေးနဲ့ပေါင်းပြီး ကျွန်မကို နှိပ်စက်တယ်။ ကောင်းကောင်းမွန်မွန်နေရတဲ့ ဘဝကို ကျွန်မ ပိုင်ဆိုင်ချင်လိုက်တာ။ နွေးထွေးတဲ့မေတ္တာကို အရမ်းတောင့်တတာပဲ။ နှစ်သိမ့်မှုရဖို့ ချာ့ခ်ျတွေ တစ်ခုပြီးတစ်ခု သွားတက်ပေမဲ့ ဘယ်နေရာမှာမှ မရရှိခဲ့ပါဘူး။
သမ္မာကျမ်းစာက ကျွန်မရဲ့ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ကျွန်မ အသက် ၁၃ နှစ်အရွယ်တုန်းက အတန်းဖော် မိန်းကလေးတစ်ယောက်နဲ့ ခင်ခဲ့တယ်။ သူက ယေဟောဝါသက်သေ ခရစ်ယာန်ပါ။ ကျွန်မကို နောဧနဲ့ ယောဘဆိုတဲ့ ကျမ်းစာဇာတ်ကောင်တွေအကြောင်း သူပြောပြတယ်။ အဲဒီအကြောင်းတွေကို ကျွန်မ နှစ်သက်တယ်။ သူတို့ဟာ ဘုရားသခင်ကို အခက်အခဲတွေကြားက ဝတ်ပြုကိုးကွယ်ခဲ့ကြတာ။ သိပ်မကြာပါဘူး၊ ကျွန်မ သက်သေခံခရစ်ယာန်တွေနဲ့ ကျမ်းစာလေ့လာပြီး သူတို့ရဲ့အစည်းအဝေးတွေကို သွားတက်ပါတော့တယ်။
သမ္မာကျမ်းစာကို လေ့လာရာကနေ အမှန်တရားတွေ အများကြီး ကျွန်မ သိခွင့်ရလိုက်တယ်။ ကျွန်မ အံ့သြသွားတာက ဘုရားသခင်မှာ နာမည်ရှိတယ်ဆိုတာကိုပဲ။ (ယေရမိ ၃၃:၂) “နောက်ဆုံးသောနေ့ရက်” တွေဖြစ်တဲ့ ကနေ့ခေတ်မှာ ဖြစ်ပျက်မယ့် အခြေအနေတွေကို သမ္မာကျမ်းစာမှာ အတိအကျ ကြိုပြောထားတာကို သိလိုက်ရလို့ စွဲမှတ်သွားတယ်။ (၂ တိမောသေ ၃:၁-၅) သေလွန်သူတွေ အသက်ပြန်ရှင်လာခွင့် ရှိတယ်ဆိုတာကို သိရလို့လည်း စိတ်လှုပ်ရှားလိုက်တာရှင်။ ဒါဆိုရင် ကျွန်မရဲ့အစ်ကိုနဲ့ ပြန်တွေ့ရဦးမှာပေါ့နော်။—ယောဟန် ၅:၂၈၊ ၂၉။
ဒါပေမဲ့ ကျွန်မ ရရှိခါစ ပျော်ရွှင်မှုကို ဘယ်သူကမှ မျှဝေမခံစားပေးကြဘူး။ ကျွန်မအမေနဲ့ ပထွေးက ယေဟောဝါသက်သေ ခရစ်ယာန်တွေ
ကို ရန်သူတွေလို သဘောထားကြတာ။ ကျွန်မကို ကျမ်းစာဆက်မလေ့လာဖို့လည်း ဖိအားပေးကြတယ်။ ဒါပေမဲ့ သိရှိထားတဲ့အရာတွေကို ကျွန်မနှစ်သက်တဲ့အတွက် ကျမ်းစာဆက်လေ့လာခဲ့ပါတယ်။မိသားစုရဲ့ ဆန့်ကျင်မှုကို တောင့်ခံထားရတာ လွယ်တော့မလွယ်ဘူး။ ဒီကြားထဲ နောက်ထပ် ထိတ်လန့်ဖွယ်အဖြစ်ဆိုးကို ထပ်ကြုံရပြန်တယ်။ အဲဒါကတော့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ကျွန်မနဲ့အတူ လိုက်တက်တဲ့ မောင်လေးလည်း ရေနစ်သေဆုံးသွားတာဖြစ်တယ်။ အဲဒီလိုကြုံခဲ့ရပေမဲ့ ယေဟောဝါသက်သေတွေက ကျွန်မကို အမြဲ အားပေးကူညီခဲ့တယ်။ သူတို့နဲ့အတူ ရှိနေတဲ့အချိန်မှာ ကျွန်မ ဘဝတစ်လျှောက်လုံး တောင့်တခဲ့တဲ့ နွေးထွေးတဲ့မေတ္တာကို ခံစားလိုက်ရတယ်။ သူတို့ရဲ့ ဘာသာရေးအဖွဲ့အစည်းက စစ်မှန်တယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်မ နှစ်ခြင်းခံလိုက်ပါတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ဒမီထရီလို့ခေါ်တဲ့ ရည်မွန်တဲ့အမျိုးသားနဲ့ ကျွန်မ လက်ထပ်လိုက်တာ ခြောက်နှစ်တောင် ရှိသွားပြီ။ စိန့်ပီတာစဘတ်မြို့က ယေဟောဝါသက်သေ ခရစ်ယာန်တွေရဲ့ ဌာနခွဲရုံးမှာ ကျွန်မတို့နှစ်ယောက်စလုံး အမှုဆောင်နေပါတယ်။ အချိန်ကြာလာတော့ ကျွန်မရဲ့ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်မရဲ့မိဘတွေလည်း သဘောထား ပျော့ပျောင်းသွားကြတယ်။
ယေဟောဝါဘုရားသခင်ကို သိကျွမ်းခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်တာပဲ။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာက ကျွန်မရဲ့ဘဝကို စစ်မှန်တဲ့ အဓိပ္ပာယ်ရှိစေပါတယ်။
“မေးခွန်းပေါင်းများစွာ ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်”—ရော်ဒယ်လ် ရိုသရီဂေ့သ် ရိုသရီဂေ့သ်
မွေးဖွားတဲ့နှစ်– ၁၉၅၉
နေရင်းနိုင်ငံ– ကျူးဘား
နောက်ခံ– နိုင်ငံရေးဆန့်ကျင်သူ
အတိတ်– ကျွန်တော့်ကို ကျူးဘားနိုင်ငံ၊ ဟာဗာနာမြို့မှာ မွေးပြီး လမ်းပေါ်ရန်ပွဲတွေ ဖြစ်နေကျ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းလာတာပါ။ ကျွန်တော် အရွယ်ရောက်လာတော့ ဂျူဒိုနဲ့ တခြားယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ အားကစားနည်းတွေကို ဝါသနာပါလာတယ်။
ကျွန်တော်က စာတော်တဲ့အတွက် တက္ကသိုလ်ဆက်တက်ဖို့ မိဘတွေက အားပေးတယ်။ တက္ကသိုလ်တက်နေတုန်း ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့လိုတယ်လို့ စခံစားလာရတယ်။ ဒါကြောင့် ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေ့မှာ ကျွန်တော့်
အတန်းဖော်နဲ့ ကျွန်တော်တို့နှစ်ယောက် ရဲအရာရှိတစ်ယောက်ရဲ့ သေနတ်ကို ဝိုင်းလုကြတယ်။ ကျွန်တော်တို့ ထိုးကြိတ်သတ်ပုတ်လိုက်လို့ အဲဒီရဲအရာရှိဟာ ခေါင်းမှာ ဒဏ်ရာ အကြီးအကျယ်ရသွားတယ်။ ဒီအမှုနဲ့ ကျွန်တော်တို့နှစ်ယောက် ထောင်ချခံလိုက်ရပြီး ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့ရဲ့ ကျည်ဆန်စာမိဖို့ စီရင်ချက်ချခံလိုက်ရတယ်။ အဲဒီအချိန်မှာ အသက် ၂၀ ပဲရှိသေးတဲ့ ကျွန်တော်ဟာ သေရတော့မှာပါလား။အကျဉ်းခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေတုန်း ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့ ရှေ့ရောက်ရင် ဘယ်လိုပြုမူမယ်ဆိုပြီး အစမ်းလေ့ကျင့်တယ်။ ကြောက်လန့်နေတဲ့ပုံမျိုး လုံးဝမပြချင်ဘူး။ တစ်ချိန်တည်းမှာ မေးခွန်းပေါင်းများစွာ ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။ ‘လောကကြီးမှာ မတရားမှုတွေ ဘာကြောင့် ဒီလောက်များနေရတာလဲ။ ဘဝဆိုတာ ဒါပဲလား’ ဆိုတဲ့အကြောင်းတွေကို ကျွန်တော် သိချင်လိုက်တာ။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ကျွန်တော်တို့ရဲ့ သေဒဏ်က နောက်ဆုံးမှာ ထောင်ဒဏ် အနှစ် ၃၀ ဆိုပြီး ပြောင်းသွားတယ်။ အဲဒီလိုပြောင်းလိုက်လို့ပဲ ယေဟောဝါသက်သေ ခရစ်ယာန်တချို့နဲ့ ကျွန်တော် ဆုံတွေ့ခဲ့ရတာပါ။ သူတို့ရဲ့ဘာသာရေး ယုံကြည်ချက်ကြောင့် သူတို့ ထောင်ချခံရတာ။ သတ္တိရှိပြီး အေးအေးဆေးဆေး နေတတ်ကြတဲ့ သူတို့ကို ကျွန်တော် သဘောကျသွားတယ်။ မတရားထောင်ချခံရပေမဲ့ သူတို့ စိတ်မဆိုးကြဘူး။ စိတ်နာကြည်းတာမျိုးလည်း မရှိဘူး။
လူသားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်မှာ ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့အကြောင်း ကျွန်တော့်ကို သူတို့ပြောပြကြတယ်။ ဘုရားသခင်က ကမ္ဘာကြီးကို ရာဇဝတ်မှုနဲ့ မတရားမှုတွေ ဖယ်ရှားပေးပြီး သာယာအေးချမ်းတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြောင်းလဲပေးတော့မယ်လို့ ကျမ်းစာနဲ့ ရှင်းပြတယ်။ ကမ္ဘာမြေကြီးမှာ လူကောင်းတွေပဲ နေထိုင်ပြီး ပြီးပြည့်စုံလင်တဲ့ အခြေအနေနဲ့ ထာဝစဉ် အသက်ရှင်ခွင့် ရမယ်လို့လည်း ပြောပြကြတယ်။—ဆာလံ ၃၇:၂၉။
သူတို့ပြောပြတာတွေကို ကျွန်တော် နှစ်သက်ပေမဲ့ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်က သူတို့ရဲ့စရိုက်နဲ့ တခြားစီပဲ။ နိုင်ငံရေးမှာ ကြားနေဖို့၊ သည်းညည်းခံဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ကျမ်းစာကို ကိုယ့်ဘာသာကိုယ်ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖတ်ပြီးသွားတဲ့အခါ ယေဟောဝါသက်သေ ခရစ်ယာန်တွေကပဲ ရှေးခေတ်ခရစ်ယာန်တွေလို ပြုမူသူတွေ ဖြစ်ကြပါလားဆိုတာ သဘောပေါက်သွားတယ်။
ကျမ်းစာကို လေ့လာနေရင်း ကျွန်တော့်ဘဝမှာ ပြောင်းလဲမှုကြီးတချို့ လုပ်ဖို့လိုတယ်ဆိုတာ သိလိုက်ရတယ်။ ဥပမာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့ ကျွန်တော့်အကျင့်ကို ပြင်ရမယ်။ ဆေးလိပ်လည်း ဖြတ်ရမယ်။ နိုင်ငံရေးမှာလည်း ကြားနေရမယ်။ အဲဒီလိုပြောင်းလဲမှုတွေလုပ်ဖို့ မလွယ်ကူပေမဲ့ နောက်ဆုံးမှာ ယေဟောဝါဘုရားသခင်ရဲ့ အကူအညီနဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။
ကျွန်တော်လုပ်ခဲ့ရတဲ့ အခက်ခဲဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ ကျွန်တော့်ရဲ့ဒေါသကို ထိန်းချုပ်ဖို့ပါပဲ။ ဒေါသကို ချွန်းအုပ်ဖို့ ကနေ့ထက်ထိ ဆုတောင်းနေရတုန်းပါ။ “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကို ချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်လည်းကောင်း သာ၍ကောင်း၏” စတဲ့ ကျမ်းစကားတွေကနေ အကူအညီအများကြီး ရခဲ့တယ်။—သု. ၁၆:၃၂။
၁၉၉၁ ခုနှစ်မှာ ယေဟောဝါသက်သေ ခရစ်ယာန်တစ်ယောက်အဖြစ် အကျဉ်းထောင်ထဲက ရေစည်ပိုင်းတစ်ခုထဲမှာ ကျွန်တော် နှစ်ခြင်းခံလိုက်ပါတယ်။ နောက်တစ်နှစ်အကြာမှာ ကျွန်တော်တို့ အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး စပိန်နိုင်ငံကို ပို့လိုက်တယ်။ စပိန်နိုင်ငံကိုရောက်တာနဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ကျွန်တော် ချက်ချင်း သွားတက်တယ်။ အဲဒီနိုင်ငံက သက်သေခံတွေဟာ ကျွန်တော့်ကို အရမ်းရင်းနှီးတဲ့ မိတ်ဆွေလိုသဘောထားပြီး ကြိုဆိုကြတယ်။ ကျွန်တော့်ဘဝ အခြေခိုင်အောင်လည်း ဝိုင်းဝန်းကူညီပေးကြတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်တော့်ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခွင့်ရလို့ ပျော်လိုက်တာဗျာ။ ကျွန်တော့်ရဲ့ အချိန်အများစုကို အသုံးပြုပြီး တခြားသူတွေကို ကျမ်းစာအကြောင်းသိလာအောင် ကူညီပေးခွင့်လည်း ရခဲ့ပါတယ်။ သေရတော့မယ့် လူငယ်တစ်ယောက်အကြောင်း တစ်ခါတလေ ပြန်တွေးမိတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ရရှိခဲ့တဲ့ အရာများစွာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ အသက်ဆက်ရှင်နေရပြီး မျှော်လင့်ချက်တွေ ရှိလာတယ်။ “သေခြင်း ရှိတော့” မှာမဟုတ်တဲ့အပြင် တရားမျှတမှု စိုးမိုးမယ့်အချိန်ကို ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ်။—ဗျာ. ၂၁:၃၊ ၄။
[စာမျက်နှာ ၁၉ ပါအကျဉ်းဖော်ပြချက်]
“ကျွန်မ အံ့သြသွားတာက ဘုရားသခင်မှာ နာမည်ရှိတယ်ဆိုတာကိုပဲ”
[စာမျက်နှာ ၂၀ ပါရုပ်ပုံ]
ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ ဆွံ့အနားမကြားသူကို လက်ဟန်ပြ ဘာသာစကားနဲ့ သက်သေခံနေ