အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်သင့်သလား
အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်သင့်သလား
ဆရာဝန်တစ်ဦးဟာ ဧည့်ခန်းထဲမှာ အငြိမ့်သားထိုင်ရင်း အိုင်ယာလန်ဝန်ကြီးနဲ့ တွေ့ဆုံစကားပြောနေတဲ့ တီဗွီအစီအစဉ်တစ်ခုကို ကြည့်နေတယ်။ အဲဒီဝန်ကြီးရဲ့မျက်နှာကို ဆရာဝန် အသေအချာကြည့်ပြီးတဲ့နောက် ဝန်ကြီးမှာ အကျိတ်တစ်ခု ရှိနေနိုင်တယ်ဆိုတာ သတိထားမိတယ်။ အဲဒီဝန်ကြီးဆီ သူ ဖုန်းဆက်ပြီး ချက်ချင်းပဲ စမ်းသပ်စစ်ဆေးပါလို့ အကြံပေးလိုက်တယ်။
ဆရာဝန်ပြောတဲ့အတိုင်း စမ်းသပ်စစ်ဆေးလိုက်တဲ့အခါ ကွက်တိမှန်နေတယ်။ လူနာတစ်ဦးကို ကြည့်လိုက်ရုံနဲ့ ရောဂါအမျိုးအမည်ကို တန်းသိနိုင်တဲ့အစွမ်း တစ်နည်းအားဖြင့် လူတွေပြောတတ်တဲ့ ဆရာဝန်မျက်စိ သူ့မှာ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ “ဆရာဝန်မျက်စိ” နဲ့ လူတစ်ဦးရဲ့ စရိုက်၊ ဥပဓိရုပ်၊ ယုံကြည်စိတ်ချထိုက်မထိုက် ဆိုတာတွေကိုလည်း ဆုံးဖြတ်နိုင်တယ်ဆိုပြီး လူတချို့ ယူမှတ်ထားကြတယ်။
လူတွေရဲ့ ရုပ်အသွင်အပြင်ကို ကြည့်ပြီး သူတို့ရဲ့ပင်ကိုစရိုက်ကို ဖော်ထုတ်တဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုနည်းစနစ် တိုးတက်အောင် ရာစုနှစ်တွေတစ်လျှောက် သုတေသီတွေ ကြိုးစားလာခဲ့ကြပါတယ်။ အဲဒီနည်းကို လူ့ရုပ်သွင်ကိုကြည့်ပြီး အကဲခတ်လေ့လာမှုလို့ ခေါ်ကြတယ်။ အဘိဓာန်တစ်အုပ် (Encyclopædia Britannica) က အဲဒါကို “မျက်နှာသွင်ပြင်၊ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ပြီး ဘယ်လိုလူစားမျိုးဖြစ်သလဲဆိုတာ ဝေဖန်ပိုင်းဖြတ်ခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ၁၉ ရာစုလောက်မှာ ချားလ်စ် ဒါဝင်ရဲ့ ဝမ်းကွဲဖြစ်သူ ဖရန့်စစ် ဂေါ်တွန်လိုမျိုး လူတွေကို လေ့လာစူးစမ်းတဲ့သူတွေ၊ အီတလီမှ ချေဇရာ လွန်ဘရိုဆိုလိုမျိုး ရာဇဝတ်မှု စူးစမ်းလေ့လာတဲ့သူတွေဟာ ခုနက ဖော်ပြခဲ့တာနဲ့ အတော်ဆင်တူတဲ့ သီအိုရီတွေနဲ့ နည်းစနစ်တွေကို အဆိုပြုခဲ့ကြပေမဲ့ အခုဆိုရင်တော့ အဲဒီအရာတွေကို လူတွေ မေ့ပျောက်လုနီးပါး ဖြစ်နေပါပြီ။
အပြင်ပန်းအသွင်အပြင်ကို လေ့လာအကဲခတ်လိုက်ရုံနဲ့ သူဘယ်လိုလူစားမျိုးလဲဆိုတာ ပိုင်းဖြတ်နိုင်တယ်ဆိုပြီး လူအတော်များများက ယုံကြည်ထားဆဲဖြစ်ပါတယ်။ ဒါဆိုရင် အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်သင့်ပါသလား။
ရုပ်အသွင်အပြင်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်း
အပြင်ပန်း အသွင်အပြင်ကိုကြည့်ပြီး လွဲမှားစွာ ဆုံးဖြတ်ခဲ့တဲ့ အထင်ရှားဆုံး ဥပမာတစ်ခုကတော့ ကျမ်းစာထဲမှာ ပါရှိပါတယ်။ ယေရှဲလို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကို ရှေးခေတ် အစ္စရေးလူမျိုးရဲ့ မင်းလောင်းအဖြစ် ခန့်အပ်ဖို့ ပရောဖက် (ကြိုဟောသူ) ရှမွေလကို ယေဟောဝါဘုရားသခင် ညွှန်ကြားခဲ့ပါတယ်။ အဲဒီအကြောင်းကို ဒီလိုဖတ်ရပါတယ်– ‘သူတို့ [ယေရှဲ၏သားများ] သည် ရောက်လာသောအခါ ဧလျာဘကိုကြည့်ရှု၍၊ စင်စစ် ယေဟောဝါဘုရားသခင်အခွင့်နှင့် [ခန့်အပ်] ခံရသောသူသည် ငါ့ရှေ့မှာ ရှိ၏ဟုဆိုလေသော်၊ ယေဟောဝါက “သူ၏မျက်နှာ သူ၏အရပ်ကိုမကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ။ ထာဝရဘုရားသခင်သည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကိုကြည့်ရှုတတ်သည်” ဟု ရှမွေလအား မိန့်တော်မူ၏။’ ယေရှဲရဲ့သား နောက်ထပ်ခြောက်ယောက်အထိ အဲဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့၊ ရှမွေလရှေ့ကိုခေါ်လာဖို့ သူတို့မစဉ်းစားမိတဲ့ ရှစ်ယောက်မြောက်သား လူငယ်လေး ဒါဝိဒ်ကို မင်းလောင်းအဖြစ် ယေဟောဝါ ရွေးချယ်ခဲ့ပါတယ်။ ပရောဖက်နဲ့ယေရှဲ တွေးထားတာနဲ့ တစ်ခြားစီပါပဲ။—၁ ရာ. ၁၆:၆-၁၂။
ဒီနေ့ခေတ်မှာလည်း လူတွေဟာ အပြင်ပန်းကိုကြည့်ပြီး လွဲမှားစွာ ဆုံးဖြတ်တတ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဂျာမနီနိုင်ငံမှာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ပါမောက္ခတစ်ဦးက ဥပဒေကျောင်းသား ၅၀၀ ကိုခေါ်ပြီး လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေမသိတဲ့ လူ ၁၂ ယောက်ကိုလည်း ခေါ်လိုက်တယ်။ သူတို့တွေထဲမှာ ရဲအရာရှိ၊ အမှုလိုက်ရှေ့နေ၊ တက္ကသိုလ် ဘဏ္ဍာထိန်း၊ လူထုဆက်သွယ်ရေးအရာရှိ၊ ရှေ့နေတချို့၊ တရားရုံးအရာရှိတွေနဲ့ ပြစ်ဒဏ်စီရင်ခံထားရတဲ့ ရာဇဝတ်သား သုံးယောက်တို့ ပါဝင်တယ်။ ဘယ်သူကတော့ အကျဉ်းထောင်သွားဖို့ အမိန့်ချခံထားရသူဖြစ်တယ်၊ ဘာပြစ်မှုနဲ့ဖြစ်တယ်၊ သူတို့တွေရဲ့ သက်မွေးလုပ်ငန်းက ဘာဖြစ်တယ်ဆိုတာတွေကို သူတို့ရဲ့အပြင်ပန်းအသွင်အပြင်နဲ့ သူတို့ပြောတဲ့ ဝါသနာတွေအပေါ်မှာပဲ မူတည်ပြီး ကျောင်းသားတွေ ဆုံးဖြတ်ခဲ့ကြတယ်။
ရလဒ်က ဘာလဲ။ ကျောင်းသား ၇၅ ရာခိုင်နှုန်းခန့်က ရာဇဝတ်သား သုံးယောက်ကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ပျမ်းမျှ ကျောင်းသား ၆၀ ရာခိုင်နှုန်းကတော့ ပြစ်မှုမှတ်တမ်းမရှိတဲ့သူ ကိုးယောက်ကို ဥပဒေချိုးဖောက်သူတွေဆိုပြီး ယူဆခဲ့ကြတယ်။ အမှုလိုက်ရှေ့နေကိုကျတော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူ ဖြစ်နိုင်တယ်ဆိုပြီး ကျောင်းသား ၇ ယောက်မှာ ၁ ယောက်က ယူဆခဲ့ကြတယ်။ ရဲအရာရှိကိုကျတော့ သူခိုးလို့ ယူဆခဲ့ကြတာ ကျောင်း
သား ၃ ယောက်မှာ ၁ ယောက်အထိတောင် ရှိပါတယ်။ ကိုယ်မျက်မှန်းတန်းမိတဲ့ အရာအပေါ် အခြေခံပြီး ဝေဖန်ပိုင်းဖြတ်တာ အလွန်တရာကို လွဲမှားနိုင်တယ်ဆိုတာ ဒီစမ်းသပ်မှုက ဖော်ပြနေပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ။ရုပ်အသွင်အပြင်က လှည့်စားနိုင်
လူတစ်ယောက်ကို ဦးဆုံးအကြိမ် တွေ့ပြီဆိုရင် ကိုယ့်ရဲ့ အရင်အတွေ့အကြုံအပေါ် မူတည်ပြီး သူကတော့ ဒီလိုလူစားမျိုးပဲ ဖြစ်ရမယ်လို့ ညီမျှခြင်း ချတတ်ကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒါဆိုရင်တော့ ဒီလိုပဲဖြစ်ရမယ်ဆိုပြီး ပုံသေကားကျ ယူမှတ်တတ်ကြတယ်။ ရုပ်အသွင်အပြင်လောက်ပဲ မဟုတ်ပါဘူး၊ လူမျိုး၊ လူမှုအသိုင်းအဝိုင်း ဒါမှမဟုတ် ဘာသာတရားအပေါ် အခြေခံပြီးတော့လည်း လူတွေကို ဝေဖန်ပိုင်းဖြတ်တတ်ပါတယ်။
တကယ်လို့ ကျွန်ုပ်တို့ ဝေဖန်ပိုင်းဖြတ်တာ မှန်သွားတယ်ဆိုရင် ကိုယ့်အမြင်က မှန်ကန်တိကျတယ်လို့ ယူမှတ်ပြီး အပြင်ပန်းကိုကြည့်ကာ ဆုံးဖြတ်နိုင်တဲ့အစွမ်းကို ပိုပြီး ယုံကြည်စိတ်ချလာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကောက်ချက်က တက်တက်စင်အောင် လွဲသွားတယ်ဆိုတာ သိလိုက်ရရင်ကော ဘယ်လိုတုံ့ပြန်ကြမလဲ။ ကျွန်ုပ်တို့က ရိုးသားမှုရှိတယ်ဆိုရင် ကိုယ့်ရဲ့ ကြိုတင်ခန့်မှန်းချက်တွေကို စွန့်လွှတ်သင့်ပြီး အဖြစ်မှန်ကို လက်ခံဖို့ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် တခြားသူတွေကို အကြီးအကျယ်ထိခိုက်နစ်နာအောင် လုပ်မိစေနိုင်တယ် ဒါမှမဟုတ် ကြီးလေးတဲ့အမှားတောင် ပြုကျင့်မိနိုင်တယ်။ အဲဒါတွေအားလုံးက စိတ်နေမြင့်ပြီး အကောင်းဆုံးလို့ထင်ထားတဲ့ ကိုယ့်ရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့ ဝေဖန်ပိုင်းဖြတ်လို့ပဲ ဖြစ်ပါတယ်။
အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်တာက ဆုံးဖြတ်ခံရတဲ့သူကိုသာမက ဆုံးဖြတ်တဲ့သူကိုပါ ထိခိုက်နစ်နာစေနိုင်ပါတယ်။ ဥပမာ၊ ယေရှုဟာ ကျမ်းစာမှာကြိုပြောထားတဲ့ မေရှိယ (ဘုရားသခင်ရဲ့ ခန့်အပ်ခြင်းခံရသူ) ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ပထမရာစုမှာ အသက်ရှင်ခဲ့တဲ့ ဂျူးများစွာ ငြင်းပယ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲ။ ယေရှုဟာ လက်သမားရဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတာကိုပဲ သူတို့တွေ့မြင်ခဲ့ပြီး အဲဒီအပြင်ပန်းကိုအခြေခံကာ ပိုင်းဖြတ်ခဲ့လို့ပါပဲ။ အဲဒီဂျူးတွေဟာ ယေရှုရဲ့ ပညာရှိစကားတွေနဲ့ တန်ခိုးပါတဲ့လုပ်ရပ်တွေကို စွဲမှတ်သွားပေမဲ့လည်း ယေရှုနဲ့ပတ်သက်ရင် သူတို့ ဝေဖန်ပိုင်းဖြတ်ထားပြီးဖြစ်တယ်၊ အဲဒါထက်မပိုဘူးလို့ ယူဆတဲ့အတွက် ယေရှုကို သူတို့ မယုံကြည်ခဲ့ကြတာပါ။ သူတို့ရဲ့ အဲဒီလိုစိတ်ဓာတ်တွေကြောင့် ယေရှုဟာ တခြားသူတွေကို ဟောပြောခဲ့ပြီး ဒီလိုပြောတယ်– “ပရောဖက်သည် မိမိ၏နေရင်းဒေသ၊ မိမိ၏အိမ်မှတစ်ပါး အခြားအရပ်၌ ဂုဏ်အသရေရှိ၏။”—မဿဲ ၁၃:၅၄-၅၈။
မေရှိယကို ရာစုနှစ်များစွာ စောင့်ကြိုနေခဲ့ကြတဲ့လူတွေထဲမှာ ပထမရာစုက အဲဒီဂျူးတွေ ပါဝင်ပါတယ်။ အပြင်ပန်း မြင်တွေ့ရာရဲ့ လွှမ်းမိုးမှုကြောင့် မေရှိယကို အသိအမှတ်မပြုနိုင်တော့ဘဲ နောက်ဆုံးမှာ ဘုရားသခင့်မျက်နှာသာ သူတို့ ဆုံးရှုံးသွားခဲ့ရတယ်။ (မဿဲ ၂၃:၃၇-၃၉) ယေရှုနောက်လိုက်တွေလည်း ယေရှုလိုပဲ မလိုမုန်းထားမှုတွေကို ကြုံတွေ့ခဲ့ရတယ်။ ယေရှုရဲ့နောက်လိုက်တွေဟာ နိမ့်ကျတဲ့ တံငါသည်တွေဖြစ်တဲ့အတွက် ပညာတတ်လူတန်းစားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အထင်သေးခြင်းခံခဲ့ရတယ်။ ဒီလိုလူတွေဆီမှာ သူတို့အတွက် အရေးကြီးတဲ့စကား ပါနိုင်စရာအကြောင်းမရှိဘူးဆိုပြီး ဂျူးများစွာ ယူဆခဲ့ကြတယ်။ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လိုက်တဲ့အတွက် ဘုရားသခင့်သားတော်ရဲ့ နောက်လိုက်ဖြစ်ရမယ့် အခွင့်ထူးကြီးကို အဲဒီအချိန်ကဂျူးတွေ ဆုံးရှုံးခဲ့ရတယ်။—ယောဟန် ၁:၁၀-၁၂။
လူတချို့ စိတ်သဘောထား ပြောင်းလဲခဲ့ကြ
သက်သေအထောက်အထားတွေ မြင်တွေ့ရတဲ့အခါ စိတ်သဘောထားပြောင်းလဲခဲ့ကြတဲ့ ယေရှုနဲ့ တစ်ချိန်တည်းမှာ အသက်ရှင်ခဲ့တဲ့ နှိမ့်ချသူတွေလည်း ရှိခဲ့ပါတယ်။ (ယောဟန် ၇:၄၅-၅၂) အဲဒီထဲမှာ ယေရှုရဲ့မိသားစုဝင် အတော်များများလည်း ပါတယ်။ သူတို့တွေလည်း အစပိုင်းမှာ သူတို့ရဲ့ဆွေမျိုးတွေထဲက တစ်ယောက်ယောက်ဟာ မေရှိယ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အလေးအနက် မစဉ်းစားခဲ့ကြဘူး။ (ယောဟန် ၇:၅) ချီးကျူးစရာက အချိန်တန်တဲ့အခါ သူတို့ရဲ့စိတ်သဘောထားကို ပြောင်းလဲခဲ့ကြပြီး ယေရှုကို ယုံကြည်ခဲ့ကြတယ်။ (တမန်တော် ၁:၁၄; ၁ ကောရိန္သု ၉:၅; ဂလာတိ ၁:၁၉) အဲဒီလိုပါပဲ၊ နှစ်အတော်ကြာပြီးတဲ့နောက် ရောမမြို့မှာရှိတဲ့ ဂျူးအသိုင်းအဝိုင်းက ကိုယ်စားလှယ်တချို့ဟာ တမန်တော်ပေါလုအကြောင်း ဆန့်ကျင်သူတွေ ဖြန့်ထားတဲ့ ကောလာဟလတွေကို မယုံဘဲ ပေါလုပြောတာကို ကိုယ်တိုင်ကိုယ်ကျ နားထောင်လိုခဲ့ကြတယ်။ ပေါလုပြောတာ နားထောင်ပြီးတဲ့နောက်မှာ တချို့က ယုံကြည်သူတွေဖြစ်လာကြပါတယ်။—တမန်တော် ၂၈:၂၂-၂၄။
ကနေ့လည်း လူများစွာဟာ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး အပျက်သဘောရှုမြင်ကြတယ်။ ဘာကြောင့်ပါလဲ။ ကိစ္စအများစုမှာ၊ သက်သေခံတွေရဲ့ ယုံကြည်ချက်နဲ့ အလေ့အထတွေက ကျမ်းစာနဲ့ဆန့်ကျင်တယ်ဆိုတဲ့ အချက်တွေကို သူတို့ လေ့လာသုံးသပ်ခဲ့လို့ ဒါမှမဟုတ် သက်သေထူနိုင်ခဲ့လို့ မဟုတ်ပါဘူး။ သူတို့တွေက ယေဟောဝါသက်သေတွေဆီမှာ ဘာသာတရားနဲ့ပတ်သက်တဲ့ အမှန်တရားတွေ ရှိတယ်ဆိုတာကို မယုံကြည်နိုင်ကြလို့ပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အပေါ်ပိုင်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်းပဲ ပထမရာစုအချိန်ကလူတွေ အစောပိုင်းခရစ်ယာန်တွေအပေါ် ရှုမြင်ပုံနဲ့ တစ်ထပ်တည်းကျနေတယ် မဟုတ်ဘူးလား။
ယေရှုရဲ့နောက် လိုက်ဖို့ ကြိုးစားတဲ့သူတွေကို ဆန့်ကျင်ပြီး အထင်အမြင်သေးမယ်ဆိုတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ ယေရှုက သူ့ရဲ့စစ်မှန်တဲ့ နောက်လိုက်တွေကို ဒီလိုသတိပေးခဲ့လို့ပါပဲ– “လူခပ်သိမ်းတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။” ဒါပေမဲ့ ဒီလိုစကားတွေနဲ့ ပြန်အားပေးပါတယ်– “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသူသည် ကယ်တင်ခြင်းရလိမ့်မည်။”—မဿဲ ၁၀:၂၂။
ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကမ္ဘာတစ်ဝန်း ပျံ့နှံ့အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) သတင်းကောင်းပြောပြတာကို နားမထောင်တဲ့သူတွေဟာ ထာဝရအသက်ရမယ့်လမ်းပေါ် လျှောက်လှမ်းနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားမှာဖြစ်တယ်။ (ယောဟန် ၁၇:၃) သင်ကော။ အပြင်ပန်းကိုကြည့်ပြီး ကြိုတင်ဝေဖန်ပိုင်းဖြတ်ထားတဲ့အရာကိုပဲ ယုံကြည်စိတ်ချမလား ဒါမှမဟုတ် အမြင်ကျယ်ကျယ်နဲ့ အချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်မလား။ ဒီတစ်ချက်ကို သတိရပါ– အပြင်ပန်းအသွင်အပြင်က လှည့်စားနိုင်သလို အမြင်နဲ့မှန်းဆတဲ့ အရာတွေကလည်း မှားယွင်းနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို ဘက်မလိုက်တမ်း လေ့လာဆန်းစစ်ခြင်းက အကျိုးများစွာ ရရှိစေနိုင်ပါတယ်။—တမန်တော် ၁၇:၁၀-၁၂။
[စာမျက်နှာ ၁၁ မှ ရုပ်ပုံ]
ဂျူးများစွာဟာ အပြင်ပန်းကိုကြည့်ပြီး ဝေဖန်ပိုင်းဖြတ်ခဲ့လို့ ယေရှုကို မေရှိယအဖြစ် လက်မခံဘဲ ငြင်းပယ်ခဲ့
[စာမျက်နှာ ၁၁ မှ ရုပ်ပုံ]
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး သင့်ရှုမြင်ချက်က အပြင်ပန်းကို အခြေခံတာလား ဒါမှမဟုတ် အချက်အလက်တွေအပေါ်မှာ အခြေခံတာလား