ယေရှုကို မေးကြည့်ရအောင်
ယေရှုကို မေးကြည့်ရအောင်
ဘုရားသခင်ကို တကယ်ကြောက်ရွံ့သူ အတော်များများက ဘာသာတရားဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်တယ်လို့ ယူဆကြတယ်။ လူ့ပြဿနာတွေကို ဘာသာတရားကလည်း ဖြေရှင်းပေးနိုင်တယ်လို့ သူတို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ စိတ်ရင်းမှန်တဲ့ ဝတ်ပြုသူတချို့ကျတော့ ဘာသာတရားနဲ့ နိုင်ငံရေးက သတ်သတ်စီ ဖြစ်သင့်တယ်လို့ ယူဆတယ်။ သင်ကော ဘယ်လို ယူဆပါသလဲ။ ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်ပါသလား။ ဘာသာရေးနဲ့ နိုင်ငံရေး အတူတူ ပူးပေါင်းလုပ်ဆောင်သင့်ပါသလား။
ယေရှုခရစ်ကို “လူ့သမိုင်းတစ်လျှောက် ဘာသာတရားကဏ္ဍမှာ ဩဇာအညောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး” အဖြစ် ဖော်ပြကြပါတယ်။ ဒါဆိုရင် ဘာသာတရားက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလားလို့ ယေရှုကို ကျွန်ုပ်တို့ မေးလိုက်တယ်ဆိုပါစို့။ ယေရှု ဘယ်လိုပြန်ဖြေမလဲ။ ယေရှု ကမ္ဘာပေါ်ရှိတုန်းက အဲဒီမေးခွန်းကို အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ဖြေဆိုပေးခဲ့ပါတယ်။ ဥပမာ၊ လူမှုအသိုင်းအဝိုင်းမှာ ယေရှုရဲ့နောက်လိုက်တွေ ဘာလုပ်သင့်တယ် ဆိုတာနဲ့ပတ်သက်ပြီး သူတို့အတွက် အကူအညီဖြစ်စေမယ့် လမ်းညွှန်ချက်တွေကို ယေရှုက သူ့ရဲ့ကျော်ကြားတဲ့ တောင်ပေါ်တရားတော်မှာ ပေးခဲ့တယ်။ အဲဒီတောင်ပေါ်တရားတော်ကနေ အချက်တချို့ကို သုံးသပ်ကြည့်ကြစို့။
လူတွေနဲ့ ထိတွေ့ဆက်ဆံပါ
ယေရှုရဲ့ နောက်လိုက်တွေအနေနဲ့ ဒီလောကအပေါ် ထားသင့်တဲ့ သဘောထားကို ယေရှု ဒီလို ဖော်ပြခဲ့တယ်– “သင်တို့သည် မြေကြီး၏ဆား ဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ကင်းပျောက်လျှင် အငန်ဓာတ် မည်သို့ ပြန်ရနိုင်မည်နည်း။ အပြင်သို့ပစ်လိုက်၍ အနင်းခံရရုံမှတစ်ပါး မည်သို့မျှ အသုံးမဝင်တော့။ သင်တို့သည် လောက၏အလင်း ဖြစ်ကြ၏။ . . . သင်တို့၏ ကောင်းသော အကျင့်များကို သူတစ်ပါးတို့သည် မြင်၍ ကောင်းကင်ဘုံရှိ သင်တို့အဖ၏ ဘုန်းတော်ကို ချီးမွမ်းစေရန် သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့။” (မဿဲ ၅:၁၃-၁၆) နောက်လိုက်တွေကို ယေရှု ဘာဖြစ်လို့ ဆား၊ အလင်းနဲ့ နှိုင်းယှဉ်ခဲ့တာလဲ။
ယေရှုရဲ့စကားတွေက သူ့နောက်လိုက်တွေဟာ အုပ်စုငယ်လေးတစ်စုအတွက်သာ မဟုတ်ဘဲ လူသားထုကြီးတစ်ခုလုံးအတွက် ဆားနဲ့တူတဲ့အရာ ဖြစ်ရမယ်။ သူတို့တွေဟာ အလင်းလို ထွန်းလင်းနေရမယ်၊ ထွန်းလင်းတဲ့အခါမှာလည်း လူနည်းစုအတွက်လောက်ပဲ မဟုတ်ဘူး၊ ဆန္ဒရှိသူအားလုံး ရှင်းရှင်းလင်းလင်း မြင်လို့ရအောင် ထွန်းလင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလို နှိုင်းယှဉ်ချက်တွေကိုကြည့်ရင် ယေရှုဟာ သူ့နောက်လိုက်တွေကို လူ့အသိုင်းအဝိုင်းနဲ့ လုံးဝမပတ်သက်ဘဲနေတာမျိုး မဖြစ်စေချင်ဘူးဆိုတာ ရှင်းနေပါတယ်။ ဘာဖြစ်လို့လဲ။
ဒီအချက်ကို သတိပြုပါ– ဆားက အစားအစာနဲ့ မရောဘူးဆိုရင် အဲဒီအစားအသောက်ကို မပုပ်မသိုးအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ မီးအိမ်က အခန်းနဲ့ ဝေးတဲ့နေရာမှာ ရှိနေရင် အဲဒီအခန်းကို အလင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ယေရှုဟာ သူ့တပည့်တွေကို လူတွေမရှိတဲ့ ကမ္ဘာ့အစွန်အဖျားဒေသမှာ သွားနေပြီး ကိုယ့်ယုံကြည်သူအသိုင်းအဝိုင်း တည်ထောင်ဖို့ မမိန့်မှာရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ကိုယ်နဲ့ဘာသာမတူရင် ပြောဆိုဆက်ဆံတာမျိုး လုံးဝမလုပ်ဖို့လည်း ယေရှု မမိန့်မှာခဲ့ပါဘူး။ ဆားက အစားအသောက်နဲ့ ထိတွေ့ဖို့ လိုအပ်သလို၊ အလင်းက အမှောင်ကို ဖယ်ရှားဖို့ လိုအပ်သလို ခရစ်ယာန်တွေကလည်း တခြားသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ လိုအပ်မှာဖြစ်ပါတယ်။
“လောကနှင့် မသက်ဆိုင်ကြ”
ဒါပေမဲ့ ခရစ်ယာန်တစ်ဦး နိုင်ငံရေးအပေါ် ထားသင့်တဲ့ သဘောထားနဲ့ပတ်သက်ပြီး အရေးကြီးတဲ့မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ဘာမေးခွန်းလဲ။ ယေရှုက သူမသေခင် သူ့နောက်လိုက်တွေအတွက် ဘုရားသခင်ဆီ ဒီလိုဆုတောင်းပေးခဲ့ပါတယ်– “သူတို့ကို ဤလောကမှ နုတ်ယူရန် တောင်းလျှောက်သည် မဟုတ်ပါ။ ဆိုးညစ်သူ၏လက်မှ စောင့်ရှောက်တော်မူပါရန် တောင်းလျှောက်ပါ၏။ ကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။” (ယောဟန် ၁၇:၁၅၊ ၁၆) ဒါဆိုရင် ခရစ်ယာန်တွေဟာ ဒီလောကနဲ့ မပတ်သက်ရသလို တစ်ချိန်တည်းမှာ ကိုယ့်လူမှုအသိုင်းအဝိုင်းနဲ့လည်း ထိတွေ့ဆက်ဆံရမယ်ဆိုတော့ ဒီကိစ္စက ဖြစ်နိုင်ပါ့မလား။ အဖြေရနိုင်ဖို့ နောက်ထပ်မေးခွန်း သုံးခုကို သုံးသပ်ကြည့်ကြစို့။
• ယေရှုက နိုင်ငံရေးကို ဘယ်လို ရှုမြင်ခဲ့သလဲ။
• ကနေ့ခေတ် ခရစ်ယာန်တွေကော ဘယ်လို ရှုမြင်သင့်သလဲ။
• ခရစ်ယာန်သွန်သင်ချက်တွေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ယေရှုဟာ သူ့နောက်လိုက်တွေကို လူ့အသိုင်းအဝိုင်းနဲ့ လုံးဝ မပတ်သက်ဘဲ နေတာမျိုး မဖြစ်စေချင်ဘူး