သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတစ်ဦး အရက်အလွန်အကျွံသောက်တာကို ဖြတ်နိုင်အောင်နဲ့ သူ့မိသားစုအခြေအနေ တိုးတက်အောင် ဘာက ကူညီပေးခဲ့သလဲ။ ဩစတြေးလျနိုင်ငံက ကရာတေးကို အရူးအမူးစွဲလန်းသူတစ်ယောက် ငြိမ်သက်အေးဆေးတဲ့ သတင်းကောင်းဟောပြောသူတစ်ဦး ဘယ်လိုနည်းနဲ့ ဖြစ်လာသလဲ။ အဲဒီပုဂ္ဂိုလ်တွေ ပြောတဲ့စကားတွေကို ဖတ်ကြည့်ပါ။
“ချက်ချင်းလက်ငင်းတော့ မပြုပြင်နိုင်ဘူး။”—ကာမဲန် အယ်လီဂရေး
မွေးဖွားတဲ့နှစ်– ၁၉၄၉
နေရင်းနိုင်ငံ– ဖိလစ်ပိုင်
နောက်ခံ– အရက် အလွန်အကျွံသောက်သူ
အတိတ်– ကာမာရီနပ်စ်ဆာ ခရိုင်ထဲက စန်ဖာနန်ဒိုမြို့မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အရွယ်ရောက်တော့ ရီဇယ်ခရိုင်က အန်တီပိုလိုမြို့မှာ နေထိုင်ခဲ့တယ်။ ကျွန်မ အန်တီပိုလိုမြို့ကို ပြောင်းလာတဲ့အချိန်မှာ အဲဒီမြို့လေးဟာ တောင်တန်းတွေ၊ သစ်ပင်တွေနဲ့ဖုံးလွှမ်းပြီး စိမ်းလန်းစိုပြည် အေးဆေးတဲ့မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ မှောင်စပျိုးပြီဆိုရင် အပြင်မှာ လူတွေကို မတွေ့ရသလောက်ပါပဲ။ ဒါပေမဲ့ အခုဆိုရင်တော့ အဲဒီအန်တီပိုလိုမြို့ဟာ လူတွေစည်ကားတဲ့ မြို့တစ်မြို့ဖြစ်နေပါပြီ။
ကျွန်မ အန်တီပိုလိုမြို့ကို ပြောင်းလာပြီးနောက်ပိုင်းမှာ ဘင်ဂျမင်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးနဲ့ခင်မင်ခဲ့တယ်၊ နောက်ပိုင်းမှာ ကျွန်မတို့ လက်ထပ်လိုက်ကြတယ်။ အိမ်ထောင်သည်ဘဝဟာ ကျွန်မထင်ထားတာထက် ပိုခက်ခဲနေပါလား။ ပြဿနာတွေကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နင်းကန်သောက်တယ်။ ဒါနဲ့ ခင်ပွန်းနဲ့ ကလေးတွေကို ဆက်ဆံတဲ့အခါ ကျွန်မဟာ လူ့ခွစာတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာတယ်။ သူတို့နဲ့ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သလို စိတ်လည်း မရှည်ဘူး။ ကျွန်မခင်ပွန်းကိုလည်း မလေးမခန့်နဲ့ ဆက်ဆံတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့ မိသားစုဘဝဟာ ပျော်စရာ ဘာတစ်ခုမှမရှိဘူး။
သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ– အီဒီသာလို့ခေါ်တဲ့ ကျွန်မရဲ့ယောက်မက ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး ဘင်ဂျမင်နဲ့ ကျွန်မကို သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖို့ တိုက်တွန်းတယ်။ ကျွန်မတို့အိမ်ထောင်ရေး တိုးတက်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယောက်မပြောတဲ့အတိုင်း ကျွန်မတို့ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာခဲ့ကြတယ်။
ကျွန်မတို့ ကျမ်းစာလေ့လာတာနဲ့အမျှ တကယ့်ကို ကောင်းမွန်တဲ့ အမှန်တရားတွေကို သိရှိလာတယ်။ အထူးသဖြင့် ဗျာဒိတ် ၂၁:၄ မှာပါတဲ့ စကားတွေက ကျွန်မစိတ်ကို ထိမိခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ဖြစ်လာမယ့် သာယာလှပတဲ့မြေကြီးပေါ် နေထိုင်မယ့်သူတွေ ခံစားရမယ့်ကောင်းချီးကို အဲဒီအခန်းငယ်က ဒီလိုပြောတယ်– ဘုရားသခင်သည် “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” အဲဒီလိုဖြစ်လာမယ့်အချိန်မှာ ကျွန်မလည်း ရှိနေချင်လိုက်တာ။
ဒါနဲ့ ကျွန်မရဲ့စိတ်ထားနဲ့ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာ သိမြင်လာတယ်။ ချက်ချင်းလက်ငင်းတော့ မပြုပြင်နိုင်ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မ အရက်ဖြတ်နိုင်ခဲ့တယ်။ ကျွန်မရဲ့မိသားစုကို ကြင်ကြင်နာနာနဲ့ စိတ်ရှည်ရှည် ပြောဆိုဆက်ဆံဖို့ လိုအပ်တာကိုလည်း သိရှိလာတယ်။ ဒါ့အပြင်၊ ကျွန်မခင်ပွန်းကို ရိုသေလေးစားဖို့၊ မိသားစုကို သူဦးဆောင်တဲ့အခါ သူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့လည်း သိရှိလာရတယ်။
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးတွေကို ဘင်ဂျမင်နဲ့ ကျွန်မ စတက်တဲ့အချိန်မှာ ကျွန်မတို့မြင်လိုက်ရတဲ့အရာတွေကြောင့် စိတ်ထိမိသွားတယ်။ သက်သေခံတွေဟာ လောင်းကစားလုပ်တာ၊ အရက်အလွန်အကျွံသောက်တာနဲ့ မျက်နှာလိုက်တာတွေလည်း မရှိဘူး။ သူတို့ဟာ လူတိုင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ လေးလေးစားစား ဆက်ဆံကြတယ်။ ကျွန်မတို့တော့ စစ်မှန်တဲ့ဘာသာကို တွေ့ပြီလို့ တစ်ထစ်ချ ယုံကြည်လိုက်တယ်။—အကျိုးကျေးဇူးရရှိခဲ့ပုံ– အံ့ဩစရာက ကျွန်မရဲ့ မိသားစုအခြေအနေ တိုးတက်လာတာပဲ။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးအဆင်ပြေလာတယ်၊ တခြားသူတွေကို ကျမ်းစာသင်ပေးရတာကိုလည်း ပျော်တယ်။ ကျွန်မတို့ရဲ့ သားနှစ်ယောက်နဲ့ ချွေးမနှစ်ယောက်လည်း ကျမ်းစာစလေ့လာနေပြီ။ သူတို့လည်း အချိန်တန်ရင် ကျွန်မတို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက အကောင်းဆုံးဘဝလမ်းစဉ်ပါပဲ။
“ကျွန်တော့်ကို ဘယ်သူမှ အလဲထိုးနိုင်မှာ မဟုတ်ဘူး။”—မိုက်ကယ် ဘလန်စ်ဒန်
မွေးဖွားတဲ့နှစ်– ၁၉၆၇
နေရင်းနိုင်ငံ– ဩစတြေးလျ
နောက်ခံ– ကရာတေး အရူးအမူးစွဲလန်းသူ
အတိတ်– ကျွန်တော်ဟာ အော်ဘရီမြို့မှာ ကြီးပြင်းလာသူပါ။ အော်ဘရီမြို့ဟာ နယူးဆောက်ဝေးလ်ပြည်နယ်က လှပပြီး ကြွယ်ဝချမ်းသာတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ တခြားမြို့တွေလိုပဲ ရာဇဝတ်မှုတော့ရှိပေမဲ့ တစ်မြို့လုံးအနေနဲ့ ခြုံပြောရရင်တော့ အေးဆေးငြိမ်သက်တဲ့မြို့လို့ လူသိများကြတယ်။
ကျွန်တော်ဟာ ဘာအပူအပင်မှမရှိဘဲ ကြီးပြင်းလာတဲ့သူပါ။ ကျွန်တော့်အသက် ခုနစ်နှစ်အရွယ်မှာ မိဘတွေ ကွာရှင်းလိုက်ကြပေမဲ့ အစ်ကို၊ အစ်မ၊ ညီမလေးနဲ့ ကျွန်တော်တို့ကို ဘာမှလိုလေသေးမရှိအောင် မိဘတွေ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ဒေသက အကောင်းဆုံးကျောင်းမှာ ပညာသင်ခွင့်ရခဲ့တယ်။ အဖေက ကျွန်တော့်ကို ကျောင်းပြီးသွားရင် စီးပွားရေးလုပ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်က အားကစားဘက်မှာ ပိုပြီးစိတ်ထက်သန်နေတယ်။ ကျွန်တော် စိတ်အဝင်စားဆုံးက ပြိုင်ဘီးစီးတာနဲ့ ကရာတေးပဲ။ ကားဝပ်ရှော့တစ်ခုမှာ ကျွန်တော် အလုပ်ဝင်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအလုပ်က ကျွန်တော်စိတ်ဝင်စားတဲ့ အားကစားအတွက် ပိုပြီးအချိန်ပေးနိုင်လို့ပါ။
ကျွန်တော်ဟာ ကိုယ့်ရဲ့ကာယပိုင်း ကျန်းမာကြံ့ခိုင်မှုအတွက် ဂုဏ်ယူနေတာ။ ကျွန်တော့်ကို ဘယ်သူမှ အလဲထိုးနိုင်မှာ မဟုတ်ဘူးလို့ တစ်ခါတလေ ခံစားမိတယ်။ ကျွန်တော့်ရဲ့ ခွန်အားကိုသုံးပြီး ကရာတေးပညာနဲ့ တခြားသူတွေကို အသာလေး တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ပညာကို တလွဲမသုံးမိအောင် မနည်းထိန်းချုပ်နေရတာကို ကျွန်တော့်ရဲ့ ကရာတေးနည်းပြ သိထားတဲ့အတွက် ကျင့်ဝတ်တွေ သင်ပေးပြီး ကောင်းကောင်းဆုံးမတယ်။ နာခံမှုနဲ့ သစ္စာစောင့်သိမှုက ဘယ်လောက်အရေးကြီးတယ် ဆိုပြီးတော့လည်း ခဏခဏ ပြောပြတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ကျွန်တော် ကျမ်းစာစလေ့လာတဲ့အခါ ယေဟောဝါဘုရားသခင်က အကြမ်းဖက်မှုတွေကို မုန်းတယ်ဆိုတာ သိလိုက်ရတယ်။ (ဆာလံ ၁၁:၅) ပထမတော့ ကရာတေးက အကြမ်းဖက်တဲ့လုပ်ရပ်ထဲမှာ မပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်တဲ့ အားကစားနည်းတစ်မျိုးပါလို့ ဆင်ခြေပေးခဲ့တယ်။ ကရာတေးကစားနည်းက မွန်မြတ်တဲ့ အကျင့်အကြံတွေကို အားပေးတဲ့နည်းတစ်ခုဖြစ်ပြီး အဲဒါက ကျမ်းစာသွန်သင်တဲ့အရာတွေနဲ့ တော်တော်လေး ကိုက်ညီမှုရှိတယ်လို့ ကျွန်တော် ယူမှတ်ခဲ့တယ်။ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံမောင်နှံက အရမ်းစိတ်ရှည်တယ်။ ကိုယ်ခံပညာကို စွန့်လွှတ်လိုက်ဆိုပြီး ဘယ်တော့မှ မပြောဘူး။ ကျမ်းစာအမှန်တရားကိုပဲ ဆက်သင်ပေးခဲ့တယ်။
မဿဲ ၂၆:၅၂ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ဒီစကားက ကျွန်တော့်ကို ထိမိသွားတယ်– “ဓားကိုကိုင်သောသူရှိသမျှသည် ဓားဖြင့် ဆုံးရလိမ့်မည်။”
ကျွန်တော် ကျမ်းစာအကြောင်း ပိုသိလာပြီး ယေဟောဝါဘုရားသခင်နဲ့ ပိုရင်းနှီးလာတဲ့အခါ ကိစ္စရပ်တွေကို တခြားရှုထောင့်ကနေ ကြည့်မြင်တတ်လာတယ်။ ဘုရားသခင့်သားတော် ယေရှုပြခဲ့တဲ့ စံနမူနာကို ကျွန်တော် သိမြင်လာတဲ့အခါ အရမ်းစိတ်စွဲမှတ်သွားတယ်။ ယေရှုဟာ အစွမ်းတန်ခိုးကြီးသူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်တော့မှ အကြမ်းမဖက်ခဲ့ဘူး။ယေဟောဝါအကြောင်း ပိုသိလာလေ ကိုယ်တော့်ကို ချစ်တဲ့စိတ်နဲ့ ရိုသေလေးစားစိတ်က ပိုများလာလေပဲ။ ဒီလောက်ပညာရှိပြီး တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်က ကျွန်တော့်ကို ဂရုစိုက်နေတယ်ဆိုတာ စဉ်းစားမိတဲ့အခါ နွေးထွေးမှုခံစားရတယ်။ အမှန်တရားကို သင်ယူဖို့ အပြောင်းအလဲတွေလုပ်ရတာ သိပ်ခက်တယ်လို့ ထင်တဲ့အခါ ဒါမှမဟုတ် ဘုရားသခင်ကို စိတ်ပျက်စေတဲ့အခါမှာတောင် ကျွန်တော့်ဘက်က ဆက်ကြိုးစားနေသရွေ့ ကျွန်တော့်ကို ကိုယ်တော် မစွန့်ပစ်ဘူးဆိုတဲ့အချက်ကလည်း စိတ်ထိမိစေတယ်။ ကိုယ်တော်ရဲ့ ဒီကတိစကားကနေ နှစ်သိမ့်မှု ခံစားရတယ်– “သင်၏ဘုရားသခင်ထာဝရဘုရားက ‘မစိုးရိမ်နှင့်။ ငါမစမည်’ ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်။” (ဟေရှာယ ၄၁:၁၃) အဲဒီလိုမေတ္တာမျိုးနဲ့ အချစ်ခံရတယ်ဆိုတာ နားလည်လိုက်တဲ့အခါ အဲဒီမေတ္တာကို အဆုံးရှုံးမခံနိုင်တော့ပါဘူး။
ကရာတေးကစားနည်းကို စွန့်လွှတ်ဖို့ဆိုတာ ကျွန်တော့်အတွက် အခက်ခဲဆုံးပဲ။ ဒါပေမဲ့ အဲဒီကစားနည်းကို စွန့်လွှတ်လိုက်တာက ယေဟောဝါကို ပျော်စေမယ်ဆိုတာကိုလည်း သိတယ်၊ ကိုယ်တော့်ကို ဝတ်ပြုတာက ဘယ်ကိုယ်ကျိုးစွန့်မှုထက်မဆို ပိုသာလွန်တယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်တယ်။ “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဆိုတဲ့ မဿဲ ၆:၂၄ က ယေရှုရဲ့စကားကို ကျွန်တော် နောက်ဆုံးမှာ နားလည်လာတယ်။ ယေဟောဝါကို အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ရင်း ကရာတေးကိုလည်း ဆက်ကစားတာက မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို သခင်နှစ်ဦးအစေခံတဲ့အခါ ကရာတေးဘက်ကိုပဲ ကျွန်တော် ဦးစားပေးနေမိတယ်။ ဘယ်သူ့ကို သခင်အဖြစ် ရွေးချယ်ရမလဲဆိုတဲ့အချိန် ရောက်လာပါပြီ။
ကရာတေးကို စွန့်လွှတ်ဖို့ဆိုတာ မလွယ်တဲ့အတွက် အရမ်းစိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ကရာတေးကို စွန့်လွှတ်တာက ဘုရားသခင်ရဲ့စိတ်ကို ပျော်စေတယ်ဆိုတာ သိရလို့ ကျွန်တော် ကျေနပ်မိပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ကျွန်တော့်ရဲ့ ကရာတေးနည်းပြကို သစ္စာဖောက်ရာကျတယ်လို့လည်း ခံစားရပြန်တယ်။ ကိုယ်ခံပညာတတ်တဲ့သူတွေ အသိုင်းအဝိုင်းမှာ သစ္စာဖောက်တဲ့သူကို ခွင့်မလွှတ်နိုင်တဲ့အပြစ် ကျူးလွန်သူအဖြစ် ယူမှတ်ကြတယ်။ တချို့ဆိုရင် အရှက်တကွဲ မဖြစ်ချင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတောင် ရှိသေးတယ်။
ကျွန်တော် ဘာဖြစ်လို့ ကရာတေးကစားနည်းကို စွန့်လွှတ်ရတယ်ဆိုတာ နည်းပြကို ရှင်းပြရမယ်ဆိုတဲ့ အတွေးက ကျွန်တော့်ကို အရမ်းစိတ်အနှောင့်အယှက်ပေးတယ်။ ဒါနဲ့ သွားမရှင်းပြတော့ဘဲ နည်းပြအပါအဝင် တခြား ကရာတေးကစားဖော်တွေနဲ့ အဆက်အသွယ် လုံးဝဖြတ်ပစ်လိုက်တယ်။ ကရာတေးကို စွန့်လွှတ်လိုက်တာက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်အသစ်ကို တခြားသူတွေကို ရှင်းပြဖို့ အခွင့်အရေးရရဲ့သားနဲ့ မရှင်းပြခဲ့တော့ အပြစ်ရှိသလို ခံစားရပြန်တယ်။ ကျွန်တော်ဟာ ဘုရားသခင်ကို ဝတ်မပြုခင်ကတည်းက ကိုယ်တော်ကို စိတ်ပျက်စေနေပြီဆိုပြီး ဝမ်းနည်းခဲ့ရတယ်။ အဲဒီလိုခံစားချက်တွေက ကျွန်တော့်ကို စိတ်ဒုက္ခရောက်စေခဲ့တယ်။ ယေဟောဝါဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းရင်းနဲ့ နာကျင်ခံစားရလွန်းလို့ မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေကလည်း မနည်းတော့ဘူး။
အသင်းတော်က ညီအစ်ကိုညီအစ်မတွေ ကျွန်တော့်ဘေးမှာ ဝိုင်းဝန်းကူညီဖေးမအောင် ယေဟောဝါ လှုံ့ဆော်ပေးတဲ့အတွက် ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ကောင်းကွက်တစ်ခုခုကို တွေ့နေတာပဲဖြစ်ရမယ်။ ညီအစ်ကိုတွေရဲ့ မေတ္တာ၊ နှစ်သိမ့်မှုနဲ့ ခင်မင်ရင်းနှီးမှုတွေက ပြောမပြတတ်အောင်ပါပဲ။ ဒါဝိဒ်နဲ့ ဗာသရှေဘတို့ရဲ့ ကျမ်းစာမှတ်တမ်းကနေလည်း နှစ်သိမ့်မှု ခံစားခဲ့ရတယ်။ ဒါဝိဒ်ဟာ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ခဲ့ပေမဲ့ သူ့ရဲ့စစ်မှန်တဲ့ နောင်တကြောင့် ယေဟောဝါ ခွင့်လွှတ်ခဲ့တယ်။ အဲဒီမှတ်တမ်းကို ကျွန်တော် ပြန်စဉ်းစားတဲ့အခါ အားနည်းချက်တွေရှိပေမဲ့ ဘုရားသခင့်မျက်နှာသာရအောင် ကြိုးစားဖို့ အကူအညီရခဲ့တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျမ်းစာမလေ့လာခင်တုန်းကဆိုရင် ငါသာ အဓိကဆိုတဲ့ စိတ်ဓာတ်ကြောင့် တခြားသူတွေကို ကျွန်တော် သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်၊ ပေါင်းသင်းလာတာ ခုနစ်နှစ်ရှိပြီဖြစ်တဲ့ ချစ်ဇနီးတို့ရဲ့အကူအညီနဲ့ တခြားသူတွေကို အရင်ကထက် ပိုပြီးစာနာထောက်ထားတတ်လာတယ်။ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့သူတချို့ အပါအဝင် လူအတော်များများကို ကျွန်တော်တို့ ကျမ်းစာသင်ပေးခွင့်ရခဲ့တယ်။ ဘုရားသခင့်မေတ္တာက တခြားသူတွေရဲ့အသက်တာအပေါ် အကျိုးသက်ရောက်တာကို တွေ့ရတဲ့အခါ အရမ်းဝမ်းသာခဲ့ရတယ်။ အဲဒါက ကရာတေးချန်ပီယံတစ်ယောက်အနေနဲ့ ရမယ့်ပျော်ရွှင်မှုထက် ပိုသာလွန်ပါတယ်။
[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]
“ဒီလောက်ပညာရှိပြီး တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်က ကျွန်တော့်ကို ဂရုစိုက်နေတယ်ဆိုတာ စဉ်းစားမိတဲ့အခါ နွေးထွေးမှု ခံစားရတယ်”
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“အရမ်းကောင်းတဲ့ အခန်းဆက်ဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်”
ရှေ့မှာဖော်ပြထားတဲ့ တွေ့ကြုံမှုတွေကို ဖတ်ရတာ သင် နှစ်သက်တယ်မဟုတ်လား။ အဲဒီတွေ့ကြုံမှုတွေက ၂၀၀၈၊ ဩဂုတ်လကတည်းက စတင်ဖော်ပြခဲ့တဲ့ တွေ့ကြုံမှု အခု ၅၀ ကျော်ထဲက နှစ်ခုသာ ဖြစ်ပါတယ်။ “သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ အခန်းဆက်ဆောင်းပါးတွေက စာဖတ်ပရိသတ်တွေရဲ့ အကြိုက်ဆုံးဆောင်းပါးတစ်ခု ဖြစ်လာပါတယ်။ ဘာဖြစ်လို့ လူတွေ ဒီလောက်သဘောကျနေရတာလဲ။
ဆောင်းပါးတွေမှာပါတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ နောက်ခံအမျိုးမျိုးက ဖြစ်ပါတယ်။ တချို့ဟာ ယေဟောဝါဘုရားသခင်အကြောင်း မလေ့လာခင်တုန်းက ဘဝမှာ အောင်မြင်မှုအတော်အတန် ရရှိနေကြပေမဲ့ အသက်ရှင်ရတာ ရည်ရွယ်ချက်မရှိသလို ခံစားနေကြရတယ်။ တချို့တွေကျတော့ ဒေါသကြီးတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ အရက်စွဲတာတွေလိုမျိုး ပြဿနာတွေကို ရင်ဆိုင်တိုက်လှန်နေကြရတယ်။ တချို့ကျတော့ ငယ်ငယ်က ယေဟောဝါကို သိကျွမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကိုယ်တော့်ကို ဝတ်မပြုကြတော့ဘူး။ အဲဒီလိုတွေ့ကြုံမှုတွေအားလုံးကနေ သိရတာက ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေဖို့ ကိုယ့်ဘဝကို ပြုပြင်ပြောင်းလဲလို့ရနိုင်တယ် ဆိုတာပါပဲ။ အဲဒီလိုပြုပြင်ခြင်းက ကောင်းကျိုးတွေ အမြဲရရှိစေပါတယ်။ အဲဒီတွေ့ကြုံမှုတွေက ကျွန်ုပ်တို့ရဲ့ စာဖတ်ပရိသတ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်နေပါသလဲ။
၂၀၀၉၊ ဖေဖော်ဝါရီ ၁ ရက်ထုတ်မှာပါတဲ့ ဆောင်းပါးက အကျဉ်းကျနေတဲ့ အမျိုးသမီးတချို့အတွက် အကျိုးရှိခဲ့ပုံကို စာဖတ်သူတစ်ဦး ရှင်းပြတယ်။
▪ သူ ဒီလိုပြောပြတယ်– “အကျဉ်းသား တော်တော်များများက ဆောင်းပါးမှာပါတဲ့လူတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ကြတယ်။ လူတစ်ဦးစီရဲ့ အရင်က ကိုယ်ရေးရာဇဝင်တွေနဲ့ တွဲပြီးပါလာတဲ့ ‘ယခင်’ နဲ့ ‘ယခု’ ဆိုတဲ့ရုပ်ပုံတွေက အထူးသဖြင့် ထိရောက်မှုရှိတယ်။ အကျဉ်းသားအတော်များများက အဲဒီလိုနောက်ခံမျိုးရှိကြတယ်။ အဲဒီမှတ်တမ်းတွေကို ဖတ်ပြီးတဲ့နောက် အကျဉ်းထောင်က အမျိုးသမီးနှစ်ယောက်ဟာ ကျမ်းစာစလေ့လာခဲ့ကြတယ်။”
တွေ့ကြုံမှုတွေက စာဖတ်သူတချို့ကို အထူးသဖြင့် စိတ်ထိမိစေခဲ့တယ်။ ဥပမာ၊ ၂၀၁၁၊ ဧပြီ ၁ ရက်ထုတ်မှာပါတဲ့ ဆောင်းပါးထဲမှာ ယေဟောဝါကို ဝတ်ပြုချင်လို့ လိင်တူဆက်ဆံတဲ့ဘဝပုံစံကို စွန့်လွှတ်ခဲ့တဲ့ ဂွာတာလူဖေ ဘီလျာရေရယ်လ်ရဲ့ တွေ့ကြုံမှုပါတယ်။ အဲဒီမှတ်တမ်းနဲ့ပတ်သက်ပြီး ရောက်ရှိလာတဲ့ စာတွေအများကြီးထဲက နှစ်စောင်ကို သတိပြုကြည့်ပါ။
▪ “ဂွာတာလူဖေရဲ့ တွေ့ကြုံမှုက ကျွန်မရဲ့စိတ်ကို ထိမိသွားတယ်။ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်စကားတော်ကို ချစ်မြတ်နိုးစိတ်က လူတစ်ယောက်ကို လုံးလုံးပြောင်းလဲစေနိုင်တယ်ဆိုတာ သိရလို့ အရမ်းစိတ်လှုပ်ရှားမိတယ်။”
▪ “အရင်တုန်းကဆိုရင် ကျွန်မရဲ့ယုံကြည်ချက်ကို လိင်တူသမားတွေအပါအဝင် လူတိုင်းကို ဟောပြောဝေမျှခဲ့တယ်။ နောက်ပိုင်းလည်းကျရော အဲဒီလိုလိင်တူသမားတွေကို မသိကျိုးကျွန် ပြုချင်လာတယ်၊ ရှောင်တောင် ရှောင်ချင်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတယ်။ ဒီဆောင်းပါးက ကျွန်မအတွက် ရေးနေသလိုပဲ။ ဒီဆောင်းပါးကြောင့် အဲဒီလိုလူတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်နိုင်ခဲ့တယ်။ သူတို့လည်း ယေဟောဝါကို ဝတ်ပြုတဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။”
စာဖတ်သူများစွာရဲ့ စိတ်နှလုံးကို ထိမိစေတဲ့ နောက်တွေ့ကြုံမှုတစ်ခုက ဗစ်တိုးရီးယားတန် ဖြစ်ပြီး သူ့အကြောင်းက ၂၀၁၁၊ ဩဂုတ် ၁ ရက်ထုတ်မှာ ပါပါတယ်။ ဗစ်တိုးရီးယားဟာ ဆိုးရွားတဲ့အခြေအနေနဲ့ ကြီးပြင်းလာရသူလေးပါ။ သူ့ကို ယေဟောဝါဘုရားသခင် ချစ်မှာမဟုတ်ဘူးလို့ ခံစားနေရပြီး ဘုရားသခင်ကိုဝတ်ပြုတာ နှစ်အတော်ကြာတဲ့အထိ အဲဒီလိုခံစားခဲ့ရတယ်။ ဘုရားသခင် သူ့ကိုချစ်တယ်ဆိုတာ လက်ခံနိုင်ဖို့ သူ့ကို ဘာက ကူညီပေးခဲ့သလဲဆိုတာ အဲဒီဆောင်းပါးမှာ ဖော်ပြထားတယ်။ သူ့အကြောင်းကိုဖတ်ပြီး စာဖတ်သူတချို့ ပြောပြတာကို နားထောင်ကြည့်ပါ။
▪ “ဗစ်တိုးရီးယားရဲ့ တွေ့ကြုံမှုက ကျွန်မရဲ့အဖြစ်နဲ့ တိုက်ဆိုင်လိုက်တာ။ ကျွန်မရဲ့ဘဝကလည်း ကြေကွဲဝမ်းနည်းစရာတွေနဲ့ အပြည့်ပါ။ အပျက်သဘောထားတွေကို အမြဲရင်ဆိုင်တိုက်လှန်နေရတယ်။ သက်သေခံတစ်ယောက်အနေနဲ့ နှစ်ခြင်းခံပြီး နှစ်အတော်ကြာတဲ့အထိတောင် အပျက်သဘောထားတွေ ကျွန်မမှာရှိနေတယ်။ ဒါပေမဲ့ ဗစ်တိုးရီးယားရဲ့ အကြောင်းကိုလည်း ဖတ်ပြီးရော ကျွန်မကို ယေဟောဝါ ရှုမြင်သလို ကိုယ့်ကိုယ်ကိုယ် ရှုမြင်တတ်အောင် လှုံ့ဆော်ခံခဲ့ရတယ်။”
▪ “ကျွန်တော်ငယ်ငယ်တုန်းက ညစ်ညမ်းတဲ့ ရုပ်ပုံစာပေတွေ၊ ရုပ်ရှင်တွေ ကြည့်တဲ့အကျင့်ရှိခဲ့တယ်။ သိပ်မကြာခင်တုန်းက အဲဒီအရာတွေကို ကျွန်တော် ပြန်ကြည့်မိတယ်။ ဒါနဲ့ ခရစ်ယာန်အကြီးအကဲတွေရဲ့ အကူအညီကိုရယူလိုက်တယ်၊ နောက်ပိုင်း ကျွန်တော့်အခြေအနေ တဖြည်းဖြည်း တိုးတက်လာတယ်။ အကြီးအကဲတွေက ဘုရားသခင် ကျွန်တော့်ကိုချစ်တယ်၊ ကြင်နာထောက်ထားတယ်ဆိုတာကို စိတ်ချစေတယ်။ ဒါပေမဲ့ တစ်ခါတလေ ငါဟာ တန်ဖိုးမရှိတဲ့သူပါ၊ ဘုရားသခင် ငါ့ကို ချစ်မှာမဟုတ်ပါဘူးဆိုပြီး ခံစားနေရတုန်းပဲ။ ဗစ်တိုးရီးယားရဲ့အကြောင်းက ကျွန်တော့်အတွက် အရမ်းအထောက်အကူရတယ်။ ဘုရားသခင် ကျွန်တော့်ကို ခွင့်လွှတ်မှာမဟုတ်ပါဘူးလို့ ယူဆတာက ဘုရားသခင့်သားတော် ပေးဆက်တဲ့အရာက ကျွန်တော့်အပြစ်တွေကို မဖုံးအုပ်ပေးနိုင်ဘူးလို့ ပြောတာနဲ့အတူတူပဲဆိုတာ အခု နားလည်သွားပါပြီ။ အဲဒီဆောင်းပါးကို ကျွန်တော်ညှပ်ယူထားလိုက်တယ်။ ဒါမှ ငါဟာ တန်ဖိုးမရှိဘူးဆိုတဲ့ အတွေးဝင်လာတဲ့အခါတိုင်း ဗစ်တိုးရီးယားအကြောင်းကို ပြန်ဖတ်ပြီး စဉ်းစားဆင်ခြင်နိုင်မယ်။ အရမ်းကောင်းတဲ့ အခန်းဆက်ဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။”