ဘုရားသခင်အကြောင်း ပိုသိအောင် လုပ်ပါ
‘ငါသည် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း လူမျိုးများ သိရကြလိမ့်မည်’
ရာဇဝတ်မှုတစ်ခုကို သင် မကျူးလွန်ဘဲနဲ့ စွပ်စွဲခံနေရတယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ အဲဒီရာဇဝတ်မှုက အပြစ်မဲ့သူတွေအပါအဝင် လူများစွာကို ဒုက္ခရောက်စေတယ် ဆိုရင်ကော။ သေချာတာကတော့ သင့်ကို စွပ်စွဲတာတွေက မမှန်ဘူးဆိုတာ သင် သက်သေပြမှာ ဖြစ်တယ်။ ယေဟောဝါဘုရားသခင်လည်း အဲဒီလိုအခြေအနေမျိုး ကြုံနေရတယ်ဆိုတာ သင် သိပါသလား။ ကနေ့အချိန်မှာ၊ လူတွေ ကြုံတွေ့နေရတဲ့ မတရားမှုတွေနဲ့ ခက်ခဲဆင်းရဲမှုတွေရဲ့ တရားခံဟာ ဘုရားသခင်ဆိုပြီး လူများစွာက မှားယွင်းစွာ စွပ်စွဲနေကြတယ်။ ဘုရားသခင်က သူ့ရဲ့နာမည် သန့်ရှင်းမြင့်မြတ်ရေးနဲ့ ပတ်သက်ပြီး အလေးထားပါသလား။ သေချာပေါက် အလေးထားပါတယ်။ ယေဇကျေလကျမ်းမှာ ပြောထားတာကို သုံးသပ်ကြည့်ပါ။—ယေဇကျေလ ၃၉:၇ ကိုဖတ်ပါ။
“နောက်တစ်ဖန် သူတို့သည် ငါ၏နာမမြတ် [“သန့်ရှင်းသောနာမည်၊” ကဘ] ကို မရှုတ်ချရကြ” ဆိုပြီး ယေဟောဝါဘုရားသခင် ပြောတယ်။ မတရားမှုတွေအတွက် ဘုရားသခင်ကို အပြစ်ပုံချတာက ဘုရားသခင့်နာမည်ကို ရှုတ်ချနေတာပဲ။ ဘယ်လိုလုပ်သိရသလဲ။ ကျမ်းစာထဲမှာ၊ “နာမ” ဆိုတာ တစ်ခါတလေ ဂုဏ်သတင်းကိုလည်း ရည်ညွှန်းတယ်။ ဘုရားသခင့်နာမည်က “ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ဖော်ပြတယ်၊ ပြီးတော့ ဘုရားသခင့် ဂုဏ်သတင်းကိုလည်း ကိုယ်စားပြုတယ်” လို့ အကိုးအကား စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါကြောင့် ယေဟောဝါရဲ့ နာမည်လို့ ပြောတဲ့အခါ ကိုယ်တော့်ဂုဏ်သတင်းလည်း ပါဝင်တယ်။ မတရားမှုနဲ့ ပတ်သက်လာရင် ဘုရားသခင်မှာ ဘယ်လို ဂုဏ်သတင်းမျိုး ရှိသလဲ။ ဘုရားသခင်က မတရားမှုကို မုန်းပါတယ်။ မတရားပြုမူခံရတဲ့သူတွေကိုလည်း ကိုယ်တော် သနားကြင်နာတယ်။ * (ထွက်မြောက်ရာ ၂၂:၂၂-၂၄) ဘုရားသခင် ရွံမုန်းတဲ့အရာတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ လူတွေ စွပ်စွဲနေတာက ဘုရားသခင်ကို နာမည်ဖျက်နေတာ ဖြစ်တယ်။ အဲဒီလိုနဲ့ သူတို့ဟာ “[ကိုယ်တော့်] နာမတော်ကို . . . မထီမဲ့မြင်ပြု” နေကြတယ်။—ဆာလံ ၇၄:၁၀။
“ငါ၏နာမမြတ် [သန့်ရှင်းသောနာမည်]” ဆိုတဲ့ အသုံးအနှုန်းကို ယေဟောဝါဘုရားသခင် နှစ်ကြိမ် အသုံးပြုတာ သတိပြုမိမှာပါ။ (အခန်းငယ် ၇) ကျမ်းစာထဲမှာဆိုရင် ဘုရားသခင့်နာမည်ကို “သန့်ရှင်း၊” “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံးတွေနဲ့ အကြိမ်ကြိမ် ဆက်စပ်ဖော်ပြထားတယ်။ “သန့်ရှင်း” ဆိုတဲ့ စကားလုံးက သီးခြားဖြစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ သန့်ရှင်းစင်ကြယ်မှုလို့လည်း အဓိပ္ပာယ်ရတယ်။ ယေဟောဝါဘုရားသခင်ရဲ့ နာမည်က သန့်ရှင်းတယ်၊ အကြောင်းကတော့ ဘုရားသခင်ကိုယ်တိုင်က သန့်ရှင်းလို့ပါပဲ။ အပြစ်ရှိပြီး မသန့်ရှင်းတဲ့ ဘယ်အရာနဲ့မဆို လုံးဝပတ်သက်မှု မရှိပါဘူး။ မကောင်းမှုတွေအတွက် ယေဟောဝါဘုရားသခင်ကို လူတွေအပြစ်တင်တာက ဘုရားသခင့် “သန့်ရှင်းသောနာမည်” ကို အဆိုးရွားဆုံးနည်းနဲ့ ရှုတ်ချနေတာ ဖြစ်တယ်ဆိုတာ သင် သိမြင်ပြီ မဟုတ်ဘူးလား။
ယေဟောဝါဘုရားသခင်ဟာ ကောင်းကင်နိုင်ငံတော်ကို အသုံးပြုပြီး မိမိရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်ဆိုတာက ကျမ်းစာရဲ့ အဓိကအကြောင်း ဖြစ်ပါတယ်။ ‘ငါသည် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း လူမျိုးများ သိရကြလိမ့်မည်’ ဆိုပြီး ယေဇကျေလကျမ်းစောင်မှာ အကြိမ်ကြိမ် ဖော်ပြခြင်းအားဖြင့် အဲဒီအဓိကအကြောင်းကို အလေးပေးခဲ့တယ်။ (ယေဇကျေလ ၃၆:၂၃; ၃၇:၂၈; ၃၈:၂၃; ၃၉:၇) လူမျိုးတွေက ရွေးချယ်ခွင့် ရကြမှာ မဟုတ်ဘူးလို့ ကျမ်းချက်မှာ ပြောထားတာကို သတိပြုပါ။ အဲဒီအစား လူမျိုးတွေ “သိရကြလိမ့်မည်” လို့ ဖော်ပြထားတယ်။ တစ်နည်းနဲ့ ပြောရရင်၊ သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုတဲ့ အချုပ်အခြာပိုင်သအုပ်စိုးရှင် ယေဟောဝါဆိုတဲ့ နာမည်ကို ကမ္ဘာသူကမ္ဘာသားတွေ မဖြစ်မနေ အသိအမှတ်ပြုရဖို့ ဘုရားသခင်က အရေးယူလုပ်ဆောင်မှာ ဖြစ်ပါတယ်။
‘ငါသည် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း လူမျိုးများ သိရကြလိမ့်မည်’ လို့ အကြိမ်ကြိမ်ပြောတဲ့ ကတိစကားက မတရားမှုနဲ့ ခက်ခဲဆင်းရဲမှုတွေ အဆုံးတိုင်တာကို မြင်တွေ့ချင်သူတွေအတွက် သတင်းကောင်းပါပဲ။ အဲဒီကတိကို မကြာခင် ဘုရားသခင် ပြည့်စုံစေတော့မှာဖြစ်ပြီး မိမိရဲ့နာမည် ရှုတ်ချခံနေရတာကိုလည်း ချေဖျက်ပစ်ပါတော့မယ်။ ဆိုးသွမ်းမှုမှန်သမျှကိုလည်း ဘုရားသခင် ဖယ်ရှားပစ်ပါတော့မယ်။ ဘုရားသခင့်နာမည်နဲ့ ကိုယ်စားပြုတဲ့အဓိပ္ပာယ်ကို အသိအမှတ်ပြုပြီး လေးမြတ်သူတွေကိုတော့ အသက်ဆက်ရှင်ခွင့် ပေးမှာဖြစ်တယ်။ (သုတ္တံ ၁၈:၁၀) အထက်ပါအချက်တွေက ‘တရားမျှတမှုကို ချစ်မြတ်နိုးတဲ့’ သန့်ရှင်းသောဘုရားသခင် ယေဟောဝါအကြောင်း ပိုသိအောင်လုပ်ဖို့ သင့်ကို လှုံ့ဆော်ပေးပါစေ။—ဆာလံ ၃၇:၉-၁၁၊ ၂၈။
စက်တင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–
^ အပိုဒ်၊ 2 ၂၀၀၈၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့—ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူသောအရှင်” ဆောင်းပါးကို ကြည့်ပါ။