မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့်အစိုးရကို ဘုရားသခင် ဖွဲ့စည်းပေးမှာလား

ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့်အစိုးရကို ဘုရားသခင် ဖွဲ့စည်းပေးမှာလား

ဒီဆောင်းပါးမှာ သင် မေးကောင်း မေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့် အစိုးရတစ်ခု ဘာကြောင့် လိုအပ်တာလဲ။

ကနေ့ ကမ္ဘာတစ်ဝန်းလုံးမှာ လူတွေဟာ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရပါတယ်။ နိုင်ငံတချို့မှာ လူအများစုဟာ ဆင်းရဲနွမ်းပါးပြီး ဖိနှိပ်ခံနေရပါတယ်။ နိုင်ငံတချို့မှာကျတော့ လူအတော်များများဟာ လိုအပ်တာထက် ပိုပြီး ပြည့်စုံနေကြပုံရတယ်။ ဒါကြောင့် ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့် အစိုးရကသာ ကမ္ဘာ့သယံဇာတတွေကို မျှမျှတတ ခွဲဝေပေးနိုင်မှာဖြစ်တယ်။—ဒေသနာ ၄:၁; ၈:၉ ကိုဖတ်ပါ။

၂။ ဘယ်သူက ကမ္ဘာ့အုပ်စိုးရှင် ဖြစ်ထိုက်သလဲ။

ဘယ်သူကမှ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်မှာ မဟုတ်တဲ့အတွက် ကမ္ဘာ့အုပ်စိုးရှင်ဆိုတဲ့ အချက်ကို လူတော်တော်များများက လက်ခံကြမှာ မဟုတ်ဘူး။ ဘယ်သူကမှ လူတိုင်းရဲ့ နှစ်သက်လက်ခံမှုကို ရရှိမှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် လူတွေဟာ အခွင့်အာဏာ ရလာပြီဆိုရင် အကျင့်ပျက်တတ်ကြတယ်။ ဒါကြောင့် တစ်ယောက်တည်းကပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မယ်ဆိုတဲ့ အယူအဆက မတွေးဝံ့စရာပဲ။—သုတ္တံ ၂၉:၂; ယေရမိ ၁၀:၂၃ တို့ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ဟာ လူသားတွေကို ထာဝစဉ်အုပ်ချုပ်ဖို့ သားတော်ယေရှုကို ရွေးချယ်ထားပြီးပါပြီ။ (လုကာ ၁:၃၂၊ ၃၃) ယေရှုဟာ ကမ္ဘာမြေကြီးပေါ် အသက်ရှင်ခဲ့တုန်းက ဖျားနာတဲ့သူတွေကို ကုသပေးတယ်၊ စိတ်နှိမ့်ချတဲ့သူတွေကို သွန်သင်ပေးတယ်၊ ကလေးတွေကို အချိန်ပေးပြီး ပေါင်းသင်းတယ်။ (မာကု ၁:၄၀-၄၂; ၆:၃၄; ၁၀:၁၃-၁၆) ဒါကြောင့် လူသားတွေအတွက် အသင့်တော်ဆုံး အုပ်စိုးရှင်က ယေရှုပဲဖြစ်ပါတယ်။ —ယောဟန် ၁:၁၄ ကိုဖတ်ပါ။

၃။ အစိုးရတစ်ခုက ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ကမ္ဘာမြေကြီးကို ကောင်းကင်ကနေ အုပ်ချုပ်ဖို့ သားတော်ယေရှုကို ဘုရင်အဖြစ် ဘုရားသခင် ခန့်အပ်ပြီးပါပြီ။ (ဒံယေလ ၇:၁၃၊ ၁၄) လူ့အုပ်စိုးရှင်တစ်ယောက်ဟာ နေရာတကာ သွားပြီး အုပ်ချုပ်မှာ မဟုတ်သလို ယေရှုကလည်း လူသားတွေကို အုပ်ချုပ်ဖို့ ကမ္ဘာပေါ် ရှိနေစရာ မလိုပါဘူး။—မဿဲ ၈:၅-၉၊ ၁၃ ကိုဖတ်ပါ။

ယေရှုကို အုပ်စိုးရှင်အဖြစ် လူတိုင်း လက်ခံကြမှာလား။ လက်ခံကြမှာ မဟုတ်ပါဘူး။ ကျမ်းစာမှာပါတဲ့ ဖြောင့်မတ်ခြင်းတရားကို သင်ယူတဲ့သူတွေကပဲ လက်ခံကြမှာဖြစ်တယ်။ ယေဟောဝါဘုရားသခင်ဟာ သူခန့်အပ်ထားတဲ့ မေတ္တာတရားရှိပြီး ဖြောင့်မတ်တဲ့ အုပ်စိုးရှင်ကို ငြင်းပယ်သူတိုင်းကို ကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်ပါလိမ့်မယ်။—ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။

၄။ ကမ္ဘာ့အုပ်စိုးရှင်က ဘာတွေ လုပ်ပေးမှာလဲ။

သိုးထိန်းတစ်ဦးဟာ သူပိုင်တဲ့သိုးတွေကို စုသိမ်းသလို ယေရှုလည်း နိုင်ငံအသီးသီးက စိတ်နှိမ့်ချတဲ့သူတွေကို စုသိမ်းပြီး ဘုရားသခင့်မေတ္တာပါလမ်းစဉ်ကို သွန်သင်ပေးနေပါတယ်။ (ယောဟန် ၁၀:၁၆; ၁၃:၃၄) အဲဒီလိုလူတွေဟာ ယေရှုနဲ့ သူ့ရဲ့အုပ်ချုပ်မှုကို ထက်ထက်သန်သန် ထောက်ခံတဲ့သူတွေ ဖြစ်လာကြပါတယ်။ (ဆာလံ ၇၂:၈; မဿဲ ၄:၁၉၊ ၂၀) ကမ္ဘာတစ်ဝန်းမှာ ယေရှုကို သစ္စာရှိရှိ လက်အောက်ခံနေတဲ့ သူတွေဟာ ယေရှု ဘုရင်ဖြစ်ပြီဆိုတဲ့အကြောင်း ကြေညာတဲ့လုပ်ငန်းမှာ အင်တိုက်အားတိုက် ပါဝင်နေကြပါတယ်။—မဿဲ ၂၄:၁၄ ကိုဖတ်ပါ။

မကြာခင်မှာ ယေရှုဟာ သူ့ရဲ့တန်ခိုးကို အသုံးပြုပြီး ယိုယွင်းနေတဲ့ အုပ်ချုပ်မှုအောက်ကနေ လူသားတွေကို လွတ်မြောက်စေပါတော့မယ်။ ယေရှုဟာ ကောင်းကင်မှာ သူနဲ့အတူ ဘုရင်အဖြစ် ကမ္ဘာမြေကြီးကို အုပ်ချုပ်ဖို့ သစ္စာရှိနောက်လိုက်တွေထဲက တချို့ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ (ဒံယေလ ၂:၄၄၊ ၄၅; ၇:၂၇) ယေရှုခရစ် အုပ်ချုပ်တဲ့အခါ ကမ္ဘာပေါ်မှာ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ လွှမ်းမိုးသွားမှာ ဖြစ်တယ်၊ ပြီးတော့ လူ့သမိုင်းအစက ပျောက်ဆုံးသွားတဲ့ သာယာလှပတဲ့ မြေကြီးပရဒိသု ပြန်လည်ဖြစ်ပေါ်လာပါလိမ့်မယ်။—ဟေရှာယ ၁၁:၃၊ ၉; မဿဲ ၁၉:၂၈ တို့ကိုဖတ်ပါ။