ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ
‘သင့်ထံမှ အဘယ်အရာကို ယေဟောဝါဘုရားသခင် တောင်းတော်မူသနည်း’
ယေဟောဝါဘုရားသခင်က သူ့ကို ကိုးကွယ်လိုတဲ့သူတွေဆီက ဘာတောင်းဆိုသလဲ။ ဘုရားသခင့်စိတ်တော်နဲ့ တွေ့ဖို့ မစုံလင်တဲ့ ကျွန်ုပ်တို့ဆီကနေ ပြည့်ဝစုံလင်ဖို့ တောင်းဆိုထားသလား။ ဒါမှမဟုတ် ကျွန်ုပ်တို့လုပ်ဆောင်နိုင်တဲ့ အရာတွေကိုပဲ တောင်းဆိုထားသလား။ ဘုရားသခင်ကို ကျွန်ုပ်တို့ ရွှင်လန်းစွာ ဝတ်ပြုကိုးကွယ်ချင်တယ်ဆိုရင် အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိရှိဖို့ အရေးကြီးပါတယ်။ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ပရောဖက်မိက္ခာ အတိုချုပ် ဖော်ပြထားပုံကို ဆန်းစစ်ကြည့်ရအောင်။—မိက္ခာ ၆:၈၊ [သမ္မာ] ကိုဖတ်ပါ။
‘ဘုရားသခင်သည် အဘယ်အရာကောင်းသည်ကို သင့်အား ပြတော်မူပြီ။’ ဒါကြောင့် ကျွန်ုပ်တို့ဆီကနေ ဘုရားသခင် ဘာတောင်းဆိုထားတယ်ဆိုတာကို ခန့်မှန်းနေစရာ မလိုပါဘူး။ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ဆီကနေ ဘုရားသခင် တောင်းဆိုထားတဲ့အရာတွေဟာ ကောင်းတဲ့အရာတွေကလွဲလို့ တခြား ဘာဖြစ်နိုင်ပါဦးမလဲ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်” တဲ့အတွက် ကျွန်ုပ်တို့ရဲ့ ကောင်းကျိုးကို ကိုယ်တော် စိတ်ဝင်စားပါတယ်။ (၁ ယောဟန် ၄:၈; ၅:၃) ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာတာက ကိုယ်တော်ရဲ့ စိတ်တော်နဲ့ တွေ့ဖို့လောက်ပဲမဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက်လည်း ဖြစ်ပါတယ်။—တရားဟောရာ ၁၀:၁၂၊ ၁၃။
‘သင့်ထံမှ အဘယ်အရာကို ယေဟောဝါဘုရားသခင် တောင်းတော်မူသနည်း။’ ဘုရားသခင်က ကျွန်ုပ်တို့ဆီကနေ ဘာမဆို တောင်းဆိုပိုင်ခွင့်ရှိသလား။ ရှိပါတယ်။ ယေဟောဝါဘုရားသခင်က အသက်ပေးပိုင်ရှင်နဲ့ အသက်ကို ထောက်မပေးတဲ့အရှင် ဖြစ်လို့ ကိုယ်တော်ကိုပဲ ကျွန်ုပ်တို့ နာခံရမှာဖြစ်တယ်။ (ဆာလံ ၃၆:၉) ဒါဆိုရင် ကျွန်ုပ်တို့ဆီကနေ ဘုရားသခင် ဘာတောင်းဆိုထားသလဲ။ ဘုရားသခင်ရဲ့ တောင်းဆိုချက် သုံးခုကို မိက္ခာ ဖော်ပြပေးခဲ့ပါတယ်။ ပထမနဲ့ ဒုတိယတောင်းဆိုချက်ထဲမှာ လူလူချင်း ဘယ်လို ဆက်ဆံရမလဲဆိုတာ ပါဝင်တယ်။ တတိယတောင်းဆိုချက်မှာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ပါဝင်တယ်။
“တရားသဖြင့် ပြုခြင်း။” တရားမျှတခြင်းအတွက် ဟီဘရူးစကားလုံးထဲမှာ “လူသားချင်းကို မှန်မှန်ကန်ကန် မျှမျှတတ ဆက်ဆံခြင်း ပါဝင်တယ်” လို့ အကိုးအကားစာအုပ် တစ်အုပ်မှာ ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့စံနှုန်းနဲ့အညီ တခြားသူတွေကို မှန်မှန်ကန်ကန် မျှမျှတတ ဆက်ဆံဖို့ ကျွန်ုပ်တို့ကို တောင်းဆိုထားပါတယ်။ တခြားသူတွေကို ဘက်မလိုက်ဘဲ ရိုးရိုးသားသားနဲ့ ဖြောင့်မတ်စွာ ဆက်ဆံခြင်းအားဖြင့် တရားမျှတမှုကို ကျွန်ုပ်တို့ ကျင့်သုံးကြတယ်။ (ဝတ်ပြုရာ ၁၉:၁၅; ဟေရှာယ ၁:၁၇; ဟေဗြဲ ၁၃:၁၈) တခြားသူတွေကို ကျွန်ုပ်တို့ တရားမျှတစွာ ပြုမူဆက်ဆံမယ်ဆိုရင် သူတို့ကလည်း ကျွန်ုပ်တို့ကို တရားမျှတစွာ ပြုမူဆက်ဆံကြမှာ ဖြစ်တယ်။—မဿဲ ၇:၁၂။
“ကရုဏာကို နှစ်သက်ခြင်း။” သူတစ်ပါးကို ကရုဏာပြရုံလောက်ပဲမဟုတ်ဘဲ အဲဒီအရည်အသွေးကို မြတ်နိုးဖို့ ဘုရားသခင် တောင်းဆိုတယ်။ “ကရုဏာ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံး (cheʹsedh) ကို “ချစ်ခင်ကြင်နာမှု” ဒါမှမဟုတ် “တည်မြဲတဲ့မေတ္တာ” လို့လည်း ပြန်ဆိုကြတယ်။ ကျမ်းပညာရှင်တစ်ဦးက ဒီလိုဖော်ပြတယ်– “အဲဒီဟီဘရူးစကားလုံးကို မေတ္တာ၊ ကရုဏာ၊ ကြင်နာမှုဆိုတဲ့ စကားလုံးတစ်လုံးချင်းစီနဲ့ ဘာသာပြန်ရင် တိကျမှုမရှိဘူး။ အဲဒီစကားလုံး သုံးလုံးစလုံးပေါင်းပြီး ဘာသာပြန်ဆိုမှသာ တိကျမှုရှိမှာဖြစ်တယ်။” ကျွန်ုပ်တို့ဟာ ကရုဏာကို မြတ်နိုးမယ်ဆိုရင် သူတစ်ပါးကို စိတ်လိုကိုယ်လျောက် ကရုဏာပြမှာဖြစ်တယ်။ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ကရုဏာနဲ့ ကူညီပေးတဲ့အခါမှာလည်း ပီတိဖြစ်ကြတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ပေးကမ်းခြင်းကနေ ရရှိကြတာဖြစ်တယ်။—တမန်တော် ၂၀:၃၅။
‘သင်၏ဘုရားသခင်နှင့်အတူ ကျိုးနွံစွာ သွားလာခြင်း။’ ကျမ်းစာထဲမှာ “သွားလာခြင်း” ဆိုတဲ့ စကားလုံးဟာ “တစ်စုံတစ်ရာသော လမ်းစဉ်အတိုင်း သတ်သတ်မှတ်မှတ် လိုက်လျှောက်ခြင်း” လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒါကြောင့် ဘုရားသခင်နဲ့အတူ ကျွန်ုပ်တို့သွားလာတယ်ဆိုတာက သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘဝလမ်းစဉ်အတိုင်း လျှောက်လှမ်းတာ ဖြစ်ပါတယ်။ အဲဒီဘဝလမ်းစဉ်မှာ လျှောက်လှမ်းဖို့ဆိုရင် “ကျိုးနွံ” မှုရှိရမှာ ဖြစ်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဘုရားသခင်ရှေ့မှာ ကျွန်ုပ်တို့ ကျိုးနွံမှုရှိရင် မျက်မှောက်တော်ရှေ့မှာ ကိုယ့်ရဲ့ အနေအထားအမှန်ကို သိရှိပြီး ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ပဲ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ ဒါကြောင့် ‘ကျိုးနွံစွာ သွားလာခြင်း’ ဆိုတာ ဘုရားသခင်တောင်းဆိုရာတွေနဲ့ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ရာတွေကို အမှန်အတိုင်း ရှုမြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်တဲ့ အရာတွေကို ယေဟောဝါဘုရားသခင် ဘယ်တော့မှ မတောင်းဆိုတာက ကျေးဇူးတင်စရာ ကောင်းတယ်။ ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး အမှုဆောင်တာကို ဘုရားသခင် နှစ်သက်တယ်။ (ကောလောသဲ ၃:၂၃) ကျွန်ုပ်တို့ဟာ အကန့်အသတ်နဲ့ပဲ စွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း နားလည်ပေးတယ်။ (ဆာလံ ၁၀၃:၁၄) ဘုရားသခင် တောင်းဆိုရာတွေကို ကျိုးနွံမှုရှိရှိ လက်ခံသင်ယူမယ်ဆိုရင် ကိုယ်တော်နဲ့အတူ သွားလာရာမှာ ဝမ်းမြောက်ရွှင်လန်းနိုင်မှာ ဖြစ်တယ်။ သင်လည်း ဘုရားသခင်နဲ့အတူ ဘယ်လို သွားလာနိုင်မလဲဆိုတာ လေ့လာသင်ယူကြည့်ပါလား။ အဲဒီလို သင်ယူမယ်ဆိုရင် ဘုရားသခင်ဆီကနေ ကောင်းချီးများစွာ ခံစားရရှိပါလိမ့်မယ်။—သုတ္တံ ၁၀:၂၂။