မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၂– ကျွန်ုပ် သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲ

မေးခွန်း ၂– ကျွန်ုပ် သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲ

ရိုမန်ဆိုတဲ့ လူငယ်လေးတစ်ယောက်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး အဲဒီသူငယ်ချင်းဟာ ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်။ “ကျွန်တော့်သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော် ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ သေပြီးတဲ့နောက် ဘာဖြစ်သွားမလဲဆိုတာကို ကားတိုက်မှုဖြစ်ပြီး နှစ်အတော်ကြာတဲ့အထိ သိချင်နေတုန်းပဲ” လို့ သူပြောပြတယ်။

မေးရတဲ့ အကြောင်းရင်း။

လူတွေ သေဆုံးနေကြတာ သဘာဝတော့ ဖြစ်ပုံမရဘူး။ အများအားဖြင့် အသက်အရွယ် ဘယ်လောက်ပဲရှိရှိ မသေချင်ကြဘူး။ လူတော်တော်များများက သေပြီးတဲ့နောက် ဘာဖြစ်သွားမလဲဆိုပြီး တွေးကြောက်နေကြပါတယ်။

လူတချို့ ဖြေကြားပုံ။

လူသေပြီးတဲ့နောက် ခန္ဓာကိုယ်ထဲက မမြင်နိုင်တဲ့အရာတစ်ခုခုဟာ အသက်ရှင်ကျန်ရစ်တယ်လို့ လူအများက ယုံကြည်ကြတယ်။ လူကောင်းတွေက ကောင်းကင်ဘုံမှာ ဆုကျေးဇူးခံစားရပြီး လူဆိုးတွေကတော့ သူတို့ရဲ့အပြစ်ကြောင့် ထာဝရ ဒဏ်ခတ်ခံရတယ်လို့လည်း ယုံကြည်ကြတယ်။ တချို့ကျတော့ လူတစ်ယောက် သေပြီးတဲ့နောက် ဘာမှမရှိတော့ဘူး၊ မကြာခင်မှာပဲ သူ့ကို လူတွေ လုံးဝမေ့လျော့သွားကြတယ်လို့ ယုံကြည်ကြတယ်။

အဓိပ္ပာယ်သက်ရောက်ပုံ။

လူဟာ ခန္ဓာကိုယ်သေသွားပေမဲ့လည်း တစ်ခုခုတော့ ဆက်အသက်ရှင်နေတယ်လို့ ပထမအဖြေက ယူဆစေပါတယ်။ ဒုတိယအဖြေကျတော့ လူ့ဘဝဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ယူဆစေတယ်။ လူ့ဘဝဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ယူဆတဲ့သူတွေက “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်” ဆိုတဲ့ ကျမ်းစကားအတိုင်း မထူးဇာတ်ခင်းလာကြတယ်။—၁ ကောရိန္သု ၁၅:၃၂

သမ္မာကျမ်းစာ သွန်သင်ရာ။

လူသေပြီးတဲ့နောက် ကိုယ်ခန္ဓာထဲက မမြင်နိုင်တဲ့အရာတစ်ခုခုက ဆက်အသက်ရှင် ကျန်ရစ်တယ်လို့ သမ္မာကျမ်းစာ မသွန်သင်ပါဘူး။ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအားဖြင့် ဘုရင်ရှောလမုန် ဒီလိုရေးသားခဲ့တယ်- “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှ မသိ။” (ဒေသနာ ၉:၅) ဒါကြောင့် လူသေတွေဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ဘာမှ သိမှာမဟုတ်တော့ဘူး။ သူတို့မှာ ခံစားချက် မရှိတော့ဘူး။ ဘာမှလည်း မလုပ်နိုင်တော့ဘူး။ အသက်ရှင်နေတဲ့သူတွေကိုလည်း ကူညီပေးတာတို့၊ ဒုက္ခပေးတာတို့ လုပ်နိုင်မှာမဟုတ်တော့ဘူး။

လူအများ ယုံကြည်ထားတာနဲ့ ဆန့်ကျင်ဘက်ကတော့ ဘုရားသခင်ဟာ လူတွေကို သေဖို့ မရည်ရွယ်ထားဘူးဆိုတဲ့ အချက်ပါပဲ။ ဘုရားသခင်ဟာ ပထမဆုံးလူသား အာဒံကို ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်နိုင်မယ့် အလားအလာနဲ့ ဖန်ဆင်းခဲ့ပါတယ်။ သေခြင်းနဲ့ပတ်သက်ပြီး အာဒံကို ဘုရားသခင် တစ်ကြိမ်ပဲ ပြောခဲ့တယ်။ အဲဒီတုန်းက သေခြင်းဟာ မနာခံမှုရဲ့ အပြစ်ဒဏ်လို့ ပြောခဲ့တယ်။ ဘုရားသခင်ဟာ အာဒံကို အပင်တစ်ပင်ရဲ့ အသီးကို မစားဖို့ တားမြစ်ထားတယ်။ စားလိုက်မယ်ဆိုရင် “ဧကန်အမှန် သေရ” မယ်လို့လည်း သတိပေးထားတယ်။ (ကမ္ဘာဦး ၂:၁၇) တကယ်လို့ အာဒံနဲ့ဧဝတို့သာ ဘုရားသခင့်စကား နားထောင်ခဲ့မယ်ဆိုရင် သူတို့နဲ့ ဘုရားသခင်အပေါ် သစ္စာရှိတဲ့ သားစဉ်မြေးဆက်တွေအားလုံးဟာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ခွင့်ရကြပါလိမ့်မယ်။

ဘုရားသခင့်သတိပေးချက်ကို အာဒံ လျစ်လျူရှုခဲ့ပါတယ်။ ဘုရားသခင်ကို မနာခံခြင်းအားဖြင့် သူ အပြစ်ပြုခဲ့တယ်၊ ဒါနဲ့ သူသေဆုံးခဲ့ရတယ်။ (ရောမ ၆:၂၃) အာဒံ သေဆုံးပြီးတဲ့နောက်မှာ သူ့ကိုယ်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းကမှ အသက်ရှင် မကျန်ရစ်ခဲ့ပါဘူး။ အာဒံဟာ သေဆုံးသွားပြီဖြစ်လို့ သူ မတည်ရှိတော့ဘူး။ အာဒံကို ဘုရားသခင် ဒီလိုပြောခဲ့တယ်- “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) လူသားအားလုံးဟာ အာဒံဆီကနေ ဆင်းသက်လာတဲ့အတွက် သူ့ဆီကနေ အပြစ်နဲ့သေခြင်းကို အမွေအဖြစ် ရရှိခဲ့ကြတယ်။—ရောမ ၅:၁၂

အာဒံ မနာခံခဲ့ပေမဲ့လည်း ဘုရားသခင်က ကမ္ဘာပေါ်မှာ အာဒံရဲ့သားစဉ်မြေးဆက်တွေနဲ့ ပြည့်နေစေခြင်းအားဖြင့် မိမိရဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေပါလိမ့်မယ်။ (ကမ္ဘာဦး ၁:၂၈; ဟေရှာယ ၅၅:၁၁) မကြာခင် ယေဟောဝါဘုရားသခင်ဟာ သေဆုံးသွားသူ အများစုကို အသက်ပြန်ရှင်ခွင့် ပေးပါလိမ့်မယ်။ အဲဒီအချိန်နဲ့ပတ်သက်ပြီး တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်- “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅

ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ရိုမန်ဟာ ယေဟောဝါဘုရားသခင်အကြောင်း၊ သေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို သင်ယူလေ့လာခဲ့ပါတယ်။ သူသိရှိလာရာတွေက သူ့ဘဝအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့ပါတယ်။ သူ့အကြောင်းကို ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၁ မှာဖတ်ကြည့်ပါ။