မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

ရာနစ် *က ဒီလိုပြောပြတယ်– “ဂရိနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်တော့ ကျွန်တော့်စီးပွားရေး ပျက်သွားတယ်။ ဒါကြောင့် အိမ်လခ မှန်မှန် မပေးနိုင်တော့ဘူး၊ အကြွေးဝယ်ကတ်အတွက်လည်း ငွေမချေပေးနိုင်တော့ဘူး။ စိတ်ဖိစီးလွန်းလို့ ကျွန်တော် အိပ်လို့လည်း မပျော်ဘူး။”

ကက်ထရီနာက ဒီလိုပြောပြတယ်– “မေတ္တာနဲ့ တည်ဆောက်ထားတဲ့ ကျွန်မတို့မိသားစုလေး ပြိုကွဲသွားဖို့ဆိုတာ တစ်ခါမှ မစဉ်းစားမိပါဘူး။ အကြွေးကြောင့် ရာနစ်နဲ့ ကျွန်မ ခဏခဏ စကားများခဲ့ရတယ်။”

အကြွေးကြောင့် မိသားစုအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နိုင်တယ် ဒါမှမဟုတ် အိမ်ထောင်ပြိုကွဲသွားနိုင်ပါတယ်။ ဥပမာ၊ အကြွေးနဲ့ နပန်းလုံးနေရတဲ့ ဇနီးမောင်နှံတွေဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်တော့ဘူး၊ အရင်ကထက် စကားပိုများလာကြပြီး ပျော်ရွှင်မှု ပျောက်ဆုံးသွားတာကို တွေ့ရှိရတယ်လို့ သုတေသီ ဂျက်ဖရီ ဒူးက ပြောပြတယ်။ အကြွေးကိစ္စနဲ့ စကားများပြီဆိုရင် မပြီးနိုင်တော့ဘူး၊ အော်ဟစ်ကြိမ်းမောင်းပြီး ရိုက်ပုတ်တဲ့အထိတောင် ဖြစ်လာကြတယ်။ ပြီးတော့ တခြားကိစ္စတွေကိုပါ ရောပြီး ငြင်းခုံလာကြတော့တယ်။ ဒါကြောင့် တချို့လင်မယားတွေ ငွေကြေးကိစ္စနဲ့ စကားများရာကနေ နောက်ဆုံး ကွာရှင်းတဲ့အထိ ဖြစ်သွားကြတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

အကြွေးလည်ပင်းနစ်လာပြီး ပြန်မဆပ်နိုင်တော့တဲ့အခါ အိပ်မပျော်နိုင်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ နှလုံးရောဂါနဲ့ စိတ်ကျဝေဒနာစတဲ့ ရောဂါတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မာတာဆိုတဲ့ ဇနီးတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်မခင်ပွန်း လူအီဟာ အကြွေးကိစ္စကြောင့် စိတ်ဓာတ်ကျပြီး အိပ်ပဲအိပ်နေတော့တယ်။ ကျွန်မ အမြဲ အားကိုးခဲ့ရတဲ့ ခင်ပွန်းသည်က အခုတော့ အားကိုးလို့ မရတော့ဘူး။” လူတချို့ကျတော့ မခံမရပ်နိုင်လောက်အောင် စိတ်ဖိစီးလာကြတယ်။ ဥပမာ၊ အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းမှာ နေထိုင်တဲ့ ဇနီးသည်တစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၈၄၀ နဲ့ညီမျှတဲ့ အကြွေးကို ပြန်မဆပ်နိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်တယ်ဆိုပြီး ဘီဘီစီသတင်းဌာနက ကြေညာတယ်။ အဲဒီငွေကို သူချေးရတာက ကလေးတွေကို ဆေးကုဖို့ဖြစ်ပါတယ်။

သင့်မိသားစုက အကြွေးပြန်မဆပ်နိုင်လို့ စိတ်ဖိစီးနေရင်ကော။ အကြွေးကိစ္စကို ဖြေရှင်းရာမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်ချက်တချို့နဲ့ ဖြေရှင်းနိုင်တဲ့ ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ရအောင်။

စိန်ခေါ်ချက် ၁– တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့ကြတယ်။

လူလက်ရှ်က ဒီလိုပြောပြတယ်– “ကျွန်တော်သာ တစ်နှစ်လုံး အလုပ်လုပ်မယ်ဆိုရင် ငွေအလုံအလောက်ရှိမှာပဲလို့ ဇနီးသည်က အပြစ်တင်တဲ့အခါ မင်းကျတော့ ငွေဖြုန်းနေတယ်လို့ သူ့ကို ပြန်အပြစ်တင်လိုက်တယ်။” ဇနီးမောင်နှံတွေဟာ ဆက်ဆံရေးတင်းမာနေရင် အကြွေးကိစ္စကို ဘယ်လို ဖြေရှင်းနိုင်တော့မလဲ။

အောင်မြင်နိုင်တဲ့ သော့ချက်- အကြွေးကို ပြန်ဆပ်နိုင်ဖို့ အတူတကွ လုပ်ဆောင်ပါ။

အကြွေးတင်တာက သင့်ကြောင့် မဟုတ်ဘူးဆိုရင်တောင် သင့်ရဲ့ အိမ်ထောင်ဖက်အပေါ် ဒေါသထွက်မယ်ဆိုရင် အကျိုးရှိမှာ မဟုတ်ဘူး။ အခု သင်ဟာ အကြွေးလည်ပင်းနစ်နေတယ်ဆိုရင် ကျမ်းစာရဲ့ ဒီအကြံပြုချက်ကို ခါတိုင်းထက် ပိုလိုက်နာဖို့ အကြောင်းရှိနိုင်တယ်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။”—ဧဖက် ၄:၃၁

အကြွေးဆပ်ဖို့ ကြိုးစားပါ၊ အချင်းချင်း ရန်မဖြစ်ကြပါနဲ့။ အကြွေးကိစ္စကို သူနဲ့သူ့ဇနီးသည်တို့ ဝိုင်းဝန်းဖြေရှင်းခဲ့ကြပုံကို စတီဖာနိုဆိုတဲ့ ခင်ပွန်းသည်တစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ အကြွေးတွေကို ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ရန်သူလို့ ရှုမြင်ကြတယ်။” ဇနီးမောင်နှံနှစ်ယောက်စလုံး ပူးတွဲလုပ်ဆောင်တာက ဒီကျမ်းချက်နဲ့ ကိုက်ညီပါတယ်– “မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူ [“တိုင်ပင်ဆွေးနွေးသူ၊” ကဘ] မူကား ပညာရှိ၏။” (သုတ္တံ ၁၃:၁၀) ငွေကြေးပြဿနာကို ကိုယ့်ဘာသာကိုယ် မဖြေရှင်းဘဲ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပြီး အတူတကွ ဖြေရှင်းပါ။

အကြွေးကိစ္စကို ဖြေရှင်းတဲ့အခါ သင့်ကလေးတွေကိုလည်း ပါဝင်စေပါ။ အာဂျင်တီးနားနိုင်ငံက အက်ဂါဒိုလို့ခေါ်တဲ့ ဖခင်တစ်ယောက်ဟာ သူ့မိသားစုရဲ့ အဖြစ်အပျက်ကို ဒီလိုပြောပြတယ်– “ကျွန်တော့်သားငယ်က စက်ဘီးအသစ်ဝယ်ပေးဖို့ ပူဆာတယ်။ ဒါပေမဲ့ ကျွန်တော်က စက်ဘီး မဝယ်ပေးနိုင်တဲ့အကြောင်း ရှင်းပြတယ်။ ပြီးတော့ သူ့အဘိုးပိုင်တဲ့ စက်ဘီးတစ်စီး သူ့ကို ပေးလိုက်တယ်။ အခု အဲဒီစက်ဘီးကို သူစီးရလို့ ပျော်နေပါပြီ။ မိသားစုလိုက် အတူတကွ လုပ်ဆောင်ခြင်းရဲ့ တန်ဖိုးကို ကျွန်တော် သိရှိခဲ့ရတယ်။”

ဒီနည်းကို စမ်းကြည့်ပါ– အကြွေးကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ အေးဆေးတည်ငြိမ်စွာ ပြောဆိုဖို့ အချိန်ပေးပါ။ သင်လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ဝန်ချတောင်းပန်ပါ။ အတိတ်ကိုပဲ ပြန်တွေးမနေဘဲ အနာဂတ်မှာ ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတဲ့အခါ သင့်ကို လမ်းညွှန်ပေးမယ့် ကျမ်းစာမူတွေနဲ့အညီ ဆုံးဖြတ်တတ်အောင် ကြိုးစားပါ။—ဆာလံ ၃၇:၂၁; လုကာ ၁၂:၁၅

စိန်ခေါ်ချက် ၂– အကြွေးနွံထဲကနေ ရုန်းထွက်နိုင်မယ့်ပုံ မပေါ်ဘူး။

“ကျွန်တော့်စီးပွားရေး လုပ်ငန်းကြောင့် အကြွေး အများကြီးတင်ခဲ့တယ်။ အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်တော့ ပိုဆိုးသွားတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဇနီးကလည်း ခွဲစိတ်ကုသဖို့ လိုအပ်လာတယ်။ ဒီအကြွေးနွံထဲကနေ ရုန်းမထွက်နိုင်တော့ဘူး” ဆိုပြီး အင်ရီကီလို့ခေါ်တဲ့ အမျိုးသားတစ်ဦးက ပြန်ပြောပြတယ်။ ဘရာဇီးနိုင်ငံက ရိုဘာထူးလို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အရဲစွန့်ပြီး မြှုပ်နှံထားတဲ့ သူ့ငွေကြေးအားလုံး ဆုံးရှုံးသွားလို့ ဘဏ် ၁၂ ခုမှာ အကြွေးတင်သွားတယ်။ ဒါနဲ့ သူ ဒီလိုပြောပြတယ်– “ရှက်လွန်းလို့ သူငယ်ချင်းတွေကိုတောင် မျက်နှာမပြရဲတော့ဘူး။ အရှုံးသမားကြီးလို့ ကျွန်တော့်ကိုယ်ကျွန်တော် ခံစားရတယ်။”

အကြွေးကြောင့် သင် စိတ်ဓာတ်ကျပြီး အပြစ်ရှိတယ် ဒါမှမဟုတ် ရှက်စရာကောင်းတယ်လို့ ခံစားနေရရင် ဘာလုပ်နိုင်မလဲ။

အောင်မြင်နိုင်တဲ့ သော့ချက်– ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ပါ။ *

 

၁။ သင့်ရဲ့လက်ရှိ ဘတ်ဂျက်ကို ရေးဆွဲပါ။ မိသားစုရဲ့ ဝင်ငွေထွက်ငွေကို အနည်းဆုံး နှစ်ပတ်စာ ဘတ်ဂျက်ဆွဲထားပါ၊ ပိုပြီး လက်တွေ့ကျမယ်ဆိုရင် တစ်လစာ ဘတ်ဂျက်ဆွဲထားပါ။ တစ်ခါတလေမှ ပေးရတဲ့ အခွန်ကြေး၊ အာမခံကြေးနဲ့ အဝတ်အစားဖိုးတွေကိုလည်း ထည့်တွက်ပါ၊ ပြီးတော့ အဲဒီအသုံးစရိတ်တွေရဲ့ လစဉ် ပျမ်းမျှကိုလည်း တွက်ချက်ပါ။

၂။ ဝင်ငွေတိုးအောင်လုပ်ပါ။ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်မှာ အချိန်ပိုဆင်းနိုင်တယ်။ ရာသီအလိုက် အလုပ်လုပ်နိုင်တယ်၊ စာပြနိုင်တယ်၊ ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို ပြန်သုံးနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါရာ တစ်ခုခုကို တစ်ပိုင်တစ်နိုင် စီးပွားရေးအဖြစ် လုပ်ဆောင်နိုင်ပါတယ်။ သတိပြုရန်– သာ၍အရေးကြီးတဲ့ ဝတ်ပြုရေးဆိုင်ရာ လုပ်ရိုးလုပ်စဉ်တွေကို ထိခိုက်စေတဲ့အထိ အလုပ်မလုပ်မိပါစေနဲ့။

အကြွေးဆပ်နိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို မိသားစုလိုက် ရှာပါ

၃။ အသုံးစရိတ်လျှော့ပါ။ လျှော့ဈေးနဲ့ ရရင်တောင် လိုအပ်တဲ့ပစ္စည်းကိုပဲ ဝယ်ပါ။ (သုတ္တံ ၂၁:၅) အင်ရီကီက ဒီလိုပြောပြတယ်– “ပစ္စည်းတစ်ခုကို ချက်ချင်း မဝယ်ဘဲ စဉ်းစားချင့်ချိန်ပြီးမှ ဝယ်ပါ။ ဒါမှသာ အဲဒီပစ္စည်းကို တကယ်လိုအပ်နေတာလား၊ လိုချင်နေတာလားဆိုတာကို ပိုင်းခြားသိမြင်နိုင်မှာ ဖြစ်တယ်။” ထပ်ဆင့် အကြံပြုချက်တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

  • အိမ်– ဖြစ်နိုင်မယ်ဆိုရင် လခနည်းနည်းပဲ ပေးရတဲ့ အိမ်ကို ပြောင်းနေပါ။ မီးခွန်၊ ရေခွန်စတဲ့ ဝန်ဆောင်ခတွေ လျော့နည်းသွားအောင် ချွေတာသုံးပါ။

  • အစားအသောက်– အပြင်မှာ အမြဲ ဝယ်စားမယ့်အစား အိမ်ကနေ ထမင်းချိုင့် ထည့်သွားပါ ဒါမှမဟုတ် အဆာပြေမုန့် ယူသွားပါ။ အထူးနှုန်းနဲ့ ရောင်းချပေးတဲ့ ဆိုင်တွေကနေ ဝယ်ယူပါ။ “လမ်းဘေးဈေးသည်တွေဆီကနေ ဈေးသိမ်းခါနီး ဝယ်တဲ့အခါ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးပေါပေါနဲ့ ရနိုင်တယ်” လို့ ဘရာဇီးနိုင်ငံက ဇိုဝဲလ်မာက ပြောပြတယ်။

  • သွားရေးလာရေး– မသုံးတော့တဲ့ စက်ဘီးတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေရှိနေမယ်ဆိုရင် ရောင်းလိုက်ပါ။ ယာဉ်အသစ်တွေကိုဝယ်ဖို့ ကိုယ့်မှာရှိတဲ့ ယာဉ်တွေကို ခဏလေးသုံးပြီး ရောင်းလိုက်မယ့်အစား ပြုပြင်ထိန်းသိမ်းပါ။ လိုင်းကား စီးပါ ဒါမှမဟုတ် လမ်းလျှောက်လို့ရရင် လမ်းလျှောက်ပါ။

သင့်ရဲ့ အသုံးစရိတ်ကို လျှော့ချပြီးတဲ့နောက် ကျန်ရှိနေတဲ့ ငွေတွေကို လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်။

၄။ သင့်ရဲ့အကြွေးကို စိစစ်ပြီး အရေးတယူ လုပ်ဆောင်ပါ။ ဦးဆုံး၊ ယူထားတဲ့အကြွေးရဲ့ အတိုးနှုန်း၊ နောက်ကျကြေးနဲ့ ပျက်ကွက်ကြေးတွေ ရှိသလား၊ ပေးဆောင်ရမယ့်ရက် ကျော်သွားပြီလားဆိုပြီးတော့ ဆန်းစစ်ပါ။ ကြွေးရှင်တွေဟာ လိမ်လည်လှည့်ဖြားနိုင်တဲ့အတွက် ချေးထားတဲ့ပမာဏ ဒါမှမဟုတ် ငွေတောင်းခံလွှာကို သေသေချာချာ စစ်ဆေးပါ။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ ရေတိုငွေချေးလုပ်ငန်းတစ်ခုက အတိုးနှုန်းကို ၂၄ ရာခိုင်နှုန်းလို့ ဖော်ပြထားပေမဲ့ တကယ်တမ်းကျတော့ ရာခိုင်နှုန်း ၄၀၀ ကျော်နဲ့ တွက်ချက်လိုက်တာကို တွေ့ခဲ့ရတယ်။

အကြွေးဆပ်ရမယ့် ငွေတောင်းခံလွှာကို ဆန်းစစ်ပါ။ လုပ်ရမယ့်တစ်နည်းက အတိုးနှုန်း အမြင့်ဆုံးရှိတဲ့ အကြွေးကို အရင်ဆပ်လိုက်ပါ။ ဒါမှမဟုတ် ပမာဏနည်းတဲ့ ချေးငွေကို အရင်ရှင်းလိုက်ပါ။ ဒါမှသာ လစဉ် ငွေတောင်းခံလွှာတွေ လျော့နည်းသွားပြီဆိုတဲ့ အသိစိတ်ကြောင့် သင် အားတက်သွားပါလိမ့်မယ်။ သင်ဟာ အတိုးနှုန်းများများနဲ့ ငွေချေးထားမယ်ဆိုရင် နောက်တစ်နေရာဆီမှာ အတိုးနည်းနည်းနဲ့ ငွေချေးပြီး အရင်အကြွေးကို ဆပ်လိုက်တာက အကျိုးရှိပါလိမ့်မယ်။

ကတိအတိုင်း အကြွေးမဆပ်နိုင်တော့ဘူးဆိုရင် ဆပ်ရမယ့် အစီအစဉ်အသစ်ကို ရေးဆွဲပေးဖို့ ကြွေးရှင်နဲ့ ကြိုးစားညှိနှိုင်းပါ။ ရက်တိုးပေးဖို့ ဒါမှမဟုတ် အတိုးနှုန်းကို လျှော့ပေးဖို့ တောင်းဆိုနိုင်တယ်။ သင်ဟာ အတိုးနှုန်းနည်းနည်းနဲ့ အကြွေးကို လုံးကနဲ ပြန်ဆပ်ပေးနိုင်တယ်ဆိုရင် ကြွေးရှင်တချို့က သင်ဆပ်ရမယ့်အတိုးကို ကြည်ကြည်ဖြူဖြူ လျှော့ပေးနိုင်ဖွယ်ရှိတယ်။ သင့်ရဲ့ ငွေကြေးအခြေအနေကို ရှင်းပြတဲ့အခါ ရိုးသားပြီး သတ္တိရှိပါ။ (ကောလောသဲ ၄:၆; ဟေဗြဲ ၁၃:၁၈) သဘောတူစာချုပ် ချုပ်ဆိုပါ။ သင့်ရဲ့တောင်းဆိုချက် အရာမရောက်ရင်လည်း လိုအပ်မယ်ဆိုရင် ညှိနှိုင်းပေးဖို့ ဇွဲရှိရှိ တောင်းဆိုပါ။—သုတ္တံ ၆:၁-၅

သင့်ရဲ့ငွေကြေးကို စီမံခန့်ခွဲတဲ့အခါ လက်တွေ့ကျဖို့တော့ လိုပါလိမ့်မယ်။ ငွေကြေးကို အတတ်နိုင်ဆုံး စီမံခန့်ခွဲရင်တောင် မထင်မမှတ်တဲ့ အကြောင်းရင်းတွေကြောင့် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အကြောင်းက “ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်” သလိုမျိုး ငွေကြေးလည်း “အတောင်များကိုလုပ်၍ ပျံသွားတတ်” လို့ပါပဲ။—သုတ္တံ ၂၃:၄၊ ၅

ဒီနည်းကို စမ်းကြည့်ပါ– ဘတ်ဂျက်ကို စဆွဲတဲ့အခါ အသုံးစရိတ်လျှော့ဖို့၊ ဝင်ငွေတိုးအောင်လုပ်ဖို့ မိသားစုဝင်ယောက်တိုင်း ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ ဆွေးနွေးပါ။ မိသားစုဝင်တွေ အနစ်နာခံပြီး ဝိုင်းဝန်းကြိုးစားတဲ့အခါ အကြွေး ကျေအောင် ဆပ်နိုင်ပါလိမ့်မယ်။

စိန်ခေါ်ချက် ၃– အကြွေးကြောင့် စဉ်းစားတွေးခေါ်ပုံတွေ ကပြောင်းကပြန် ဖြစ်သွားတယ်။

အကြွေးတွေနဲ့ နပန်းလုံးနေရတဲ့အတွက် ဘဝမှာ အရေးကြီးတဲ့အရာတွေကို အာရုံမစိုက်နိုင်တော့ဘူး။ ရီအော်ရိအော့စ်ဆိုတဲ့ အမျိုးသားတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြဿနာကတော့ ဘဝတစ်ခုလုံးမှာ အကြွေးတွေနဲ့ပဲ လုံးချာလိုက်နေရတာပါပဲ။ ဦးစားပေးလုပ်ဆောင်ရမယ့် အရေးကြီးတဲ့အရာတွေက အရေးမပါတဲ့အရာတွေ ဖြစ်သွားတယ်။”

အောင်မြင်နိုင်တဲ့ သော့ချက်- ငွေကို သုံးသင့်တဲ့နေရာမှာပဲ သုံးပါ။

သင်ဟာ အတတ်နိုင်ဆုံး အလုပ်ကြိုးစားနေတဲ့ကြားထဲက နှစ်များစွာကြာတဲ့အထိ အကြွေးဆပ်နေကောင်း ဆပ်နေရပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ သင့်ရဲ့အကြွေးကိစ္စကို ဘယ်လို ရှုမြင်မလဲဆိုတာကို ရွေးချယ်နိုင်တယ်။ ငွေကြေးအကြောင်း ဒါမှမဟုတ် ငွေမရှိတဲ့အကြောင်း တစ်ချိန်လုံး စဉ်းစားနေမယ့်အစား သမ္မာကျမ်းစာရဲ့ ဒီအကြံပြုချက်ကို လိုက်နာတာက ပညာရှိရာရောက်ပါတယ်– “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။”—၁ တိမောသေ ၆:၈

ပစ္စည်းဥစ္စာကြောင့် မရနိုင်တဲ့ ရွှင်လန်းမှုကို ကျေနပ်ရောင့်ရဲမှုက ရရှိစေနိုင်

ရှိတာလေးနဲ့ ကျေနပ်ရောင့်ရဲမယ်ဆိုရင် “သာ၍အရေးကြီးသော အရာများကို သေချာစွာသိ” ရှိနိုင်ပါလိမ့်မယ်။ (ဖိလိပ္ပိ ၁:၁၀) ဘုရားသခင်နဲ့ သင့်ဆက်ဆံရေး၊ သင့်မိသားစုနဲ့ ဆက်ဆံရေးတို့ဟာ “သာ၍အရေးကြီးသော အရာများ” ထဲမှာ ပါဝင်ပါတယ်။ ရီအော်ရိအော့စ်က ဒီလိုပြောပြတယ်– “အကြွေးတွေကို အကုန်ပြန်မဆပ်နိုင်ရင်တောင် အဲဒီအကြွေးတွေကို ကျွန်တော်တို့ဘဝမှာ အရေးကြီးဆုံးအရာတွေအဖြစ် မယူမှတ်သင့်ဘူး။ ဝတ်ပြုရေးနဲဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာ မိသားစုလိုက်ပါဝင်ခြင်းနဲ့ မိသားစုဝင်အချင်းချင်း အချိန်ပေး ပေါင်းသင်းခြင်းတွေကို လုပ်ဆောင်တဲ့အတွက် အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်ထောင်က သာယာနေပါပြီ။”

ဒီနည်းကို စမ်းကြည့်ပါ– သင့်အတွက် အမှန်တကယ် တန်ဖိုးရှိပြီး ငွေနဲ့ဝယ်လို့မရနိုင်တဲ့ အရာတွေကို စာရင်းပြုစုပါ။ ပြီးတော့ သင့်စာရင်းထဲမှာပါတဲ့ အရာတွေအတွက် သင် ဘယ်လောက် အချိန်ပေးပြီး ခွန်အားစိုက်ထုတ်မလဲဆိုတာကို ဆန်းစစ်ပါ။

အကြွေးကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အကြွေးကိစ္စကို ဖြေရှင်းဖို့ အနစ်နာခံရမှာဖြစ်တယ်။ ဒါပေမဲ့ ကြိုးစားရကျိုးနပ်မှာပါ။ ပိုလန်နိုင်ငံက အန်ဂျေဆိုတဲ့ ခင်ပွန်းသည်တစ်ယောက်က ဒီလိုပြောပြပါတယ်– “ကျွန်တော့်ဇနီးက သူ့အလုပ်ဖော် ငွေချေးတာကို ကြားကနေ အာမခံပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဖော်က အကြွေးကို ပြန်မဆပ်ဘဲ ရှောင်ပြေးသွားတာကို ကျွန်တော် သိလိုက်ရတော့ မိသားစုအတွင်းမှာ တော်တော်လေးကို တင်းမာလာတယ်။” ဒါပေမဲ့ အဲဒီပြဿနာကို သူတို့ဇနီးမောင်နှံ ဘယ်လို ဖြေရှင်းခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး သူ ဒီလိုပြောပြတယ်– “ကျွန်တော်တို့ အရင်ကထက် ပိုစည်းလုံးလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို အတူတကွ ဖြေရှင်းခဲ့ကြလို့ပါ။”

^ အပိုဒ်၊ 3 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 17 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၁၁၊ စက်တင်ဘာလထုတ် နိုးလော့! မဂ္ဂဇင်းက “သင့်ငွေကြေးကို ဘယ်လိုစီမံသုံးစွဲမလဲ” ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

သင့်ကိုယ်သင် ဒီလိုမေးပါ

  • ငါ့မိသားစု အကြွေးနွံထဲကနေ ရုန်းထွက်နိုင်အောင် ငါဘယ်လို ကူညီပေးနိုင်မလဲ။

  • ငါတို့ရဲ့ဆက်ဆံရေးကို ထိန်းချုပ်နေတဲ့ ဒါမှမဟုတ် ပျက်ပြားသွားစေနိုင်တဲ့ အကြွေးကို ငါတို့ ဘယ်လိုရှောင်နိုင်မလဲ။