မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ယေရှုက သူ့ဘေးနားမှာရှိတဲ့ လူဆိုးကို ကောင်းကင်တက်ရမယ်လို့ ကတိပေးခဲ့သလား

ယေရှုက သူ့ဘေးနားမှာရှိတဲ့ လူဆိုးကို ကောင်းကင်တက်ရမယ်လို့ ကတိပေးခဲ့သလား

ယေရှုက သူ့ဘေးနားမှာရှိတဲ့ ကွပ်မျက်ခံရတော့မယ့် ရာဇဝတ်သားကို ပရဒိသုမှာ အသက်ပြန်ရှင်စေမယ်လို့ ကတိပေးလိုက်တဲ့အတွက် အဲဒီမေးခွန်း ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်။” (လုကာ ၂၃:၄၃) ပရဒိသုက ဘယ်မှာရှိမယ်ဆိုတာ ယေရှု မပြောခဲ့တာကို သတိပြုပါ။ လူဆိုးက ကောင်းကင်ဘုံမှာ သူနဲ့အတူ ပြန်ဆုံမယ်လို့ ယေရှု ဆိုလိုခဲ့သလား။

ဒီလူဆိုးက ကောင်းကင်အသက်တာအတွက် အရည်အချင်းရှိမရှိဆိုတာကို အရင် သုံးသပ်ကြည့်ရအောင်။ ကောင်းကင်တက်မယ့်သူတွေဟာ ရေနဲ့ရော သန့်ရှင်းသောစွမ်းအားတော်နဲ့ပါ နှစ်ခြင်းခံရမှာဖြစ်တယ်၊ ဒါမှသာ သူတို့ဟာ ယေရှုရဲ့တပည့်တွေအပြင် ဘုရားသခင့်မွေးစားသားတွေလည်း ဖြစ်ကြမယ်။ (ယောဟန် ၃:၃၊) နောက်ထပ်တောင်းဆိုချက်တစ်ခုကတော့ ဘုရားသခင့်စာရိတ္တစံနှုန်းတွေနဲ့အညီ အသက်ရှင်ရမှာဖြစ်ပြီး ရိုးသားမှု၊ သမာဓိရှိမှုနဲ့ ကြင်နာမှုစတဲ့ အရည်အသွေးတွေကို ပြသရမှာဖြစ်တယ်။ (၁ ကောရိန္သု ၆:၉-၁၁) ဒါ့အပြင် ဘုရားသခင်နဲ့ ခရစ်တော်အပေါ် သူတို့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးတဲ့အထိ သစ္စာစောင့်သိရမှာဖြစ်ပါတယ်။ (လုကာ ၂၂:၂၈-၃၀; ၂ တိမောသေ ၂:၁၂) အဲဒီတောင်းဆိုချက်တွေကို သူတို့ ပြည့်မီမှသာ အသက်ပြန်ရှင်ဖို့ ထိုက်တန်တဲ့သူတွေဖြစ်တယ်ဆိုတာ ဖော်ပြရာရောက်မယ်။ ဒါ့အပြင် ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ယဇ်ပုရောဟိတ်တွေ၊ ဘုရင်တွေအဖြစ် လူသားတွေကို အနှစ်တစ်ထောင် အုပ်ချုပ်ဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့လည်း လိုအပ်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ဖော်ပြရာရောက်မယ်။—ဗျာဒိတ် ၂၀:၆

ဒါပေမဲ့ ယေရှုအနားမှာရှိတဲ့ လူဆိုးကတော့ ရာဇဝတ်သားအဖြစ် အသက်ရှင်ခဲ့ပြီး ရာဇဝတ်သားအဖြစ် သေဆုံးခဲ့တယ်။ (လုကာ ၂၃:၃၂၊ ၃၉-၄၁) “နိုင်ငံတော်ကို အမွေခံရသည့်အခါ ကျွန်ုပ်ကို သတိရတော်မူပါ” လို့ ယေရှုကို သူပြောတဲ့အခါ ရိုသေလေးစားတဲ့သဘော ပြခဲ့တာတော့ မှန်ပါတယ်။ (လုကာ ၂၃:၄၂) ဒါပေမဲ့ သူဟာ ရေနဲ့ရော၊ သန့်ရှင်းသောစွမ်းအားတော်နဲ့ပါ နှစ်ခြင်းခံထားတဲ့ ယေရှုရဲ့တပည့် မဟုတ်ဘူး။ သူ့ရဲ့အသက်တာမှာ ဖြောင့်မတ်တည်ကြည်မှုကိုလည်း မပြသခဲ့ဖူးဘူး။ ယေရှုက အဲဒီလူဆိုးကို ဘုရားသခင်အပေါ် အဆုံးတိုင် သစ္စာစောင့်သိခဲ့တဲ့ သူ့ရဲ့နောက်လိုက်တွေနဲ့အတူ ကောင်းကင်မှာ ဘုရင်ဖြစ်ခွင့်ပေးမယ်လို့ ကတိပေးတာက ကျိုးကြောင်းညီညွတ်ပါ့မလား။—ရောမ ၂:၆၊ ၇

ဥပမာ၊ လူတစ်ယောက်က သင့်ရဲ့ငွေကို ခိုးယူပြီးတဲ့နောက် သူ့ကို ခွင့်လွှတ်ပေးပါလို့ တောင်းဆိုလာရင် တရားမစွဲဖို့ သင် ဆုံးဖြတ်ကောင်း ဆုံးဖြတ်မယ်။ ဒါပေမဲ့ သင့်ရဲ့စီးပွားရေးကို ဦးဆောင်ဖို့ ဒါမှမဟုတ် သင့်မိသားစုကို စောင့်ရှောက်ဖို့ ယုံကြည်စိတ်ချစွာ တာဝန်ပေးမလား။ အဲဒီလိုတာဝန်တွေကို သင် ယုံကြည်စိတ်ချမှုအရှိဆုံး လူကိုပဲ ပေးအပ်မှာဖြစ်တယ်။ အလားတူပါပဲ၊ ကောင်းကင်တက်မယ့်သူတွေဟာ လူသားတွေကို အုပ်စိုးတဲ့အခါ ဘုရားသခင့်ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း လုပ်ဆောင်မယ်ဆိုတာကို ယုံကြည်စိတ်ချအောင် အခိုင်အမာ သက်သေထူရမှာဖြစ်တယ်။ (ဗျာဒိတ် ၂:၁၀) အဲဒီလူဆိုးကတော့ သူ့ရဲ့နောက်ဆုံးအချိန်မှာ စိတ်ရင်းမှန်နဲ့ အသနားခံခဲ့ပုံရပေမဲ့ ယုံကြည်စိတ်ချလောက်တဲ့သက်သေ မပြခဲ့ပါဘူး။

ယေရှုကော အဲဒီနေ့မှာ မိမိနဲ့အတူ ကောင်းကင်မှာ ရှိလိမ့်မယ်လို့ လူဆိုးကို ပြောခဲ့သလား။ အဲဒီနေ့မှာ ယေရှုကိုယ်တိုင် ကောင်းကင်ကို မသွားသေးတဲ့အတွက် အဲဒါက မဖြစ်နိုင်ပါဘူး။ အဲဒီအစား ယေရှုဟာ “မြေကြီးထဲ၊” တစ်နည်းအားဖြင့် သင်္ချိုင်းမှာ သုံးရက်ကြာ ရှိနေခဲ့ပါတယ်။ (မဿဲ ၁၂:၄၀; မာကု ၁၀:၃၄) ထမြောက်ပြီးတဲ့နောက်မှာတောင် ကောင်းကင်ကို မသွားသေးဘဲ မြေကြီးပေါ်မှာ ရက်ပေါင်း ၄၀ နေထိုင်ခဲ့ပါတယ်။ (တမန်တော် ၁:၃၊) ဒါကြောင့် လူဆိုးဟာ အဲဒီနေ့မှာ ယေရှုနဲ့အတူ ကောင်းကင်မှာ မရှိနိုင်ပါဘူး။

ဒါဆိုရင် လူဆိုးက ဘယ်ပရဒိသုမှာ နေထိုင်ရမှာလဲ။ ယေရှု အုပ်စိုးမယ့် မြေကြီးပရဒိသုမှာ သူ ထမြောက်လာပြီး နေထိုင်ရမှာဖြစ်တယ်။ (တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၁:၃၊ ၄) သာယာလှပတဲ့ မြေကြီးပရဒိသုအကြောင်းနဲ့ ဘုရားသခင့်တောင်းဆိုချက်တွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေ တစ်ယောက်ယောက်ကို မေးမြန်းပါ။