မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ
သင့်ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ စကားပြောပါ
“ကျွန်မသမီး အသက် ၁၄ နှစ်မှာ ပြန်ခံပြောတတ်လာတယ်။ ‘ညစာစားကြတော့မယ်’ လို့ပြောရင် ‘စားချင်တဲ့အချိန်ကျမှ စားမယ်’ ဆိုပြီး ပြောတယ်။ အိမ်အလုပ်တွေ ပြီးသွားပြီလားလို့မေးရင် ‘သမီးကို စိတ်ရှုပ်အောင် လာမလုပ်နဲ့’ ဆိုပြီး ပြန်ပြောတယ်။ စကားပြောရင်းနဲ့ အသံတွေကျယ်လာပြီး အော်ကြဟစ်ကြတော့တဲ့အထိ ဖြစ်သွားတာ ခဏခဏပါပဲ။”—မာကီ၊ ဂျပန်။ *
သင့်မှာ ဆယ်ကျော်သက်ကလေးရှိမယ်ဆိုရင် သူနဲ့အငြင်းပွားစရာတွေဖြစ်လာတာက မိဘတစ်ဦးအနေနဲ့ ကြုံတွေ့ရတဲ့ အခက်ခဲဆုံးအရာဖြစ်နိုင်တယ်။ အဲဒီအတွက်လည်း အရမ်းကို စိတ်ရှည်ရမှာဖြစ်တယ်။ “သမီးက မထီလေးစားလုပ်တဲ့အခါ ကျွန်မ အရမ်းဒေါသထွက်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်မထိန်းနိုင်ကြတော့ဘဲ အသံကုန် အော်ကြတော့တယ်” လို့ ဘရာဇီးနိုင်ငံက ၁၄ နှစ်အရွယ် သမီးတစ်ဦးရဲ့ မိခင် မာရီယာက ပြောပြတယ်။ အီတလီနိုင်ငံက ခါမီလာလည်း အဲဒီလိုအဖြစ်မျိုး ကြုံရတယ်။ သူ ဒီလိုပြောပြတယ်– “သားနဲ့ ကျွန်မကတော့ တကျက်ကျက်ပါပဲ။ သားတော်မောင် သူ့အခန်းထဲ ဝင်ပြီး တံခါးပိတ်သွားမှပဲ စကားများတာ ရပ်သွားတော့တယ်။”
ဆယ်ကျော်သက်တချို့ဟာ ဘာကြောင့် ဒီလောက်တောင် ငြင်းခုံချင်တဲ့ပုံ ပေါက်ရတာလဲ။ သူတို့ရဲ့ သူငယ်ချင်းတွေကြောင့်လား။ ဖြစ်နိုင်ပါတယ်။ အပေါင်းအသင်းဟာ လူတစ်ယောက်ကို ကောင်းစေနိုင်သလို ဆိုးစေနိုင်တယ်လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။ (သုတ္တံ ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃) ဒါ့အပြင် ဒီနေ့ခေတ် ရေပန်းစားနေတဲ့ ဖျော်ဖြေမှုအတော်များများကလည်း ပုန်ကန်ပြီး မထီလေးစားလုပ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် လူငယ်တွေကို တွန်းအားပေးနေတယ်။
ဒါပေမဲ့ စဉ်းစားစရာ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒီအကြောင်းရင်းတွေကြောင့် သင့်ရဲ့ ဆယ်ကျော်သက်ကလေး ပြောင်းလဲသွားတယ်ဆိုတာကို နားလည်လာတဲ့အခါ ပြဿနာတွေကို ဖြေရှင်းဖို့ လွယ်ကူလာပါလိမ့်မယ်။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ရအောင်။
“စဉ်းစားဆင်ခြင်နိုင်စွမ်း” တိုးတက်လာခြင်း
ကျမ်းရေးသူ တမန်တော်ပေါလုက “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်၁ ကောရိန္သု ၁၃:၁၁) ဒီစကားတွေကနေ သိရတာက ကလေးတွေနဲ့ လူကြီးတွေဟာ တွေးပုံတွေးနည်း မတူကြဘူးဆိုတာပါပဲ။ ဘယ်လိုမတူတာလဲ။
ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏” လို့ ရေးသားခဲ့တယ်။ (ကလေးတွေက တစ်ခုခုကို မှန်တယ်၊ မှားတယ်ဆိုတာလောက်ပဲ တွေးတတ်ကြတယ်။ လူကြီးတွေကတော့ ရှုပ်ထွေးတဲ့ကိစ္စတွေကို ကောင်းကောင်း စဉ်းစားနိုင်ကြတယ်။ ဆုံးဖြတ်ချက်တွေ ချရတော့မယ်ဆိုရင် ပိုပြီးတောင် လေးလေးနက်နက် စဉ်းစားတတ်ကြတယ်။ ဥပမာ၊ လူကြီးတွေက ကိစ္စတစ်ခုရဲ့နောက်ကွယ်မှာရှိတဲ့ အမှားအမှန်ကို တွေးတောတတ်ပြီး ကိုယ့်ရဲ့လုပ်ရပ်က တခြားသူတွေအပေါ် ဘယ်လိုထိခိုက်နိုင်သလဲဆိုတာကို စဉ်းစားတတ်ကြတယ်။ ဒီလိုတွေးတာမျိုးက လူကြီးတွေအတွက် အကျင့်ဖြစ်နေပေမဲ့ ဆယ်ကျော်သက်တွေကတော့ အဲဒီလိုမျိုးတွေးဖို့ အကျင့်မရှိသေးဘူး။
သမ္မာကျမ်းစာမှာ လူငယ်တွေကို “စဉ်းစားချင့်ချိန်နိုင်စွမ်း” တိုးတက်အောင်လုပ်ပါလို့ အားပေးထားတယ်။ (သုတ္တံ ၁:၄၊ ကဘ) ဒါ့အပြင် “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုခြင်းက ပညာရှိရာရောက်တယ်လို့လည်း ဖော်ပြထားတယ်။ (ရောမ ၁၂:၁၊ ၂; ဟေဗြဲ ၅:၁၄) သင့်ရဲ့ဆယ်ကျော်သက်ကလေးဟာ စဉ်းစားဆင်ခြင်တတ်လာတဲ့အတွက် တစ်ခါတလေ အသေးအဖွဲ ကိစ္စတွေမှာတောင် သင်နဲ့ စကားများလာနိုင်ပါတယ်။ သူ့ရဲ့ထင်မြင်ချက်က လုံးဝမှားနေတာလည်း ဖြစ်နိုင်တယ်။ (သုတ္တံ ၁၄:၁၂) အဲဒီလိုဖြစ်လာတဲ့အခါ စကားများနေမဲ့အစား မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တတ်ဖို့ သူ့ကို ဘယ်လို ကူညီပေးနိုင်မလဲ။
ဒီနည်းကိုစမ်းကြည့်ပါ– ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးက စဉ်းစားတွေးခေါ်တတ်ဖို့ ကြိုးစားနေတယ်လို့ နားလည်ပေးပါ။ သူကိုယ်တိုင်လည်း သူ့ရဲ့အမြင်အားလုံးကို သဘောတူချင်မှတူပါလိမ့်မယ်။ သူ့ထင်မြင်ချက်ကိုသိနိုင်ဖို့ သူ့ရဲ့စဉ်းစားတွေးခေါ်တတ်ပုံကို အရင်ဆုံး ချီးမွမ်းပေးပါ။ (“သားရဲ့စဉ်းစားသုံးသပ်ချက်အားလုံးကို သဘောမတူပေမဲ့ သား ဒီလိုတွေးခေါ်နိုင်တာကို သဘောကျတယ်။”) ပြီးတဲ့နောက် ကလေးရဲ့စဉ်းစားတွေးခေါ်ပုံကို ပြန်ဆန်းစစ်နိုင်ဖို့ ကူညီပေးပါ။ (“ကိစ္စရပ်တိုင်းမှာ သား ပြောသလို လုပ်လို့ရမယ်လို့ ထင်သလား။”) နောက်ပိုင်းမှာ သင့်ကလေးဟာ သူ့ရဲ့ထင်မြင်ချက်တွေကို ပြန်ဆန်းစစ်ပြီး ပြုပြင်လိုက်တာကို တွေ့တဲ့အခါ သင် အံ့သြရပါလိမ့်မယ်။
သတိပြုသင့်ရာ– သင့်ရဲ့ဆယ်ကျော်သက်ကလေးကို အကျိုးအကြောင်းပြောပြတဲ့အခါ ကိုယ့်ဘက်ကမှန်တယ်ဆိုတာကို သူလက်ခံလာတဲ့အထိ တစ်ထိုင်တည်းနဲ့ ပြောစရာမလိုပါဘူး။ သင်ပြောသမျှဟာ ကျွဲပါးဆောင်းတီးနေသလိုမျိုး အကျိုးမရှိတဲ့ပုံပေါက်နေရင်တောင် နောက်ပိုင်းမှာ သူက ကိုယ်ထင်ထားတာထက် ကိုယ့်စကားကို နားထောင်ပြီး လက်ခံလာနိုင်ခြေရှိတယ်။ သူက ရက်အနည်းငယ်အတွင်း ကိုယ်ပြောခဲ့ရာတွေကို လက်ခံလာပြီး ဒီစကားတွေကို သူပဲပြောခဲ့သလိုမျိုး ပြောလာတဲ့အခါ မအံ့ဩပါနဲ့။
“သားရဲ့ ပေါ့တီးပေါ့ပျက်နိုင်တာ၊ သူ့ညီမလေးကို နောက်တာစတဲ့ အသေးအဖွဲကိစ္စလေးတွေနဲ့ ကျွန်တော်တို့သားအဖ စကားများတတ်ကြတယ်။ အများအားဖြင့် သူဘာတွေ တွေးနေသလဲလို့ မေးစေချင်တဲ့ပုံပဲ။ ပြီးတော့ ‘ဪ၊ သားက ဒီလိုဖြစ်နေတာကိုး၊’ ‘သားက ဒီလိုထင်နေတာကိုး’ လို့ သူ့အပေါ် နားလည်ပေးစေချင်တဲ့ပုံရတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်သာ အဲဒီလိုမျိုးပြောခဲ့မိရင် သားနဲ့ သိပ်ပြီးပြဿနာဖြစ်တော့မှာ မဟုတ်ဘူးလို့ ထင်တယ်။”—ကန်ဂျီ၊ ဂျပန်။
ကိုယ်ပိုင်ခံယူချက်တွေရှိလာခြင်း
ဆယ်ကျော်သက်တစ်ဦးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ အဓိကရည်ရွယ်ချက်က တစ်နေ့ သူအိမ်ထောင်ပြုတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့နဲ့ တာဝန်ယူတတ်တဲ့ လူကြီးဖြစ်လာနိုင်ဖို့ ဖြစ်တယ်။ (ကမ္ဘာဦး ၂:၂၄) ဒီလိုဖြစ်နိုင်ဖို့ သူ့မှာ ကိုယ်ပိုင်ခံယူချက်တွေရှိလာရမယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာ ကိုယ်ပိုင်စရိုက်၊ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ကိုယ်ဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားပေးတဲ့ စံနှုန်းတွေရှိလာတာကို ပြောတာဖြစ်တယ်။ ကိုယ်ပိုင်ခံယူချက်ရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ အမှားတွေလုပ်ဖို့ ဖိအားပေးခံရရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို တွေးပြီး ရှောင်ရှားမှာဖြစ်တယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် ဒီလိုလည်း မေးပါလိမ့်မယ်– ‘ငါဟာ ဘယ်လိုလူစားမျိုးလဲ။ ငါ့မှာ ဘယ်လိုကိုယ်ကျင့်တရားစံနှုန်းတွေ ရှိသလဲ။ ငါ့မှာ အဲဒီလိုစံနှုန်းတွေရှိရင် အမှားလုပ်ဖို့ ဖိအားပေးခံရတဲ့အခါ ဘယ်လိုလုပ်မလဲ။’—၂ ပေတရု ၃:၁၁။
သမ္မာကျမ်းစာမှာ ကိုယ်ပိုင်ခံယူချက်ပြင်းထန်တဲ့ လူငယ်ယောသပ်အကြောင်း ဖော်ပြထားတယ်။ သူ့ရဲ့ ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ ပေါတိဖာရဲ့ မိန်းမက ယောသပ်ကို သူနဲ့အတူအိပ်ဖို့ ဖြားယောင်းတဲ့အခါ ယောသပ် ဒီလိုပြန်ပြောခဲ့တယ်– “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း။” (ကမ္ဘာဦး ၃၉:၉) ဘုရားသခင်က ရှေးခေတ်အစ္စရေးလူမျိုးကို သူ့မယားပြစ်မှားခြင်းကို ရှောင်ပါဆိုတဲ့ ပညတ်မပေးရသေးပေမဲ့ ဒီကိစ္စကို ဘုရားဘယ်လိုမြင်သလဲဆိုတာ ယောသပ် သိမြင်ခဲ့တယ်။ ‘ကျွန်တော် ဘယ်လိုပြစ်မှားနိုင်မှာလဲ’ ဆိုတဲ့ သူ့ရဲ့စကားတွေကိုကြည့်ရင် ဘုရားရဲ့အမြင်အတိုင်း သူ ရှုမြင်ထားကြောင်း ဖော်ပြနေတယ်။ ဒါဟာ အရမ်းကောင်းတဲ့ သူ့ရဲ့ကိုယ်ပိုင်ခံယူချက်ပဲ။—ဧဖက် ၅:၁။
သင့်ရဲ့ဆယ်ကျော်သက်ကလေးမှာလည်း ကိုယ်ပိုင်ခံယူချက်တွေ ရှိလာပါပြီ။ ဒါဟာ ကောင်းပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ခံယူချက်ကြောင့် ရွယ်တူချင်းတွေရဲ့ ဖိအားကို ရင်ဆိုင်တွန်းလှန်နိုင်ပါလိမ့်မယ်။ (သုတ္တံ ၁:၁၀-၁၅) တစ်ဖက်မှာလည်း သင့်ကို ဆန့်ကျင်ပုန်ကန်နေသလို ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ။
ဒီနည်းကိုစမ်းကြည့်ပါ– စကားများပြီး ပြဿနာဖြစ်နေမဲ့အစား သူ့ရဲ့အမြင်ကို ကိုယ်က ပြန်ပြောပါ။ (“အမေ့ကို နားလည် အောင် ရှင်းပြပါဦး။ သမီးက ဒီလိုပြောချင်တာလား . . .”) ပြီးတော့ မေးခွန်းတွေမေးပါ။ (“သမီး ဘာဖြစ်လို့ အဲဒီလိုခံစားရတာလဲ။” “ဘာကြောင့် အဲဒီလိုဆုံးဖြတ်လိုက်တာလဲ။”) သင့်ရဲ့ဆယ်ကျော်
သက်ကလေးကို သူ့ရဲ့ခံယူချက်တွေ ပွင့်ပွင့်လင်းလင်း ပြော လာနိုင်ဖို့ လမ်းကြောင်းပေးပါ။ အမြင်ချင်းမတူလို့ တစ်ခုကို ဦးစားပေး ရမယ်၊ ကလေးရဲ့အမြင်ကလည်း မှန်နေတယ်ဆိုရင် ကိုယ်က သူ့ရဲ့ အမြင်ကို အပြည့်အဝသဘောမတူရင်တောင် သူ့အမြင်ကို လက်ခံလိုက်ပါ။ကိုယ်ပိုင်ခံယူချက်ရှိလာတာက သဘာဝဖြစ်တဲ့အပြင် အကျိုးလည်းရှိတယ်။ “လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသောသွန်သင်ခြင်း လေတိုက်ရာဘက်သို့ တိမ်းယိမ်း” တတ်တဲ့ ကလေးတွေလိုမဖြစ်ဖို့ ကျမ်းစာက သတိပေးထားတယ်။ (ဧဖက် ၄:၁၄) ဒါကြောင့် သင့်ရဲ့ဆယ်ကျော်သက်သားသမီးမှာ ခိုင်မာတဲ့ကိုယ်ပိုင်ခံယူချက်တွေ ရှိလာတာကို လက်ခံရမယ့်အပြင် ဒီလိုဆက်ဖြစ်နေဖို့လည်း အားပေးရမယ်။
“သမီးတွေပြောတဲ့စကားကို ကျွန်မ သေသေချာချာ နားထောင်ပေးတဲ့အခါ ကျွန်မရဲ့အမြင်ကိုလည်း သူတို့ ပိုပြီး စဉ်းစားပေးလာကြတယ်။ သူတို့အမြင်နဲ့ မတူရင်တောင်မှပေါ့။ ကျွန်မ စဉ်းစားသလို လိုက်စဉ်းစားဖို့ သူတို့ကို ဖိအားပေးမယ့်အစား သူတို့ရဲ့အမြင်တွေကိုပါ ပြောပြဖို့ တိုက်တွန်းတယ်။” —အစ်ဗာနာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ။
ခိုင်မာပေမဲ့ လိုက်လျောညီထွေမှု ရှိပေးပါ
ဆယ်ကျော်သက်တချို့လည်း ကလေးငယ်တွေလိုပဲ သူတို့ဖြစ်ချင်တာကို နားပူနားဆာလုပ်ရင် မိဘတွေ အလျှော့ပေးမယ်မှန်း သိကြတယ်။ မိသားစုမှာ ဒီလိုမျိုး ခဏခဏဖြစ်နေရင် သတိထားပါ။ အလျှော့ပေးလိုက်တာက ခဏတော့ နားအေးသွားပေမဲ့ နားပူနားဆာလုပ်ရင် ဖြစ်ချင်တာ ရတယ်ဆိုပြီး သူ့ကို သင်ပေးနေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဖြေရှင်းနည်းက ဘာလဲ။ ယေရှုရဲ့ ဒီအကြံပေးစကားကို ကျင့်သုံးပါ– “သင်တို့၏ စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။” (မဿဲ ၅:၃၇) သင်ဟာ ပြောရင်ပြောတဲ့အတိုင်း လုပ်တယ်ဆိုတာကို သူတို့ သိလာတဲ့အခါ သင်နဲ့ အငြင်းပွားရဲမှာ မဟုတ်တော့ဘူး။
တစ်ချိန်တည်းမှာပဲ အကျိုးသင့်အကြောင်းသင့်ရှိပါ။ ဥပမာ၊ အိမ်ပြန်ချိန် သတ်မှတ်ထားတာကို အခြေအနေတချို့မှာ ပြောင်းပေးသင့်တယ်လို့ သင့်ကလေး ပြောလာတဲ့အခါ အကြောင်းရင်းကို ရှင်းပြခိုင်းပါ။ အဲဒီလိုကိစ္စမျိုးမှာ ကလေးရဲ့ ဆန္ဒကို လိုက်လျောပေးလိုက်တာက သူ့ကို အၡုံးပေးတာမဟုတ်ဘဲ ကျမ်းစာရဲ့ ဒီအကြံပြုချက်ကို ကျင့်သုံးလိုက်တာဖြစ်တယ်– ‘သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေကြလော့။’—ဖိလိပ္ပိ ၄:၅။
ဒီနည်းကိုစမ်းကြည့်ပါ– အိမ်ပြန်ချိန် သတ်မှတ်ချက်တွေနဲ့ အိမ်စည်းကမ်းတွေကို မိသားစုလိုက် ဆွေးနွေးပါ။ သင်ဟာ သူတို့ပြောတာတွေကို ကောင်းကောင်း နားထောင်ပေးပြီး ဆုံးဖြတ်ချက်မချခင် အခြေအနေအားလုံးကို ထည့်တွက်စဉ်းစားကြောင်း သိစေပါ။ ဘရာဇီးနိုင်ငံက ဖခင်ဖြစ်သူ ရိုဘာတူ ဒီလိုမှတ်ချက်ချတယ်– “တောင်းဆိုတာတွေဟာ ကျမ်းစာစည်းမျဉ်းနဲ့ မဆန့်ကျင်ဘူးဆိုရင် မိဘတွေဘက်က လိုလိုလားလားနဲ့ လက်ခံမယ်ဆိုတာ ဆယ်ကျော်သက်တွေ နားလည်ထားသင့်တယ်။”
တကယ်ဆိုရင် ဘယ်မိဘကမှ အမှားမကင်းပါဘူး။ ကျမ်းစာမှာ ဒီလိုပြောထားတယ်– “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။” (ယာကုပ် ၃:၂) အငြင်းပွားရတာ ကိုယ့်အမှားကြောင့်လည်း ဖြစ်ရတယ်ဆိုရင် ကလေးကို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ့်ရဲ့ အမှားတွေကို ဝန်ခံလိုက်တာက နှိမ့်ချတတ်ဖို့ ကလေးကို စံနမူနာပြလိုက်တာဖြစ်ပြီး အဲဒီလိုဝန်ခံတတ်ဖို့ သင်ပေးလိုက်တာလည်း ဖြစ်တယ်။
“တစ်ခါက သားနဲ့စကားများပြီးတဲ့နောက် စိတ်အေးသွားတဲ့အခါ ကျွန်တော် ဒေါသပေါက်ကွဲသွားမိတဲ့အတွက် သားကို တောင်းပန်လိုက်တယ်။ ဒါနဲ့ သားလည်း စိတ်ပြေသွားပြီး ကျွန်တော့်စကားကို နားထောင်ဖို့ နောက်ပိုင်းမှာ သူ့အတွက် မခက်တော့ဘူး။”—ကန်ဂျီ၊ ဂျပန်။
^ စာပိုဒ်၊ 3 ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ
-
ငါ့ရဲ့ဆယ်ကျော်သက်ကလေးနဲ့ စကားများအောင် ငါကိုယ်တိုင်ကလည်း ဘာတွေလုပ်မိသလဲ။
-
ငါ့ရဲ့ဆယ်ကျော်သက်ကလေးတွေကို နားလည်ပေးတတ်ဖို့ ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေကို ဘယ်လိုကျင့်သုံးနိုင်မလဲ။
-
ငါ့ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ ဘယ်လိုစကားပြောမလဲ။