မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ”

“ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ”

နာကျင်မှု၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းမရှိတဲ့ကမ္ဘာမှာ သင်နဲ့ သင့်မိသားစုက ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှည်ရှည် နေထိုင်ချင်ပါသလား။ အဲဒါက စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ မကြာခင် ကမ္ဘာပေါ်မှာ တကယ်ပဲ ပျော်ရွှင်ငြိမ်းချမ်းတဲ့အခြေအနေ ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဘုရားကိုယ်တိုင် အဲဒီလိုဖြစ်ဖို့ ရည်ရွယ်ထားလို့ပါပဲ။ ကိုယ်တော်ရဲ့ရည်ရွယ်ချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာကို ကျမ်းစာမှာ လေ့လာကြည့်ပါ။ဗျာဒိတ် ၂၁:၃-၅ ကိုဖတ်ပါ။

[ဘုရားသခင်သည်] သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။” (ဗျာဒိတ် ၂၁:၄) ဘုရားသခင်က ဘယ်လိုမျက်ရည်မျိုးကို သုတ်ပေးမှာလဲ။ ဝမ်းသာမျက်ရည်နဲ့ မျက်လုံးကို ကာကွယ်ပေးတဲ့ မျက်ရည်မျိုးကို ပြောနေတာမဟုတ်ဘဲ ဆင်းရဲဒုက္ခတွေနဲ့ ဝမ်းနည်းမှုကြောင့် ကျရတဲ့မျက်ရည်မျိုးကို သုတ်ပေးမယ်လို့ ဆိုလိုနေတာဖြစ်တယ်။ ဘုရားသခင်က လူသားတွေရဲ့ ဝမ်းနည်းမျက်ရည်ကို သုတ်ပေးရုံသက်သက်ပဲ မဟုတ်ပါဘူး။ ဝမ်းနည်းမျက်ရည်ကျရတဲ့ ဆင်းရဲဒုက္ခနဲ့ ဝမ်းနည်းမှုမှန်သမျှကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

“သေခြင်း ရှိတော့မည်မဟုတ်။” (ဗျာဒိတ် ၂၁:၄) ရန်သူလို့တင်စားထားတဲ့ သေခြင်းတရားကြောင့် ဝမ်းနည်းပူဆွေးပြီးကျရတဲ့ မျက်ရည်လောက် ဆိုးတာမရှိပါဘူး။ ဝမ်းသာစရာက နာခံမှုရှိတဲ့ လူသားတွေကို သေခြင်းရဲ့လက်အောက်ကနေ ယေဟောဝါဘုရား ကယ်တင်ပေးပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။ အာဒံဆီက အမွေရထားတဲ့ အပြစ်ကို ဖယ်ရှားပေးခြင်းအားဖြင့်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဒံ အပြစ်လုပ်ခဲ့တဲ့အတွက် သေခြင်းတရားဆိုတာ ဖြစ်ပေါ်လာလို့ပါ။ (ရောမ ၅:၁၂) ယေဟောဝါဘုရားက ယေရှုခရစ်ကို အသေခံစေပြီး နာခံမှုရှိတဲ့ လူသားတွေရဲ့အပြစ်ကို ဖြေလွှတ်ပေးမှာဖြစ်ပါတယ်။ * ပြီးတဲ့နောက် နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်းကိုလည်း “ပယ်ဖျက်” ပေးပါလိမ့်မယ်။ (၁ ကောရိန္သု ၁၅:၂၆သမ) သစ္စာရှိတဲ့လူသားတွေဟာ ဘုရားရည်ရွယ်ထားတဲ့အတိုင်း ကျန်းကျန်းမာမာနဲ့ ထာဝစဉ် နေသွားခွင့်ရကြပါလိမ့်မယ်။

“နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” (ဗျာဒိတ် ၂၁:၄) ဘယ်လိုနာကျင်မှုမျိုးတွေ ပပျောက်သွားမှာလဲ။ အာဒံဆီကရတဲ့အပြစ်နဲ့ ကိုယ့်ရဲ့ဉာဉ်ဆိုးတွေကြောင့်ဖြစ်ပေါ်လာပြီး ဒီနေ့ခေတ် လူသန်းပေါင်းများစွာကို ဝမ်းနည်းကြေကွဲစေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျိုးတွေ ပပျောက်သွားမှာဖြစ်တယ်။

မကြာခင်မှာ ဝမ်းနည်းမျက်ရည်၊ သေခြင်းနဲ့ နာကျင်မှုတွေမရှိတဲ့ အသက်တာနဲ့ နေထိုင်ရပါတော့မယ်။ သင် ဒီလိုမေးကောင်းမေးပါလိမ့်မယ်– ‘ဘယ်နေရာမှာ နေထိုင်ရမှာလဲ။ ကောင်းကင်ဘုံမှာလား။’ မဟုတ်ပါဘူး။ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ရအောင်။ ပထမ၊ “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ” တယ်ဆိုတဲ့ စကားနဲ့ ဘုရားပေးကတိကို အစပြုထားတယ်။ လူသားတွေဟာ ဒီကမ္ဘာပေါ်မှာပဲ နေထိုင်ကြပါတယ်။ (ဗျာဒိတ် ၂၁:၃) ဒုတိယ၊ အဲဒီကတိထဲမှာ “သေခြင်းရှိတော့မည်မဟုတ်” လို့ ဆိုထားတဲ့အတွက် အရင်က သေခြင်းရှိခဲ့ဖူးတဲ့နေရာ ဖြစ်ရမယ်။ သေခြင်းဆိုတာ ကောင်းကင်မှာ တစ်ခါမှမရှိခဲ့ဖူးပါဘူး။ ဒီကမ္ဘာမှာတော့ သေခြင်းတရားရှိနေခဲ့တာ ကြာပါပြီ။ အဲဒီအချက်တွေအရ ပျော်ရွှင်ချမ်းမြေ့တဲ့ အသက်တာနဲ့နေထိုင်ရမယ်ဆိုတဲ့ ဘုရားပေးကတိက ဒီကမ္ဘာမြေပေါ်မှာပဲ သေချာပေါက် ပြည့်စုံလာမှာဖြစ်တယ်။

ဆင်းရဲဒုက္ခတွေနဲ့ ဝမ်းနည်းမှုတွေကြောင့် လူသားတွေကျရတဲ့ ဝမ်းနည်းမျက်ရည်ကို ဘုရားသခင် သုတ်ပေးပါတော့မယ်

ယေဟောဝါဘုရားက သာယာလှပတဲ့ကမ္ဘာသစ်ကို ပြုလုပ်ပေးမယ်ဆိုတဲ့ကတိကို ယုံကြည်စေချင်တယ်။ ပြည့်စုံလာတော့မယ့် ကတိတွေကို ဖော်ပြပြီးတဲ့နောက် ဘုရားသခင်က “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” လို့ ပြောပြီး အာမခံခဲ့တယ်။ “ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” လို့လည်း ပြောခဲ့တယ်။ (ဗျာဒိတ် ၂၁:၅) ဘုရားပေးကတိတွေ တကယ်ပြည့်စုံလာတာကို ယေဟောဝါသက်သေတွေနဲ့အတူ သင်နဲ့ သင့်မိသားစုလည်း မြင်တွေ့နိုင်ဖို့ ကိုယ်တော့်အကြောင်းကို ထပ်လေ့လာကြည့်ပါလား။

ဒီဇင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်

၁ ပေတရု ၁-ဗျာဒိတ် ၂၂

^ စာပိုဒ်၊ 3 ယေရှုရဲ့သေခြင်းက အပြစ်တွေကို ဘယ်လိုဖြေလွှတ်ပေးနိုင်တယ်ဆိုတာ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၅ ကို ဖတ်ကြည့်ပါ။