မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘုရားက သင့်ကို ဂရုစိုက်သလား

ဘုရားက သင့်ကို နားလည်ပေး

ဘုရားက သင့်ကို နားလည်ပေး

“အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။” —ဆာလံ ၁၃၉:၁

“ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။”—ဆာလံ ၁၃၉:၁၆ခမ။

လူတချို့ မယုံရတဲ့အကြောင်းရင်း– လူသားတွေဟာ အပြစ်သားတွေဖြစ်တဲ့အတွက် မသန့်ရှင်းဘူး၊ ဘုရားရဲ့ ဂရုစိုက်မှုကို မရထိုက်ဘူးလို့ ကိုယ်တော် ယူမှတ်တယ်ဆိုပြီး လူအများ ခံစားနေရတယ်။ စိတ်ကျရောဂါရှိတဲ့ ကန်ဒရာဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နိုင်တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားနေရသူဖြစ်တယ်။ ဒါကြောင့် “ကျွန်မ ဆုမတောင်းတော့ဘူး” လို့ သူပြောခဲ့တယ်။

ဘုရားပြောဆိုရာ– သင့်ရဲ့ အပြစ်အားနည်းချက်တွေလောက်ပဲ ယေဟောဝါဘုရား မြင်တာမဟုတ်ဘဲ သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကိုလည်း နားလည်တယ်။ ဘုရားသခင်က “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ “ပြစ်မှားခြင်းနှင့်အလျောက်” အပြစ်လည်း မပေးပါဘူး။ ကျွန်ုပ်တို့ နောင်တယူပြောင်းလဲတဲ့အခါ အပြစ်တွေကို သနားကြင်နာပြီး ခွင့်လွှတ်ပေးပါတယ်။—ဆာလံ ၁၀၃:၁၀၊ ၁၄

ပထမဆုံးဆောင်းပါးမှာ ဖော်ပြထားတဲ့ ရှေးအစ္စရေးဘုရင် ဒါဝိဒ်အကြောင်းကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကို ဒါဝိဒ် ဒီလိုဆုတောင်းခဲ့တယ်– ‘ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။ ကျွန်တော်မျိုး မမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်၏ စာစောင်တော်တွင် ရေးမှတ်ထားတော်မူပြီးဖြစ်ပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးကို စစ်ဆေးတော်မူ၍ ကျွန်တော်မျိုး၏ စိတ်နှလုံးကို သိမှတ်တော်မူပါ။’ (ဆာလံ ၁၃၉:၁၆၊ ၂၃ခမ) တစ်ခါတလေ ကြီးလေးတဲ့အပြစ်တွေ ပြုမိခဲ့ရင်တောင် တကယ်နောင်တရတဲ့စိတ်နှလုံးကို ယေဟောဝါဘုရား တွေ့မြင်နိုင်တယ်ဆိုတာ ဒါဝိဒ် ယုံကြည်တယ်။

ယေဟောဝါဘုရားက ဘယ်လူသားထက်မဆို သင့်အပေါ် ပိုပြီးနားလည်ပေးနိုင်တယ်။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်” လို့ ကျမ်းစာမှာ ပြောထားပါတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇) သင့်လုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ဘုရားသိတယ်။ ဥပမာ၊ မျိုးရိုးဗီဇ၊ ကြီးပြင်းလာပုံ၊ ပတ်ဝန်းကျင်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့အချက်တွေအားလုံးက သင့်ကို ဘယ်လိုပုံသွင်းနိုင်တယ်ဆိုတာ ကိုယ်တော် သိမြင်တယ်။ သင် အမှားတွေလုပ်မိပေမဲ့ ကောင်းတာလုပ်ဖို့ ကြိုးစားနေတာကို ကိုယ်တော်မြင်ပြီး တန်ဖိုးထားပါတယ်။

သင့်အကြောင်း ကောင်းကောင်းသိထားတဲ့ ဘုရားသခင်က သင့်ကို ဘယ်လိုနှစ်သိမ့်ပေးပါသလဲ။