အကြွေးယူတာ ကောင်းသလား
“အကြွေးယူချိန်မှာ မင်္ဂလာပွဲနဲ့ တူပြီး ပြန်ဆပ်ချိန်မှာတော့ အသုဘပွဲနဲ့ တူတယ်။” —ဆွာဟီလီ စကားပုံ။
အဲဒီစကားပုံက အရှေ့အာဖရိကမှာ လူသိများတဲ့အပြင် နိုင်ငံအတော်များများမှာရှိတဲ့လူတွေရဲ့ စိတ်ခံစားချက်ကိုလည်း ထင်ဟပ်ပြနေတယ်။ မိတ်ဆွေဆီကနေ ဒါမှမဟုတ် တခြားတစ်နေရာရာကနေ ပိုက်ဆံချေးတဲ့အခါ သင်လည်း အဲဒီလို ခံစားရသလား။ တစ်ခါတလေ အကြွေးယူတာ မမှားပေမဲ့ အကြွေးယူတိုင်း ကောင်းသလား။ ပိုက်ဆံချေးတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ။
“ငွေချေးခြင်းက မိတ်ပျက်စေတယ်” ဆိုတဲ့ ဆွာဟီလီစကားပုံတစ်ခုကနေ အဓိကပြဿနာတစ်ခုကိုလည်း သိနိုင်တယ်။ အကြွေးရှိတာက မိတ်ဆွေတွေနဲ့ မိသားစုဝင်ကြား အခင်အမင်ပျက်စေတယ်။ အကောင်းဆုံးအစီအစဉ်တွေနဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိနေရင်တောင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုး ဖြစ်တတ်တယ်။ ဥပမာ၊ အကြွေးပြန်ပေးရမယ့်အချိန်မှာ မပေးနိုင်ဘူးဆိုရင် ချေးပေးသူဘက်က စိတ်ဆိုးလာပြီး ဒေါသထွက်လာနိုင်တယ်။ ပြီးတော့ သူတို့အချင်းချင်းကြားမှာ စိတ်နာစရာတွေ ဖြစ်လာနိုင်တယ်။ နှစ်ဖက်မိသားစုတွေမှာတောင် တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။ အကြွေးကြောင့် ပြဿနာတွေဖြစ်ရတယ်။ ဒါကြောင့် ငွေကြေးကိစ္စပေါ်လာရင် အကြွေးယူပြီး အလွယ်တကူဖြေရှင်းမယ့်အစား မတတ်သာမှသာ နောက်ဆုံးအနေနဲ့ အကြွေးယူဖို့ စဉ်းစားသင့်တယ်။
ပိုက်ဆံချေးတာက ဘုရားနဲ့ ခင်မင်ရင်းနှီးမှုကိုတောင် ထိခိုက်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်ချက်အနေနဲ့ တမင်တကာ အကြွေးမဆပ်တဲ့သူကို ယုတ်မာသူလို့ ကျမ်းစာမှာ ပြောထားပါတယ်။ (ဆာလံ ၃၇:၂၁) “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” လို့လည်း ဖော်ပြထားတယ်။ (သုတ္တံ ၂၂:၇) အကြွေးယူတဲ့သူဟာ အကြွေးပြန်မဆပ်မချင်း အကြွေးရှင်က ကိုယ့်အပေါ် ကျေးဇူးခံကျေးဇူးစားဖြစ်တယ်ဆိုတာ သဘောပေါက်ထားရမယ်။ နောက်ထပ် အာဖရိကစကားပုံတစ်ခုကလည်း “သူများခြေထောက်ကို ငှားရင် အဲဒီခြေထောက်စေရာ သွားရမယ်” လို့ ဆိုထားတယ်။ အဓိပ္ပာယ်က အကြွေးနွံနစ်နေသူဟာ ကိုယ့်စိတ်တိုင်းကျ လုပ်ပိုင်ခွင့်မရှိတော့ဘူး။
ဒါကြောင့် အကြွေးပြန်ဆပ်နိုင်ဖို့ ဦးစားပေးလုပ်ရမယ်။ မဟုတ်ရင် အခက်အခဲတွေ ဖြစ်လာလိမ့်မယ်။ အကြွေးများလာတဲ့အခါ စိတ်ဖိစီးမှုတွေများလာမယ်၊ အိပ်ရေးပျက်လာမယ်၊ အလုပ်ပိုလုပ်ရမယ်၊ လင်မယားကြား စကားများလာမယ်၊ မိသားစုပြိုကွဲလာမယ်၊ ဒါတင်မက ရုံးရောက်ဂတ်ရောက်နဲ့ ထောင်ကျတာတွေတောင် ဖြစ်လာနိုင်တယ်။ “အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါး ရောမ ၁၃:၈။
အဘယ်ကြွေးမျှ မတင်စေနှင့်” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာတာက ပညာရှိရာရောက်ပါတယ်။—အကြွေးယူဖို့ လိုအပ်လာရင်ကော
အထက်ပါအချက်တွေကြောင့် ပိုက်ဆံချေးတော့မယ်ဆိုရင် သတိရှိဖို့ လိုတယ်။ တကယ်ပဲ ငွေချေးဖို့ လိုနေပြီလား။ ငါတို့မိသားစု စားဝတ်နေရေးအတွက် လိုအပ်နေလို့လား။ ဇိမ်ကျကျနေချင်လို့လား စတဲ့ မေးခွန်းတွေကို စဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အကြွေးရဲ့ကျေးကျွန်ဖြစ်မယ့်အစား ရှိတာလေးနဲ့ ရောင့်ရဲတာက ပိုကောင်းတယ် မဟုတ်လား။
ဒါပေမဲ့ ခြွင်းချက်တော့ ရှိပါတယ်။ ဥပမာ၊ အရေးပေါ်ကိစ္စပေါ်လာတဲ့အခါမှာ၊ တခြားနည်းလမ်းမရှိတော့တဲ့အခါမှာ ပိုက်ဆံချေးဖို့ လိုအပ်လာနိုင်တယ်။ မဖြစ်မနေ ချေးဖို့ လိုလာပြီဆိုရင်တောင် ပိုက်ဆံချေးမယ့်သူဟာ ရိုးသားမှု ရှိရမယ်။ ဒါဆိုရင် ရိုးသားကြောင်း ဘယ်လိုပြမလဲ။
ပထမ၊ ချမ်းသာပုံရတဲ့သူဆီကနေ ဘယ်တော့မှ အခွင့်အရေး မယူသင့်ပါဘူး။ သူက ကိုယ့်ကို ငွေကြေးအရ ကူညီပေးရမယ်လို့ မယူမှတ်သင့်ဘူး။ အဲဒီအပြင် သူ့ကို အကြွေးမဆပ်လည်း ရတယ်လို့ မထင်သင့်ဘူး။ ငွေကြေးပြည့်စုံပုံပေါက်တဲ့သူတွေကို ဝန်တိုစိတ် မရှိပါနဲ့။—သုတ္တံ ၂၈:၂၂။
ဒုတိယ၊ ချေးထားတဲ့ပိုက်ဆံကို အမြန်ဆုံး ပြန်ဆပ်ပါ။ ပိုက်ဆံချေးပေးသူက အကြွေးပြန်ဆပ်ရမယ့်နေ့ကို မသတ်မှတ်ပေးရင်တောင် သင့်ဘက်က အချိန်သတ်မှတ်ပြီး ပြန်ဆပ်သင့်ပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုမလွဲဖို့ စာချုပ်ချုပ်ထားတာလည်း ကောင်းပါတယ်။ (ယေရမိ ၃၂:၉၊ ၁၀) ဖြစ်နိုင်မယ်ဆိုရင် ကိုယ်တိုင်ပြန်သွားပြီး အကြွေးဆပ်တာက သူ့ကို ကျေးဇူးတင်ရာရောက်ပါတယ်။ အသိစိတ်ရှိရှိနဲ့ အကြွေးပြန်ဆပ်တာက အခင်အမင်မပျက်စေဘူး။ တောင်ပေါ်ဒေသနာမှာ ယေရှုက “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့” လို့ ပြောခဲ့တယ်။ (မဿဲ ၅:၃၇) ဒါ့အပြင် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဆိုတဲ့ ရွှေပညတ်ကိုလည်း အမြဲမှတ်ထားသင့်ပါတယ်။—မဿဲ ၇:၁၂။
အကျိုးရှိတဲ့ ကျမ်းစာအကြံပြုချက်များ
အလွယ်တကူ အကြွေးယူတာမျိုးမဖြစ်ဖို့ ကျမ်းစာမှာ ဒီလိုတိုက်တွန်းထားပါတယ်– “အမှန်စင်စစ်၊ ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားတရားဆည်းကပ်ခြင်းသည် များစွာအကျိုးပေး၏။” (၁ တိမောသေ ၆:၆) တစ်နည်းအားဖြင့် ရှိတာနဲ့ ရောင့်ရဲမယ်ဆိုရင် ချေးငှားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံရတော့မှာ မဟုတ်ဘူး။ လိုချင်စရာများတဲ့ ဒီနေ့ခေတ်မှာ ကျေနပ်ရောင့်ရဲဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ ကျေနပ်ရောင့်ရဲတာနဲ့ “ဘုရားတရားဆည်းကပ်ခြင်း” ဘယ်လို ဆက်စပ်နေသလဲ။
အာရှတိုက်က ခရစ်ယာန်မောင်နှံတစ်စုံအကြောင်း လေ့လာကြည့်ပါ။ အိမ်ထောင်ကျခါစမှာ ကိုယ်ပိုင်အိမ်ဝယ်နိုင်တဲ့သူတွေကို သူတို့ အားကျခဲ့တယ်။ ဒါနဲ့ သူတို့စုထားတဲ့ ငွေတွေရယ်၊ ဘဏ်နဲ့ ဆွေမျိုးတွေဆီကနေ ချေးထားတဲ့ငွေတွေ ပေါင်းပြီး အိမ်ဝယ်လိုက်ကြတယ်။ မကြာခင်မှာပဲ လစဉ် အကြွေးပြန်ဆပ်ရတဲ့နှုန်းက များလွန်းတဲ့အတွက် ဝန်ထုပ်ကြီးဖြစ်လာတယ်။ ဒါကြောင့် သူတို့ ကလေးတွေကို အချိန်သိပ်မပေးနိုင်တော့တဲ့အထိ အလုပ်ပိုလုပ်လာရတယ်။ “စိတ်ဖိစီးမှု၊ အခက်အခဲတွေနဲ့ အိပ်ရေးပျက်တာတွေကြောင့် ခေါင်းပေါ်မှာ ကျောက်တုံးကြီးပိနေသလို ခံစားလာရတယ်။ စိတ်တွေ မွန်းကြပ်လာတယ်” လို့ ခင်ပွန်းဖြစ်သူ ပြောပြတယ်။
“ရုပ်ပစ္စည်းတွေကို ဘုရားရှုထောင့်ကကြည့်ရင် အလွယ်တကူအကြွေးယူဖြစ်တော့မှာ မဟုတ်ဘူး”
အဲဒီအချိန်မှာ ၁ တိမောသေ ၆:၆ ရဲ့ ကျမ်းစကားတွေကို သူတို့ ပြန်သတိရပြီး အိမ်ရောင်းလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပဲလို့ ဆုံးဖြတ်လိုက်ကြတယ်။ ၂ နှစ်ကြာပြီးမှ သူတို့အကြွေးတွေကျေသွားတယ်။ ဒီမောင်နှံစုံ ဘာသိလိုက်ရသလဲ။ “ရုပ်ပစ္စည်းတွေကို ဘုရားရှုထောင့်ကကြည့်ရင် အလွယ်တကူအကြွေးယူဖြစ်တော့မှာ မဟုတ်ဘူး” လို့ သူတို့ကောက်ချက်ချခဲ့တယ်။
အစပိုင်းမှာဖော်ပြခဲ့တဲ့ ဆွာဟီလီစကားပုံကို လူအများ လက်ခံထားကြပေမဲ့ အကြွေးယူတဲ့သူတွေကတော့ ရှိနေတုန်းပါပဲ။ သုံးသပ်ခဲ့တဲ့ ကျမ်းစာအကြုံပြုချက်တွေအရ ငါ ပိုက်ဆံချေးသင့်သလား ဆိုတဲ့ မေးခွန်းက တကယ်ပဲ စဉ်းစားသင့်တဲ့ မေးခွန်းမဟုတ်လား။