မျက်နှာဖုံးဆောင်းပါး | ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုများ
ချမ်းသာကြွယ်ဝတဲ့အရာရှိ ပညာမဲ့စွာ ရွေးချယ်
ရိုးသားဖြောင့်မတ်ပြီး တရားဥပဒေကိုလိုက်နာတဲ့အပြင် ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်သူကြွယ် အရာရှိတစ်ဦးဟာ ယေရှုရှေ့မှာဒူးထောက်ပြီး “ဆရာ၊ ထာဝရအသက်ရရန် အဘယ်ကောင်းမှုကို ပြုရပါမည်နည်း” လို့ မေးခဲ့တယ်။
အဲဒီအခါ ယေရှုက ထာဝရအသက်ရဖို့ ဘုရားပညတ်တွေကို လိုက်နာရမယ်လို့ ဖြေလိုက်တယ်။ ဘာလုပ်ရမလဲလို့ တိတိကျကျမေးတဲ့အခါ ယေရှုက “လူ့အသက်ကို မသတ်ရ။ အိမ်ထောင်ရေး မဖောက်ပြန်ရ။ သူ့ဥစ္စာကို မခိုးရ။ မှားယွင်းသောသက်သေကို မခံရ။ မိဘကို ရိုသေသမှု ပြုလော့။ လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဆိုပြီး ပြန်ပြောလိုက်တယ်။ အဲဒီအခြေခံပညတ်တွေက မောရှေပညတ်မှာပါတဲ့ အချက်တွေဖြစ်တယ်။ လူငယ်က “ထိုပညတ်ရှိသမျှကို ကျွန်ုပ်စောင့်ရှောက်ပါပြီ။ အဘယ်အရာ လိုပါသေးသနည်း” လို့ ပြောတယ်။—မဿဲ ၁၉:၁၆-၂၀။
ယေရှုက သူ့ကို ‘ချစ်တဲ့အတွက်’ အခုလိုပြောတယ်– “သင်၌ လိုနေသောအရာတစ်ခုရှိ၏။ သွား၍ ရှိသမျှကိုရောင်းပြီးလျှင် ဆင်းရဲသောသူတို့အား ပေးကမ်းလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့။”—မာကု ၁၀:၁၇-၂၁။
လူငယ်အရာရှိက တစ်ခုခုကိုရွေးချယ်ပြီး အရေးတကြီးဆုံးဖြတ်ချက်ချရတော့မယ်။ သူ ဘယ်လို ဆုံးဖြတ်မလဲ။ ပစ္စည်းဥစ္စာတွေကို လိုလိုလားလားစွန့်ပြီး ယေရှုနောက်လိုက်မလား၊ ဒါမှမဟုတ် ဥစ္စာတွေကိုပဲ ဖက်တွယ်ထားမလား။ စည်းစိမ်ချမ်းသာတွေနောက်ကိုပဲ တကောက်ကောက်လိုက်နေမလား၊ ဒါမှမဟုတ် ယေရှုနောက်လိုက်ပြီး ဘုရားတရားကိစ္စတွေလုပ်မလား။ သူ ရွေးရခက်နေပြီ။ လူငယ်က ပညတ်တရားကိုလိုက်နာတဲ့အပြင် ဘုရားသခင့်မျက်နှာသာရဖို့ ဘာလုပ်ရမလဲဆိုတာ မေးမြန်းခဲ့တာကို ကြည့်မယ်ဆိုရင် ဘုရားရေးရာကိစ္စတွေကို သူ တော်တော်လေးစိတ်ဝင်စားခဲ့မှန်း ပေါ်လွင်နေတယ်။ ဒါဆို သူ ဘယ်လို ဆုံးဖြတ်ခဲ့သလဲ။ “သူသည် ချမ်းသာကြွယ်ဝသောကြောင့် . . . ဝမ်းနည်းလျက်ထွက်သွား၏။”—မာကု ၁၀:၂၂။
လူငယ်အရာရှိဟာ ပညာမဲ့စွာ ရွေးချယ်ပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ တကယ်လို့သာ ယေရှုရဲ့ သစ္စာရှိနောက်လိုက်ဖြစ်ခဲ့မယ်ဆိုရင် သူ လိုချင်တဲ့ ထာဝရအသက်ကို ရရှိနိုင်မှာဖြစ်တယ်။ ဒီလူငယ်ရဲ့အကြောင်းကို ကျမ်းစာမှာ ထပ်ပြီး မဖော်ပြတော့ဘူး။ သေချာတာတစ်ခုတော့ ရှိပါတယ်။ နှစ်ပေါင်း ၄၀ ကြာပြီးတဲ့နောက် ရောမစစ်တပ်က ဂျေရုဆလင်မြို့နဲ့ ယုဒနယ်တွေကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးလိုက်တဲ့အတွက် လူငယ်အရာရှိအပါအဝင် ဂျူးများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးသွားတယ်။
ယေရှုရဲ့တပည့်ဖြစ်တဲ့ ပေတရုနဲ့ တခြားတပည့်တွေက လူငယ်အရာရှိနဲ့မတူဘဲ ပညာရှိရှိရွေးချယ်ပြီး ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ သူတို့က “ရှိသမျှကိုစွန့်” ပြီး ယေရှုနောက်လိုက်ခဲ့ကြတယ်။ ဒီဆုံးဖြတ်ချက်က သူတို့အတွက် ဘယ်လောက်တောင် အကျိုးရှိလိုက်သလဲ။ သူတို့စွန့်လွှတ်ခဲ့တာတွေထက် ပိုပြီးအဆပေါင်းများစွာ ရရှိလိမ့်မယ်လို့ ယေရှု အာမခံခဲ့တယ်။ ဒါ့အပြင် သူတို့ဟာ ထာဝရအသက်ကိုလည်း ရကြမှာဖြစ်တယ်။ သူတို့ချခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။—ကျွန်ုပ်တို့အားလုံးလည်း ဘဝမှာ သေးသေးမွှားမွှားကအစ ကြီးကြီးမားမားအထိ ကိစ္စရပ်တွေကို ရွေးချယ်ပြီး ဆုံးဖြတ်ချက်တွေ ချရလေ့ရှိတယ်။ အဲဒီလိုဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ယေရှု ဘာလမ်းညွှန်ချက်ပေးခဲ့သလဲ။ ကိုယ်တော်ရဲ့ လမ်းညွှန်ချက်ကို သင်လက်ခံမလား။ သင်သာ လက်ခံလိုက်လျှောက်မယ်ဆိုရင် အကျိုးကျေးဇူးတွေ တစ်ပွေ့တစ်ပိုက်ကြီးခံစားရမှာ ဖြစ်တယ်။ ယေရှုနောက် ဘယ်လိုလိုက်နိုင်မလဲ၊ ကိုယ်တော်ရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်မယ်ဆိုရင် ဘာအကျိုးတွေရရှိမလဲ စတာတွေကို သုံးသပ်ကြည့်ကြစို့။