ကမ္ဘာဦး ၁:၁-၃၁
၁ အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။+
၂ မြေကြီးဟာ ပုံစံ မပီပြင်သေးဘူး။ လဟာပြင်ကြီး ဖြစ်နေတယ်။ ရေပြင်ကြီးပေါ်မှာ+ အမှောင်ထု ဖုံးလွှမ်းနေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ဘုရားသခင်ရဲ့ စွမ်းအားတော်+ သက်ရောက်လှုပ်ရှားနေတယ်။+
၃ ဘုရားသခင်က “အလင်းဖြစ်စေ” လို့ ပြောတဲ့အခါ အလင်း ဖြစ်လာတယ်။+
၄ အဲဒီအလင်း ကောင်းတယ်ဆိုတာကို မြင်ပြီးနောက် အလင်းနဲ့ အမှောင်ကို ဘုရားသခင် ခွဲခြားလိုက်တယ်။
၅ အလင်းကို နေ့၊ အမှောင်ကိုတော့ ညလို့ ခေါ်တယ်။+ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ပထမနေ့ ဖြစ်တယ်။
၆ ဘုရားသခင်က “ရေထုကြားမှာ ဟင်းလင်းပြင်ကြီး+ ဖြစ်ပေါ်ပြီး ရေထုနှစ်ခုကို ခြားထားစေ” လို့ ပြောတယ်။+
၇ ဟင်းလင်းပြင်ကြီးကို ဖန်ဆင်းပြီး ဟင်းလင်းပြင်အောက်က ရေထုနဲ့ ဟင်းလင်းပြင်ပေါ်က ရေထုကို ခွဲခြားလိုက်တယ်။+ အဲဒီအတိုင်း ဖြစ်လာတယ်။
၈ ဘုရားသခင်က ဟင်းလင်းပြင်ကြီးကို မိုးကောင်းကင်လို့ ခေါ်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ဒုတိယနေ့ ဖြစ်တယ်။
၉ ဘုရားသခင်က “မိုးကောင်းကင်အောက်က ရေတွေအားလုံး တစ်နေရာမှာ စုဝေးစေ၊ ကုန်းမြေ ပေါ်စေ” လို့ ပြောတဲ့အခါ+ အဲဒီအတိုင်း ဖြစ်လာတယ်။
၁၀ ကုန်းမြေကို မြေကြီး၊+ ရေအစုအဝေးကိုတော့ ပင်လယ်လို့ ခေါ်တယ်။+ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။+
၁၁ “မြေပေါ်မှာ မြက်ပင်တွေ၊ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေ အမျိုးအလိုက် ပေါက်စေ” လို့ ပြောတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။
၁၂ မြေပေါ်မှာ မြက်ပင်တွေ၊ မျိုးစေ့ပါတဲ့ အပင်တွေ၊+ မျိုးစေ့ပါတဲ့ သီးပင်တွေ အမျိုးအလိုက် ပေါက်လာတယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။
၁၃ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ တတိယနေ့ ဖြစ်တယ်။
၁၄ ဘုရားသခင်က “နေ့နဲ့ညကို ပိုင်းခြားဖို့+ ကောင်းကင်ပြင်မှာ အလင်းအိမ်တွေ ပေါ်လာစေ။+ အလင်းအိမ်တွေက ဥတုရာသီတွေ၊ နေ့ရက်တွေ၊ နှစ်တွေကို သတ်မှတ်ပေးမယ်။+
၁၅ ကမ္ဘာမြေကို အလင်းပေးဖို့ ကောင်းကင်ပြင်မှာ အလင်းအိမ်တွေအဖြစ် ရှိနေလိမ့်မယ်” လို့ ပြောတယ်။ အဲဒီအတိုင်း ဖြစ်လာတယ်။
၁၆ ဘုရားသခင်က နေ့ကို အလင်းပေးဖို့ အလင်းအိမ်ကြီး တစ်လုံး၊+ ညကို အလင်းပေးဖို့ အလင်းအိမ်ငယ်တစ်လုံးနဲ့ ကြယ်တွေကိုလည်း ပြုလုပ်တယ်။+
၁၇ အဲဒီအလင်းအိမ်တွေကို ကောင်းကင်ပြင်မှာ ထားလိုက်တယ်။ ကမ္ဘာမြေကို အလင်းပေးဖို့၊
၁၈ နေ့နဲ့ ညကို ကြီးစိုးဖို့၊ အလင်းနဲ့ အမှောင်ကို ပိုင်းခြားဖို့ပဲ။+ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။
၁၉ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ စတုတ္ထနေ့ ဖြစ်တယ်။
၂၀ ဘုရားသခင်က “ရေထဲမှာ သတ္တဝါတွေ* ပေါက်ဖွားစေ။ ပျံတတ်တဲ့ သတ္တဝါတွေလည်း မြေပြင်အထက် မိုးကောင်းကင်မှာ ပျံသန်းစေ” လို့ ပြောပြီး၊+
၂၁ ပင်လယ်သတ္တဝါကြီးတွေ၊ ရေထဲမှာ သွားလာတဲ့ သတ္တဝါတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေကို အမျိုးအလိုက် ဖန်ဆင်းတယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။
၂၂ ဒါနဲ့ “မျိုးပွားပြီး များပြားကြ။ ပင်လယ်ကို ပြည့်စေကြ။+ မြေပေါ်မှာလည်း ပျံတတ်တဲ့ သတ္တဝါတွေ ပွားများစေကြ” ဆိုပြီး သူတို့ကို ကောင်းချီးပေးတယ်။
၂၃ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ပဉ္စမနေ့ ဖြစ်တယ်။
၂၄ ဘုရားသခင်က “သားယဉ်၊ တွားသွားသတ္တဝါ၊ သားရဲစတဲ့ သတ္တဝါတွေ မြေပေါ်မှာ အမျိုးအလိုက် ပေါက်ဖွားစေ” လို့ ပြောတဲ့အခါ+ အဲဒီအတိုင်း ဖြစ်လာတယ်။
၂၅ သားယဉ်၊ သားရဲ၊ တွားသွားသတ္တဝါတွေကို အမျိုးအလိုက် ပေါက်ဖွားစေတယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။
၂၆ ဘုရားသခင်က “ငါတို့ရဲ့+ ပုံသဏ္ဌာန်အတိုင်း၊+ ငါတို့နဲ့တူတဲ့ လူကို+ ဖန်ဆင်းကြစို့။ သူက ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာ ပျံတဲ့ ငှက်တွေ၊ သားယဉ်တွေ၊ တွားသွားသတ္တဝါတွေနဲ့ မြေတစ်ပြင်လုံးကို အုပ်စိုးစေ” လို့ ပြောတယ်။+
၂၇ ဘုရားသခင်က မိမိပုံသဏ္ဌာန်အတိုင်း လူကို ဖန်ဆင်းတယ်။ ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်။+
၂၈ ပြီးတော့ “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး+ အုပ်ထိန်းကြ။+ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ”+ လို့ ပြောပြီး သူတို့ကို ကောင်းချီးပေးတယ်။
၂၉ ဘုရားသခင်က “မြေတစ်ပြင်လုံးမှာရှိတဲ့ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေကို ငါပေးတယ်။ ဒါတွေဟာ မင်းတို့ စားဖို့ပဲ။+
၃၀ သားရဲတွေ၊ မိုးကောင်းကင်မှာ ပျံတဲ့ ငှက်တွေ၊ မြေပေါ်မှာ သွားလာတဲ့ သက်ရှိသတ္တဝါတွေ စားဖို့ စိမ်းလန်းတဲ့ အပင်အားလုံးကိုလည်း ငါပေးပြီ” လို့ ပြောတယ်။+ အဲဒီအတိုင်း ဖြစ်လာတယ်။
၃၁ ဘုရားသခင်က ဖန်ဆင်းထားရာအားလုံး သိပ်ကောင်းတယ်ဆိုတာကို မြင်တယ်။+ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ဆဋ္ဌမနေ့ ဖြစ်တယ်။