ကမ္ဘာဦး ၁၃:၁-၁၈

  • ခါနန်ပြည်ကို အာဗြံ ပြန်လာ (၁-၄)

  • အာဗြံနဲ့ လောတ လမ်းခွဲ (၅-၁၃)

  • အာဗြံကို ဘုရား ကတိထပ်ပေး (၁၄-၁၈)

၁၃  အာဗြံနဲ့စာရဲက ပိုင်ဆိုင်သမျှကိုယူပြီး လောတနဲ့အတူ အီဂျစ်ပြည်ကနေ နေဂပ်အရပ်ကို+ ထွက်သွားတယ်။ ၂  အာဗြံဟာ သိုးနွားတွေ၊ ရွှေငွေတွေ ပိုင်ဆိုင်ပြီး သိပ်ချမ်းသာတယ်။+ ၃  နေဂပ်အရပ်ကနေ ဗေသလမြို့အထိ တစ်နေရာပြီးတစ်နေရာ တဲထိုးနေထိုင်ရင်း ဗေသလနဲ့ အာအိမြို့ကြားက+ တဲထိုးနေထိုင်ခဲ့ဖူးတဲ့နေရာ၊ ၄  ပူဇော်ရာပလ္လင် တည်ခဲ့ဖူးတဲ့နေရာကို ပြန်ရောက်လာတယ်။ အဲဒီနေရာမှာ အာဗြံက ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းတယ်။ ၅  အာဗြံနဲ့အတူလိုက်လာတဲ့ လောတလည်း သိုးနွားတွေ၊ တဲတွေ ပိုင်ဆိုင်တယ်။ ၆  ဒါကြောင့် တစ်နေရာတည်းမှာ အတူနေဖို့ နယ်မြေမဆံ့ဘူး။ ပစ္စည်းဥစ္စာတွေ သိပ်များလာလို့ အတူနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ၇  သူတို့ရဲ့ တိရစ္ဆာန်ထိန်းကျောင်းသူတွေ အချင်းချင်း ရန်ဖြစ်ကြတယ်။ (အဲဒီတုန်းက ခါနန်ပြည်မှာ ခါနန်လူမျိုးတွေနဲ့ ဖေရဇိလူမျိုးတွေ နေထိုင်ကြတယ်။)+ ၈  ဒါနဲ့ အာဗြံက လောတကို+ “ငါတို့ဟာ ဆွေမျိုးသားချင်းတွေပဲ။ ငါတို့အချင်းချင်း၊ တိရစ္ဆာန်ထိန်းကျောင်းသူတွေအချင်းချင်း ပြဿနာမဖြစ်သင့်ဘူး။ ၉  ဒါကြောင့် ဒီနယ်မှာ မင်းကြိုက်တဲ့နေရာကို ရွေးပြီး သွားနေပါ။ မင်း ဘယ်ဘက်ကို သွားရင် ငါညာဘက်ကို သွားမယ်။ မင်း ညာဘက်ကိုသွားရင် ငါ ဘယ်ဘက်ကိုသွားမယ်” လို့ပြောတယ်။ ၁၀  ဒါနဲ့ လောတ လှမ်းကြည့်လိုက်တဲ့အခါ ဇောရမြို့အထိ+ ဂျော်ဒန်မြစ်ဝှမ်းဒေသတစ်လျှောက်လုံးဟာ+ ယေဟောဝါရဲ့ ဥယျာဉ်လို၊+ အီဂျစ်ပြည်လို ရေပေါများတာကို သတိပြုမိတယ်။ (သောဒုံနဲ့ ဂေါမောရမြို့ကို ယေဟောဝါ မဖျက်ဆီးခင်တုန်းက အခြေအနေဖြစ်တယ်။) ၁၁  လောတလည်း ဂျော်ဒန်မြစ်ဝှမ်းဒေသကို ရွေးချယ်ပြီး အရှေ့ဘက်ကို ပြောင်းရွှေ့သွားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် လမ်းခွဲလိုက်တယ်။ ၁၂  အာဗြံက ခါနန်ပြည်မှာ နေထိုင်တယ်။ လောတကတော့ အဲဒီမြစ်ဝှမ်းဒေသကမြို့တွေမှာ+ နေထိုင်တယ်။ နောက်ဆုံး သောဒုံမြို့အနီးမှာ တဲထိုးပြီး အခြေချတယ်။ ၁၃  သောဒုံမြို့သားတွေဟာ ဆိုးညစ်သူ၊ ယေဟောဝါရှေ့မှာ အပြစ်ကြီးသူတွေပဲ။+ ၁၄  လောတ လမ်းခွဲသွားပြီးနောက် ယေဟောဝါက အာဗြံကို “အခု မင်းရောက်နေတဲ့နေရာကနေ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ကြည့်လိုက်ပါဦး။ ၁၅  မြင်နေရတဲ့ပြည်တစ်ခုလုံးကို မင်းနဲ့မင်းရဲ့မျိုးနွယ်ကို ငါအပိုင်ပေးမယ်။+ ၁၆  မင်းရဲ့မျိုးနွယ်ကို မြေမှုန့်လို များပြားစေမယ်။ မြေမှုန့်ကို ရေတွက်နိုင်မှပဲ မင်းရဲ့မျိုးနွယ်ကို ရေတွက်နိုင်မယ်။+ ၁၇  အခု၊ ဒီပြည်တစ်ခွင်လုံး နေရာအနှံ့ သွားပါ။ ဒီတစ်ပြည်လုံး မင်းကို ငါပေးမယ်” လို့ပြောတယ်။ ၁၈  ဒါနဲ့ အာဗြံဟာ တဲထိုးပြီး ဆက်နေထိုင်တယ်။ နောက်ပိုင်းမှာ ဟေဗြုန်မြို့၊+ မံရေအရပ်က အပင်ကြီးတွေအနား+ ရောက်လာပြီး နေထိုင်တယ်။ အဲဒီမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။+

အောက်ခြေမှတ်ချက်များ