ကမ္ဘာဦး ၁၄:၁-၂၄
၁၄ ရှိနာဘုရင်+ အံရဖေလ၊ ဧလာသာဘုရင် အာရုတ်၊ ဧလံဘုရင်+ ခေဒေါရလောမာ၊+ ဂေါအိမ်ဘုရင် တိဒလတို့က၊
၂ သောဒုံဘုရင်+ ဗေရ၊ ဂေါမောရဘုရင်+ ဗိရရှ၊ အာဒမာဘုရင် ရှိနပ်၊ ဇေဘိုင်ဘုရင်+ ရှေမဘာ၊ ဗေလဘုရင်တို့နဲ့ စစ်တိုက်တယ်။ ဗေလမြို့ကို ဇောရလို့လည်း ခေါ်တယ်။
၃ သူတို့က* ဆားငန်အိုင်ဖြစ်တဲ့+ စိဒိမ်ချိုင့်ဝှမ်းမှာ+ မဟာမိတ်ဖွဲ့ကြတယ်။
၄ ဘုရင်ငါးပါးဟာ ဘုရင် ခေဒေါရလောမာဆီမှာ ၁၂ နှစ် ကျွန်ခံပြီးနောက် ၁၃ နှစ်မြောက်မှာ ပုန်ကန်တယ်။
၅ ဒါကြောင့် ၁၄ နှစ်မြောက်မှာ ဘုရင် ခေဒေါရလောမာက မဟာမိတ်ဘုရင်တွေနဲ့အတူ ချီတက်လာပြီး အာရှတရုတ် ကာနိမ်အရပ်မှာ ရေဖိမ်လူမျိုး၊ ဟာမအရပ်မှာ ဇူဇိမ်လူမျိုး၊ ရှာဝေ ကိရိယသိမ်အရပ်မှာ ဧမိမ်လူမျိုးတွေကို+ တိုက်ခိုက်အောင်မြင်တယ်။
၆ စိရတောင်ပေါ်က+ ဟောရိလူမျိုးကိုလည်း+ တောကန္တာရနယ်စပ်၊ ဧလပါရန်အရပ်အထိ တိုက်ခိုက်အောင်မြင်တယ်။
၇ အဲဒီနောက် သူတို့ပြန်လှည့်လာတယ်။ ကာဒေရှလို့ခေါ်တဲ့+ အင်မိရှပတ်အရပ်ကို ရောက်တဲ့အခါ အာမလက်လူမျိုးရဲ့+ နယ်မြေတစ်ခုလုံးအပြင် ဟာဇဇုန်တမာမြို့မှာနေထိုင်တဲ့+ အာမောရိလူမျိုးကိုလည်း+ အနိုင်ရတယ်။
၈ အဲဒီအချိန်မှာ သောဒုံဘုရင်ဟာ ဂေါမောရဘုရင်၊ အာဒမာဘုရင်၊ ဇေဘိုင်ဘုရင်၊ ဗေလ (ဇောရ) ဘုရင်တွေနဲ့အတူ ချီတက်လာတယ်။ စိဒိမ်ချိုင့်ဝှမ်းမှာ စစ်ခင်းပြီး၊
၉ ဧလံဘုရင် ခေဒေါရလောမာ၊ ဂေါအိမ်ဘုရင် တိဒလ၊ ရှိနာဘုရင် အံရဖေလ၊ ဧလာသာဘုရင် အာရုတ်ကို+ တိုက်တယ်။ ဘုရင်လေးပါးနဲ့ ဘုရင်ငါးပါး တိုက်ခိုက်ကြတယ်။
၁၀ စိဒိမ်ချိုင့်ဝှမ်းမှာ ကတ္တရာတွင်းတွေ အများကြီးရှိတဲ့အတွက် သောဒုံနဲ့ဂေါမောရဘုရင်တွေ ထွက်ပြေးတဲ့အခါ အဲဒီတွင်းတွေထဲ ကျသွားတယ်။ ကျန်တဲ့လူတွေ တောင်တန်းဒေသဆီ ထွက်ပြေးသွားတယ်။
၁၁ အနိုင်ရသူတွေက သောဒုံနဲ့ ဂေါမောရမြို့မှာရှိတဲ့ ပစ္စည်းဥစ္စာတွေနဲ့ စားနပ်ရိက္ခာအားလုံးကို သိမ်းယူသွားကြတယ်။+
၁၂ အာဗြံအစ်ကိုရဲ့သား၊ သောဒုံမြို့မှာနေထိုင်တဲ့+ လောတနဲ့ သူ့ရဲ့ပစ္စည်းဥစ္စာတွေကိုလည်း သိမ်းယူပြီး ထွက်သွားကြတယ်။
၁၃ လွတ်မြောက်လာသူတစ်ယောက်က ဟီဘရူးလူမျိုး အာဗြံဆီ ရောက်လာပြီး အကြောင်းစုံပြောပြတယ်။ အဲဒီအချိန်မှာ အာဗြံက အာမောရိလူမျိုး မံရေပိုင်တဲ့ အပင်ကြီးတွေအနားမှာ+ တဲထိုးနေထိုင်တယ်။ မံရေနဲ့ သူ့ညီနောင် ဧရှကောလ၊ အာနေရဟာ+ အာဗြံနဲ့ မိတ်ဖွဲ့ထားကြတယ်။
၁၄ ဆွေမျိုးတွေ+ အဖမ်းခံရတဲ့သတင်းကို အာဗြံ ကြားတဲ့အခါ တိုက်ရည်ခိုက်ရည်ရှိတဲ့ လက်ရင်းတပည့် ၃၁၈ ယောက်ကိုစုပြီး ဒန်မြို့အထိ+ လိုက်သွားတယ်။
၁၅ ညရောက်တော့ သူ့လူတွေကို အုပ်စုခွဲပြီး ရန်သူတွေကို တိုက်ခိုက်အနိုင်ယူလိုက်တယ်။ ရန်သူတွေကို ဒမတ်စကတ်မြို့မြောက်ဘက် ဟောဘမြို့အထိ လိုက်ပြီးတိုက်တယ်။
၁၆ ပြီးတော့ ပစ္စည်းဥစ္စာအားလုံး ပြန်ယူခဲ့တယ်။ တူလောတနဲ့ ပစ္စည်းဥစ္စာတွေ၊ အမျိုးသမီးတွေနဲ့ တခြားသူတွေကိုလည်း ပြန်ခေါ်ခဲ့တယ်။
၁၇ အာဗြံက ဘုရင် ခေဒေါရလောမာနဲ့ မဟာမိတ်ဘုရင်တွေကို အနိုင်ရပြီး ပြန်လာတဲ့အခါ သောဒုံမင်းက ဘုရင့်ချိုင့်ဝှမ်းလို့ခေါ်တဲ့+ ရှာဝေချိုင့်ဝှမ်းမှာ ထွက်ကြိုတယ်။
၁၈ အမြင့်ဆုံးဘုရားသခင်ရဲ့+ ပုရောဟိတ်ဖြစ်တဲ့ ဆာလင်မင်း+ မေလခိဇေဒက်လည်း+ မုန့်နဲ့ဝိုင်ကို ယူလာတယ်။
၁၉ ပြီးတော့ အာဗြံအတွက် ဆုမွန်ကောင်း တောင်းပေးတယ်–
“မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊အမြင့်ဆုံးဘုရားသခင်က အာဗြံကို ကောင်းချီးပေးပါစေ။
၂၀ ဖိနှိပ်သူတွေကို မင်းရဲ့လက်ထဲ အပ်တဲ့အမြင့်ဆုံးဘုရားသခင်ကို ချီးမွမ်းကြပါစေ။”
အာဗြံလည်း တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ကို ဆာလင်မင်းကို ပေးတယ်။+
၂၁ အဲဒီနောက် သောဒုံဘုရင်က “ပစ္စည်းဥစ္စာတွေကို မင်းယူလိုက်။ ငါ့လူတွေကိုတော့ ပြန်ပေးပါ” လို့ပြောတယ်။
၂၂ ဒါနဲ့ အာဗြံကလည်း “မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ အမြင့်ဆုံးဘုရားသခင် ယေဟောဝါရှေ့မှာ လက်ကိုမြှောက်ပြီး ကျွန်တော် ကျိန်ဆိုပါတယ်။
၂၃ ‘ငါ့ကြောင့် အာဗြံချမ်းသာနေတာ’ လို့ မင်းကြီးမပြောနိုင်အောင် အပ်ချည်တစ်မျှင်ကအစ ခြေနင်းကြိုးတစ်ပင်အဆုံး မင်းကြီးရဲ့ဥစ္စာ ဘာတစ်ခုကိုမှ ကျွန်တော် မယူပါဘူး။
၂၄ ဒီလူငယ်တွေ စားလိုက်တဲ့ အစာကလွဲလို့ ဘာကိုမှ မယူပါဘူး။ ကျွန်တော်နဲ့လိုက်လာတဲ့ အာနေရ၊ ဧရှကောလ၊ မံရေကတော့+ သူတို့ဝေစုကို ယူကြပါစေ” လို့ သောဒုံဘုရင်ကို ပြန်ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ အခန်းငယ် ၁ မှာပါတဲ့ ဘုရင်တွေ ဖြစ်နိုင်။