ကမ္ဘာဦး ၂:၁-၂၅
၂ ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေပေါ် ရှိသမျှကို ဖန်ဆင်းပြီးသွားပြီ။+
၂ သတ္တမနေ့မတိုင်ခင်မှာ ဘုရားသခင်က အလုပ်တွေကို လက်စသတ်လိုက်ပြီ။ သတ္တမနေ့မှာ ဖန်ဆင်းတဲ့ အလုပ်အားလုံးကနေ စတင် အနားယူတယ်။+
၃ ဘုရားသခင်ဟာ ရည်ရွယ်ထားသမျှကို ဖန်ဆင်းပြီးသွားလို့ သတ္တမနေ့မှာ အနားယူနေတဲ့အတွက် အဲဒီနေ့ကို ကောင်းချီးပေးပြီး မြင့်မြတ်တဲ့နေ့* လို့ သတ်မှတ်တယ်။
၄ ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါ* ဘုရား ဖန်ဆင်းတဲ့နေ့မှာ+ ကောင်းကင်နဲ့မြေကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကတော့–
၅ ယေဟောဝါဘုရားက မြေပေါ် မိုးမရွာစေတဲ့အတွက်၊ ထွန်ယက်စိုက်ပျိုးသူလည်း မရှိတဲ့အတွက် မြေပေါ်မှာ ဘာချုံပင်၊ ဘာအပင်မှ မပေါက်သေးဘူး။
၆ ဒါပေမဲ့ မြေထဲကနေ ရေခိုးရေငွေ့တွေ တက်လာပြီး မြေတစ်ပြင်လုံး စိုစွတ်နေတယ်။
၇ ယေဟောဝါဘုရားက လူကို မြေမှုန့်နဲ့ ပုံဖော်ပြီး+ နှာခေါင်းထဲ အသက်စွမ်းအားကို မှုတ်လိုက်တဲ့အခါ+ လူဟာ အသက်ရှင်သူ* ဖြစ်လာတယ်။+
၈ ယေဟောဝါဘုရားက အရှေ့ဘက်၊ ဧဒင်အရပ်မှာ ဥယျာဉ်စိုက်ပျိုးပြီး+ ဖန်ဆင်းထားတဲ့လူကို အဲဒီမှာ နေစေတယ်။+
၉ ယေဟောဝါဘုရားက စားချင်စရာကောင်းပြီး လှပတဲ့ အပင်အမျိုးမျိုးကို မြေပေါ်မှာ ပေါက်စေတယ်။ အကောင်းအဆိုး သိကျွမ်းရာအပင်ကို+ ပေါက်စေတယ်။ ဥယျာဉ်ထဲမှာ အသက်ပင်ကိုလည်း+ ပေါက်စေတယ်။
၁၀ ဥယျာဉ်ကို ရေပေးဖို့ ဧဒင်အရပ်ကနေ မြစ်တစ်စင်း စီးဆင်းလာပြီး မြစ်လေးသွယ်အဖြစ် ဖြာထွက်သွားတယ်။
၁၁ ပထမမြစ်က ဖိရှုန် ဖြစ်ပြီး ရွှေထွက်တဲ့ ဟဝိလနယ်မြေ တစ်လျှောက်လုံးကို ကွေ့ပတ်စီးဆင်းတယ်။
၁၂ အဲဒီနယ်မြေက ရွှေဟာ အရည်အသွေး ကောင်းတယ်။ သစ်စေးမွှေး* နဲ့ မဟူရာကြောင်ဝင်ကျောက်လည်း ထွက်တယ်။
၁၃ ဒုတိယမြစ်က ဂိဟုန် ဖြစ်ပြီး ကုရှနယ်မြေ တစ်လျှောက်လုံးကို ကွေ့ပတ်စီးဆင်းတယ်။
၁၄ တတိယမြစ်က တိုက်ဂရစ်*+ ဖြစ်ပြီး အဆီးရီးယားပြည်+ အရှေ့ဘက်ကို စီးဆင်းတယ်။ စတုတ္ထမြစ်က ယူဖရေးတီး+ ဖြစ်တယ်။
၁၅ ယေဟောဝါဘုရားက လူကို ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။+
၁၆ ပြီးတော့ ယေဟောဝါဘုရားက “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မင်း စိတ်ကြိုက်စားခွင့်ရှိတယ်။+
၁၇ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်”+ လို့ သူ့ကို မိန့်မှာတယ်။
၁၈ ယေဟောဝါဘုရားက “လူဟာ တစ်ယောက်တည်း ဆက်နေဖို့ မသင့်တော်ဘူး။ သူ့ကို ကူညီမယ့်သူ၊ သူနဲ့ တွဲဖက်ညီသူကို ငါလုပ်ပေးမယ်” လို့ ပြောတယ်။+
၁၉ ယေဟောဝါဘုရားက မြေမှုန့်နဲ့ ဖန်ဆင်းထားတဲ့ သားရဲတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေကို လူရှိရာဆီ ခေါ်လာပြီး နာမည်ပေးခိုင်းတယ်။ သတ္တဝါအားလုံး သူပေးတဲ့အတိုင်း နာမည်တွင်သွားတယ်။+
၂၀ လူက သားယဉ်၊ သားရဲ၊ ပျံတတ်တဲ့ သတ္တဝါတွေကို နာမည်ပေးတယ်။ သူ့ဆီမှာတော့ ကူညီမယ့်သူ၊ တွဲဖက်ညီသူ မရှိသေးဘူး။
၂၁ ဒါကြောင့် ယေဟောဝါဘုရားက လူကို အိပ်မောကျစေတယ်။ သူအိပ်ပျော်နေတုန်း နံရိုးတစ်ချောင်း ထုတ်ယူပြီး အဲဒီနေရာကို အသားနဲ့ ပြန်ပိတ်လိုက်တယ်။
၂၂ ယေဟောဝါဘုရားက အဲဒီနံရိုးနဲ့ မိန်းမတစ်ယောက် ဖန်ဆင်းပြီး လူရှိရာဆီ ခေါ်လာတယ်။+
၂၃ အဲဒီအခါ လူက
“ဒါမှ ငါ့အရိုးထဲက အရိုး၊ငါ့အသားထဲက အသားပဲ။
လူယောက်ျားထဲက ထုတ်ယူတာမို့+လူမိန်းမလို့ ခေါ်မယ်” ဆိုပြီး ပြောတယ်။
၂၄ ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။+
၂၅ လူလင်မယားဟာ အဝတ် မဝတ်ထားပေမဲ့+ မရှက်ကြဘူး။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အထူးရည်ရွယ်ချက်အတွက် သီးသန့်ဖယ်ထားတဲ့နေ့။”
^ ဦးဆုံးအကြိမ်တွေ့ရတဲ့ ဘုရားသခင့်နာမည်။ နောက်ဆက်တွဲ က၄ ကိုကြည့်။
^ မူရင်း၊ “ဗေဓလသစ်စေး။” ပုလဲလုံးနဲ့တူပြီး အကြည်ရောင် ရှိ။
^ မူရင်း၊ “ဟိဒကေလ။”