ကမ္ဘာဦး ၃၁:၁-၅၅
၃၁ နောက်တော့ လာဗန်ရဲ့သားတွေက “ငါတို့အဖေပိုင်သမျှကို ယာကုပ်ယူသွားပြီ။ အဖေ့ဥစ္စာတွေနဲ့ သူကြီးပွားနေတာ” လို့ပြောနေကြတာကို ယာကုပ်ကြားတယ်။+
၂ လာဗန်ရဲ့မျက်နှာကို ကြည့်တော့လည်း သဘောထားပြောင်းသွားမှန်း ယာကုပ်ရိပ်မိတယ်။+
၃ ယေဟောဝါက “မင်းရဲ့ဘိုးဘေးတွေ၊ ဆွေမျိုးတွေရှိတဲ့ပြည်ကို ပြန်ပါ။+ မင်းနဲ့အတူ ငါအမြဲရှိမယ်” လို့ပြောတယ်။
၄ အဲဒီအခါ ယာကုပ်က ရာခေလနဲ့ လေအာကို သူ့တိရစ္ဆာန်အုပ်ရှိတဲ့ လယ်တောဆီ လာဖို့ မှာလိုက်တယ်။
၅ ပြီးတော့ သူတို့ကို ပြောတယ်–
“မင်းတို့အဖေက ငါ့အပေါ် သဘောထားပြောင်းသွားမှန်း ငါသိတယ်။+ ဒါပေမဲ့ ငါ့အဖေကိုးကွယ်တဲ့ ဘုရားသခင်က ငါနဲ့အတူ ရှိတယ်။+
၆ မင်းတို့အဖေအတွက် ငါအစွမ်းကုန် လုပ်ပေးခဲ့တာ မင်းတို့ အသိဆုံးပါ။+
၇ သူက ငါ့ကိုလှည့်စားပြီး ငါ့လုပ်အားခကို ဆယ်ကြိမ်တောင် ပြောင်းလဲခဲ့ပေမဲ့ ငါ့ကိုထိခိုက်အောင် လုပ်ဖို့ ဘုရားသခင် ခွင့်မပြုခဲ့ဘူး။
၈ ‘အကွက်အကျားပါတဲ့ အကောင်တွေဟာ မင်းလုပ်အားခပဲ’ လို့ သူပြောတော့ တိရစ္ဆာန်တစ်အုပ်လုံးက အကွက်အကျားတွေ မွေးလာတယ်။ ‘အစင်းပါတဲ့ အကောင်တွေဟာ မင်းလုပ်အားခပဲ’ လို့ပြောတော့လည်း တိရစ္ဆာန်တစ်အုပ်လုံးက အစင်းပါတဲ့အကောင်တွေ မွေးလာတယ်။+
၉ ဒီနည်းနဲ့ ဘုရားသခင်က မင်းတို့အဖေရဲ့ တိရစ္ဆာန်အုပ်ကို ငါ့လက်ထဲ အပ်တယ်။
၁၀ တိရစ္ဆာန်တွေ မိတ်လိုက်ချိန်မှာ ငါအိပ်ပျော်သွားတော့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ မိတ်လိုက်နေတဲ့ ဆိတ်ထီးတွေက အစင်းတွေ၊ အကွက်အကျားတွေပါတဲ့ အကောင်တွေ ဖြစ်နေတာကို ငါတွေ့လိုက်တယ်။+
၁၁ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်က အိပ်မက်ထဲမှာ ‘ယာကုပ်’ လို့ခေါ်တော့ ငါက ‘ခင်ဗျာ’ လို့ပြန်ထူးတယ်။
၁၂ အဲဒီအခါ သူက ‘ကြည့်လိုက်ပါ။ မိတ်လိုက်နေတဲ့ ဆိတ်ထီးတွေဟာ အစင်းတွေ၊ အကွက်အကျားတွေပါတဲ့ အကောင်တွေချည်းပဲဆိုတာ မင်း မြင်ပြီလား။ မင်းကို လာဗန်ဘာလုပ်တယ်ဆိုတာ ငါအားလုံးသိတယ်။+
၁၃ မင်းက ဗေသလအရပ်မှာ+ ကျောက်တိုင်ကို ဆီလောင်းပြီး* သစ္စာကတိပြုခဲ့တယ်။+ အဲဒီတုန်းက မင်းဆီရောက်လာတဲ့ စစ်မှန်တဲ့ဘုရားသခင်ဟာ ငါပဲ။ အခု၊ ဒီပြည်ကနေထွက်ပြီး ကိုယ့်ဇာတိမြေကို ပြန်ပါ’ တဲ့။”+
၁၄ ရာခေလနဲ့ လေအာကလည်း “အဖေ့အိမ်ကနေ ကျွန်မတို့အမွေရစရာ ဘာမှမရှိဘူး။
၁၅ အဖေက ကျွန်မတို့ကို ရောင်းစားပြီး ရသမျှငွေကို သုံးဖြုန်းလိုက်ကတည်းက ကျွန်မတို့ကို သူစိမ်းတွေလို သဘောထားခဲ့တယ်။+
၁၆ အဖေ့ဆီက ဘုရားသခင်သိမ်းယူလိုက်တဲ့ စည်းစိမ်အားလုံးဟာ ကျွန်မတို့နဲ့ သားသမီးတွေရဲ့ဥစ္စာပဲ။+ ဒါကြောင့် ဘုရားသခင်ပြောသလိုသာ လုပ်ပါ”+ လို့ပြန်ပြောတယ်။
၁၇ ဒါနဲ့ ယာကုပ်က သားမယားတွေကို ကုလားအုတ်ပေါ် တင်တယ်။+
၁၈ ပြီးတော့ တိရစ္ဆာန်အုပ်တွေ၊ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ၊+ ပါဒန်အာရံအရပ်မှာရခဲ့တဲ့ တိရစ္ဆာန်တွေ အားလုံးကိုယူပြီး အဖေအိဇက်ရှိရာ ခါနန်ပြည်ကို ထွက်သွားတယ်။+
၁၉ လာဗန် သိုးမွေးညှပ်ဖို့ သွားနေတုန်း ရာခေလက အဖေ့ရဲ့+ တေရပ်ရုပ်တု*+ ကိုခိုးယူခဲ့တယ်။
၂၀ ယာကုပ်ကလည်း လာဗန်ကို အသိမပေးဘဲ ထွက်သွားတယ်။ ဒီလိုနဲ့ အာရံအမျိုးသား လာဗန်ကို လှည့်စားခဲ့တယ်။
၂၁ ယာကုပ်က သူ့မိသားစု၊ ပစ္စည်းဥစ္စာအားလုံးနဲ့အတူ မြစ်ကြီး*+ တစ်ဖက်ကမ်းကို ကူးသွားတယ်။ အဲဒီနောက် ဂိလဒ်+ တောင်တန်းဒေသဘက်ကို ဦးတည်သွားတယ်။
၂၂ ယာကုပ်ထွက်သွားမှန်း နောက်သုံးရက်ကြာမှ လာဗန်သိတယ်။
၂၃ ဒါနဲ့ သူ့လူတွေကိုခေါ်ပြီး ယာကုပ်နောက်လိုက်တာ ခုနစ်ရက်ကြာမှ ဂိလဒ်တောင်တန်းဒေသမှာ မီတော့တယ်။
၂၄ ညရောက်တော့ အာရံအမျိုးသား+ လာဗန်ရဲ့အိပ်မက်ထဲမှာ+ ဘုရားသခင် ရောက်လာပြီး “ယာကုပ်ကို စကားပြောတဲ့အခါ ဆင်ခြင်ပါ”+ လို့မှာတယ်။
၂၅ ယာကုပ်က ဂိလဒ်တောင်တန်းမှာ တဲထိုးထားတယ်။ လာဗန်လည်း ရောက်လာတဲ့အခါ သူ့လူတွေနဲ့အတူ အဲဒီတောင်တန်းမှာ စခန်းချတယ်။ အဲဒီနောက် ယာကုပ်ဆီ သွားပြီး၊
၂၆ “မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ငါ့ကိုလည်း အသိမပေးပါလား။ စစ်သုံ့ပန်းတွေကို ခေါ်သွားသလို ငါ့သမီးတွေကို ဘာလို့ခေါ်သွားတာလဲ။
၂၇ ဘာလို့ ငါ့ကိုလှည့်စားပြီး မပြောမဆိုနဲ့ တိတ်တိတ်လေး ထွက်ပြေးရတာလဲ။ ငါ့ကိုသာပြောခဲ့ရင် ချူတပ်ဗုံတွေ စောင်းတွေ တီး၊ သီချင်းတွေဆိုပြီး ဝမ်းသာအားရ လိုက်ပို့မှာပေါ့။
၂၈ အခုတော့ ငါ့သမီးတွေ၊ မြေးတွေကို နမ်းခွင့်တောင် မပေးဘူး။ မင်းလုပ်ပုံက တော်တော်ဆိုးတာပဲ။
၂၉ မင်းတို့ဒုက္ခရောက်အောင် ငါလုပ်လို့ရတယ်။ ဒါပေမဲ့ မနေ့ညမှာ မင်းတို့အဖေကိုးကွယ်တဲ့ ဘုရားသခင်က ‘ယာကုပ်ကို စကားပြောတဲ့အခါ ဆင်ခြင်ပါ’+ ဆိုပြီး ငါ့ကိုမှာတယ်။
၃၀ မင်းအဖေရဲ့အိမ်ကို ပြန်ချင်လွန်းလို့ ထွက်သွားတယ်ဆိုရင်လည်း ငါ့ရဲ့ဘုရားရုပ်တုတွေကို ဘာလို့ခိုးသွားတာလဲ” လို့ပြောတယ်။+
၃၁ ဒါနဲ့ ယာကုပ်က “ဦးကြီးရဲ့သမီးတွေကို ကျွန်တော်နဲ့ခွဲလိုက်မှာ စိုးလို့ပါ။
၃၂ ဦးကြီးရဲ့ဘုရားရုပ်တုတွေကို တစ်ယောက်ယောက်ဆီမှာ တွေ့ရင် အရှင်မထားပါနဲ့။ ကျွန်တော့်ပစ္စည်းတွေကို အားလုံးရှေ့မှာ ရှာကြည့်ပါ။ ဦးကြီးရဲ့ရုပ်တုကို တွေ့ရင် ယူသွားပါ” လို့ လာဗန်ကို ပြန်ပြောတယ်။ အဲဒီရုပ်တုတွေကို ရာခေလခိုးထားမှန်း ယာကုပ်မသိဘူး။
၃၃ ဒါနဲ့ လာဗန်လည်း ယာကုပ်ရဲ့တဲ၊ လေအာရဲ့တဲ၊ ကျွန်မနှစ်ယောက်ရဲ့+ တဲတွေထဲ ဝင်ရှာပေမဲ့ မတွေ့ဘူး။ နောက်ဆုံး လေအာရဲ့တဲကနေ ထွက်ပြီး ရာခေလရဲ့တဲထဲ ဝင်ရှာတယ်။
၃၄ ရာခေလက တေရပ်ရုပ်တုကို အမျိုးသမီးသုံး ကုလားအုတ်ကုန်းနှီးအိတ်ထဲ ထည့်ပြီး အဲဒီအိတ်ပေါ်မှာ ထိုင်နေတယ်။ ဒါကြောင့် လာဗန်က တဲတစ်ခုလုံး နှံ့အောင်ရှာပေမဲ့ မတွေ့ဘူး။
၃၅ ရာခေလက ဖခင်ကို “မိန်းမတို့ဓမ္မတာအတိုင်း ဖြစ်နေလို့+ မထနိုင်တာကို စိတ်မရှိပါနဲ့” လို့ပြောတယ်။ လာဗန်လည်း နှံ့အောင်ရှာပေမဲ့ တေရပ်ရုပ်တုကို မတွေ့ဘူး။+
၃၆ အဲဒီအခါ ယာကုပ်စိတ်ဆိုးပြီး လာဗန်ကို အပြစ်တင်တယ်။ “ကျွန်တော် ဘာအမှားလုပ်မိလို့လဲ။ ဘာအပြစ်လုပ်မိလို့ ကျွန်တော့်နောက်ကို အသည်းအသန် လိုက်ရတာလဲ။
၃၇ အခု ကျွန်တော့်ပစ္စည်းတွေကို ရှာပြီးပြီပဲ။ ဦးကြီးပိုင်တာ ဘာများတွေ့လို့လဲ။ တွေ့ရင် ဒီလူအားလုံးရှေ့မှာ ချပြပါ။ ဘယ်သူလွန်သလဲဆိုတာ သူတို့ဆုံးဖြတ်ပါစေ။
၃၈ ဦးကြီးဆီမှာ ကျွန်တော် အနှစ် ၂၀ နေခဲ့တယ်။ ဦးကြီးရဲ့သိုးတွေဆိတ်တွေ သားလျှောတာ တစ်ခါမှ မရှိခဲ့ဘူး။+ ဦးကြီးရဲ့သိုးထီးတွေကိုလည်း ကျွန်တော် တစ်ခါမှ မစားခဲ့ဖူးဘူး။
၃၉ သားရဲကိုက်တဲ့အကောင်တွေကို+ ဦးကြီးဆီ တစ်ခါမှ မယူလာဖူးဘူး။ ကိုယ်တိုင်ပဲ အရှုံးခံခဲ့တယ်။ နေ့မှာဖြစ်ဖြစ်၊ ညမှာဖြစ်ဖြစ် တိရစ္ဆာန်တွေ အခိုးခံရရင်လည်း ကျွန်တော့်ကိုပဲ ပြန်လျော်ခိုင်းတယ်။
၄၀ နေပူဒဏ်၊ ညရဲ့အအေးဒဏ်ကို ခံခဲ့ရတယ်။ အိပ်ရေးလည်း ပျက်ခဲ့ရတယ်။+
၄၁ ဦးကြီးအိမ်မှာ အနှစ် ၂၀ လုံးလုံး ဒီလိုအပင်ပန်းခံခဲ့တယ်။ ဦးကြီးရဲ့သမီးနှစ်ယောက်အတွက် ၁၄ နှစ်၊ တိရစ္ဆာန်တွေအတွက် ၆ နှစ် အလုပ်လုပ်ခဲ့တယ်။ ဦးကြီးက ကျွန်တော့်လုပ်အားခကိုလည်း ဆယ်ကြိမ် ပြောင်းလဲပစ်တယ်။+
၄၂ အာဗြဟံကိုးကွယ်တဲ့ဘုရား၊ ကျွန်တော့်အဖေအိဇက် ကြောက်ရွံ့တဲ့ဘုရားသာ+ ကျွန်တော့်ဘက်မှာ မရှိဘူးဆိုရင် ဦးကြီးက ကျွန်တော့်ကို လက်ချည်းသက်သက် ပြန်လွှတ်လိုက်မှာပဲ။ ကျွန်တော်ဒုက္ခခံပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့တာကို ဘုရားသခင်သိလို့ မနေ့ညက ဦးကြီးကို ဆုံးမတာပါ”+ လို့ပြောတယ်။
၄၃ ဒါနဲ့ လာဗန်က ယာကုပ်ကို “ဒီသမီးတွေဟာ ငါ့သမီးတွေ၊ ဒီကလေးတွေဟာ ငါ့ကလေးတွေ၊ ဒီတိရစ္ဆာန်တွေဟာ ငါ့တိရစ္ဆာန်တွေပဲ။ အခုမြင်သမျှအားလုံး ငါနဲ့ ငါ့သမီးတွေရဲ့ ဥစ္စာတွေပဲ။ သူတို့တွေ၊ သူတို့မွေးတဲ့ကလေးတွေ ထိခိုက်အောင် ငါလုပ်ပါ့မလား။
၄၄ ကဲ၊ ကတိသစ္စာပြုကြရအောင်။ ဒို့နှစ်ယောက်အတွက် သက်သေပေါ့ကွာ” လို့ပြောတယ်။
၄၅ ယာကုပ်လည်း ကျောက်တုံးတစ်တုံးကို ယူပြီး စိုက်ထူလိုက်တယ်။+
၄၆ သူ့လူတွေကို “ကျောက်တုံးတွေ စုကြ” လို့ပြောတော့ ကျောက်တုံးတွေကို စုပုံကြတယ်။ ပြီးနောက် အဲဒီကျောက်ပုံပေါ်မှာ သူတို့စားသောက်ကြတယ်။
၄၇ အဲဒီကျောက်ပုံကို လာဗန်က ယေဂါဆဟာဒုသလို့ခေါ်ပြီး ယာကုပ်ကတော့ ဂါလဒ်လို့ခေါ်တယ်။
၄၈ လာဗန်က “ဒီနေ့ ဒီကျောက်ပုံဟာ ဒို့နှစ်ယောက်အတွက် သက်သေပဲ” လို့ပြောတယ်။ ဒါကြောင့် အဲဒီကျောက်ပုံကို ဂါလဒ်လို့+ ခေါ်တယ်။
၄၉ ကင်းမျှော်စင်လို့လည်း ခေါ်တယ်။ လာဗန်က “ဒို့နှစ်ယောက် မျက်ကွယ်ရာရောက်တဲ့အခါ ယေဟောဝါက ငါတို့ကို စောင့်ကြည့်နေပါစေ။
၅၀ ငါ့သမီးတွေကို မင်း နှိပ်စက်ရင်၊ ငါ့သမီးတွေအပြင် တခြားမိန်းမတွေ ထပ်ယူရင် လူတွေမမြင်ပေမဲ့ ငါတို့ရဲ့သက်သေ ဘုရားသခင် မြင်တယ်ဆိုတာ သတိရပါ” လို့ပြောပြီး၊
၅၁ “ဒီမှာ ကျောက်ပုံရှိတယ်။ ငါတို့ ကတိသစ္စာပြုခဲ့တယ်ဆိုတဲ့ သက်သေအဖြစ် ကျောက်တိုင်လည်း ရှိတယ်။
၅၂ ငါက မင်းကို အန္တရာယ်ပြုဖို့ ဒီကျောက်ပုံကို ကျော်မလာဘူး။ မင်းလည်း ငါ့ကို အန္တရာယ်ပြုဖို့ ဒီကျောက်ပုံနဲ့ ကျောက်တိုင်ကို ကျော်မလာရဘူး။ ဒီကျောက်ပုံနဲ့ ကျောက်တိုင်ဟာ သက်သေပဲ။+
၅၃ အာဗြဟံကိုးကွယ်တဲ့ ဘုရား၊+ နာခေါ်ကိုးကွယ်တဲ့ ဘုရား၊ သူတို့အဖေကိုးကွယ်တဲ့ ဘုရားက ဒို့နှစ်ယောက်ကို တရားစီရင်ပါစေ” လို့ပြောတယ်။ ယာကုပ်လည်း ဖခင်အိဇက် ကြောက်ရွံ့တဲ့အရှင်ကို+ တိုင်တည်ပြီး သစ္စာဆိုတယ်။
၅၄ အဲဒီနောက် ယာကုပ်က တောင်ပေါ်မှာ ပူဇော်သက္ကာဆက်သပြီး သူ့လူတွေကို စားသောက်ဖို့ ခေါ်တယ်။ သူတို့စားသောက်ပြီး တောင်ပေါ်မှာ ညအိပ်ကြတယ်။
၅၅ လာဗန်လည်း မနက်စောစောထ၊ သမီးတွေ၊ မြေးတွေကိုနမ်းပြီး+ ဆုမွန်ကောင်းတောင်းပေးတယ်။+ အဲဒီနောက် လမ်းခွဲပြီး အိမ်ပြန်သွားတယ်။+