ကမ္ဘာဦး ၃၃:၁-၂၀
၃၃ ယာကုပ် လှမ်းကြည့်လိုက်တော့ လူ ၄၀၀ နဲ့အတူ အစ်ကိုဧသော လာနေတာကို တွေ့တယ်။+ ဒါကြောင့် လေအာ၊ ရာခေလနဲ့ ကျွန်မနှစ်ယောက်ဆီမှာ ကလေးတွေကို အပ်လိုက်တယ်။+
၂ ရှေ့ဆုံးမှာ ကျွန်မတွေနဲ့ ကလေးတွေ၊+ အလယ်မှာ လေအာနဲ့ ကလေးတွေ၊+ နောက်ဆုံးမှာ ရာခေလနဲ့+ ယောသပ်ကို ထားတယ်။
၃ ယာကုပ်ကတော့ ရှေ့ဆုံးကနေ သွားပြီး ခုနစ်ကြိမ် ဦးညွှတ်ရင်း အစ်ကို့အနား တိုးသွားတယ်။
၄ ဧသောက သူ့ဆီ ပြေးလာပြီး ဖက်နမ်းတယ်။ ပြီးတော့ နှစ်ယောက်သား ငိုကြတယ်။
၅ ဧသောက မိန်းမတွေနဲ့ ကလေးတွေကို လှမ်းကြည့်ပြီး “မင်းနဲ့ပါလာတာ ဘယ်သူတွေလဲ” လို့မေးတော့ ယာကုပ်က “ဘုရားသခင် ပေးသနားတဲ့ သားသမီးတွေပါ”+ လို့ဖြေတယ်။
၆ ကျွန်မတွေနဲ့ ကလေးတွေက ရှေ့ကိုထွက်လာပြီး ဦးညွှတ်တယ်။
၇ လေအာနဲ့ ကလေးတွေလည်း ရှေ့ကိုထွက်လာပြီး ဦးညွှတ်တယ်။ ပြီးတော့ ရာခေလနဲ့ယောသပ် ရှေ့ကိုထွက်လာပြီး ဦးညွှတ်တယ်။+
၈ ဧသောက “လမ်းမှာ ငါတွေ့ခဲ့တဲ့ လူတွေ၊ တိရစ္ဆာန်တွေကို ဘာလို့ လွှတ်လိုက်တာတုံး”+ လို့မေးတော့ ယာကုပ်က “အစ်ကို့မျက်နှာသာ ရချင်လို့ပါ”+ ဆိုပြီးဖြေတယ်။
၉ ဧသောကလည်း “ငါ့ညီရာ၊ အစ်ကို့ဆီမှာ အများကြီးပါ။+ မင်းဥစ္စာတွေကို မင်းပဲ ပြန်ယူလိုက်” လို့ပြောတယ်။
၁၀ ဒါပေမဲ့ ယာကုပ်က “မဟုတ်တာဗျာ။ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီလက်ဆောင်တွေကို လက်ခံပါ။ အစ်ကို့ကို တွေ့ချင်လို့ ဒီလက်ဆောင်တွေ ယူခဲ့တာပါ။ ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူ လက်ခံတဲ့အတွက် အစ်ကို့မျက်နှာကို မြင်ရတာ ဘုရားသခင့်မျက်နှာကို မြင်ရသလိုပါပဲ။+
၁၁ ဘုရားသခင် မျက်နှာသာပေးလို့ ကျွန်တော့်မှာ အားလုံးပြည့်စုံနေပါပြီ။+ ဒါကြောင့် ဒီမေတ္တာလက်ဆောင်ကို လက်ခံပေးပါ” ဆိုပြီး+ တိုက်တွန်းနေတော့ ဧသောလည်း လက်ခံလိုက်တယ်။
၁၂ အဲဒီနောက် ဧသောက “သွားကြစို့။ ငါ ရှေ့ကသွားမယ်” လို့ပြောတော့၊
၁၃ ယာကုပ်က “အစ်ကိုသိတဲ့အတိုင်း ကလေးတွေက ငယ်သေးတယ်။+ ဒါ့အပြင် သားပေါက်ရှိတဲ့ သိုးနွားတွေကိုလည်း စောင့်ရှောက်ရဦးမယ်။ တစ်ရက်တည်းအရောက် ခရီးပြင်းနှင်မယ်ဆိုရင် တိရစ္ဆာန်တွေ သေကုန်မှာ။
၁၄ ဒါကြောင့် အစ်ကို သွားနှင့်ပါ။ ကျွန်တော်ကတော့ အစ်ကိုရှိရာ စိရပြည်အထိ+ တိရစ္ဆာန်တွေနဲ့ ကလေးတွေ သွားနိုင်သလောက် ဖြည်းဖြည်းချင်း လိုက်ခဲ့ပါ့မယ်” လို့ပြောတယ်။
၁၅ ဧသောက “ဒါဆိုရင် ငါ့လူတချို့ကို ထားခဲ့ပေးမယ်” လို့ပြောတော့ ယာကုပ်က “မလုပ်ပါနဲ့ အစ်ကို။ အစ်ကို့မျက်နှာသာရရင်ပဲ ကျေနပ်ပါပြီ” လို့ပြောတယ်။
၁၆ ဧသောလည်း အဲဒီနေ့မှာပဲ စိရပြည်ကို ပြန်သွားတယ်။
၁၇ ယာကုပ်က သုကုတ်အရပ်ကို ခရီးဆက်ပြီး အဲဒီမှာ အိမ်တစ်လုံးနဲ့ တိရစ္ဆာန်တွေအတွက် တင်းကုပ်တွေ ဆောက်တယ်။ ဒါကြောင့် အဲဒီအရပ်ကို သုကုတ်*+ လို့နာမည်ပေးတယ်။
၁၈ ယာကုပ်က ပါဒန်အာရံအရပ်ကနေ+ ထွက်လာပြီးနောက် ခါနန်ပြည်၊+ ရှေခင်မြို့ကို+ ဘေးမသီရန်မခ ရောက်လာတယ်။ အဲဒီမြို့နားက မြေကွက်တစ်ကွက်မှာ တဲထိုးနေထိုင်တယ်။
၁၉ အဲဒီမြေကွက်ကို ဟာမော်ရဲ့သားတွေဆီကနေ ငွေစ ၁၀၀ နဲ့ဝယ်လိုက်တယ်။+ ဟာမော်ရဲ့သားတစ်ယောက်ကတော့ ရှေခင်လို့ခေါ်တယ်။
၂၀ ပြီးနောက် ယာကုပ်က ပူဇော်ရာပလ္လင်ကို တည်ပြီး ဘုရားသခင်ဟာ အစ္စရေးရဲ့ ဘုရားသခင်ပဲလို့ နာမည်ပေးတယ်။+
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “တဲ၊ တင်းကုပ်။”