ကမ္ဘာဦး ၄၅:၁-၂၈
၄၅ ယောသပ်လည်း ဣန္ဒြေမဆည်နိုင်တော့တဲ့အဆုံး+ မင်းမှုထမ်းတွေကို “ထွက်သွားကြ” ဆိုပြီး အမိန့်ပေးလိုက်တယ်။ ညီအစ်ကိုတွေပဲကျန်တော့မှ သူဘယ်သူလဲဆိုတာကို အသိပေးတယ်။+
၂ အဲဒီနောက် ယောသပ် အကျယ်ကြီးငိုတော့ အီဂျစ်လူတွေရော ဖာရောရဲ့နန်းတော်သားတွေပါ ကြားတယ်။
၃ နောက်ဆုံးမှာ “ကျွန်တော်ဟာ ယောသပ်ပါ။ အဖေ အသက်ရှင်သေးရဲ့လား” လို့ သူပြောလိုက်တဲ့အခါ ညီအစ်ကိုတွေ အံ့ဩသွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ကြဘူး။
၄ “အနားလာကြပါဦး” လို့ပြောတော့ သူတို့ အနားတိုးလာကြတယ်။
အဲဒီအခါ ယောသပ်က “ကျွန်တော်ဟာ အီဂျစ်ပြည်ဆီ အစ်ကိုတို့ရောင်းလိုက်တဲ့ ညီယောသပ်ပါ။+
၅ ကျွန်တော့်ကို ရောင်းလိုက်လို့ စိတ်မကောင်းမဖြစ်ပါနဲ့။ အချင်းချင်း အပြစ်မတင်ကြပါနဲ့။ အစ်ကိုတို့ရဲ့အသက်ကို ကယ်ဖို့ ဘုရားသခင်က ကျွန်တော့်ကို အရင်လွှတ်လိုက်တာပါ။+
၆ အခုဆို တိုင်းပြည်မှာ အငတ်ဘေးဆိုက်တာ နှစ်နှစ်ရှိပြီ။+ နောက်ငါးနှစ်လုံးလုံး ထွန်ယက်ရိတ်သိမ်းလို့ ရဦးမှာ မဟုတ်ဘူး။
၇ ဒါကြောင့် မြေကြီးပေါ်မှာ ကျွန်တော်တို့မျိုးဆက် မပြတ်စေဖို့၊+ အစ်ကိုတို့ကို အံ့ဖွယ်နည်းနဲ့ကယ်ပြီး အသက်ဆက်ရှင်စေဖို့ ကျွန်တော့်ကို ဘုရားသခင် အရင်လွှတ်လိုက်တာပါ။
၈ ဒီတော့ ကျွန်တော့်ကို ဒီပြည်လွှတ်လိုက်တာ အစ်ကိုတို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဘုရားသခင်ပါ။ ကျွန်တော့်ကို ဖာရောမင်းရဲ့ အကြံပေးအရာရှိ၊ နန်းတွင်းသားတွေရဲ့သခင်၊ အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်သူအဖြစ် ခန့်အပ်ချင်လို့ပါ။+
၉ “အဖေ့ဆီ အမြန်ပြန်ကြ။ ‘“အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်ဖို့ ကျွန်တော့်ကို ဘုရားသခင် ခန့်အပ်ပါပြီ။+ ကျွန်တော်ရှိရာကို ဆင်းလာပါ။ အချိန်မဆွဲပါနဲ့။+
၁၀ ကျွန်တော်နဲ့နီးတဲ့ ဂေါရှင်အရပ်မှာ+ အဖေနဲ့ အဖေ့သားမြေးတွေ၊ သိုးနွားတိရစ္ဆာန်အုပ်တွေကို ခေါ်လာပြီး ပိုင်ဆိုင်သမျှနဲ့အတူ လာနေပါ။
၁၁ ဒီမှာ အစားအစာတွေ ထောက်ပံ့ပေးပါ့မယ်။+ အငတ်ဘေးဆိုက်ချိန် ငါးနှစ်တောင် ကျန်သေးတဲ့အတွက် အဖေနဲ့အိမ်သားတွေ ငတ်ပြတ်ပြီး ပိုင်ဆိုင်သမျှ ပျက်စီးသွားမှာ စိုးလို့ပါ” ဆိုပြီး သားယောသပ် မှာတဲ့အကြောင်း ပြောလိုက်ပါ။’
၁၂ ပြီးတော့ အစ်ကိုတို့နဲ့ အခုစကားပြောနေတဲ့သူဟာ ကျွန်တော်ပဲဆိုတာ အစ်ကိုတို့ရော၊ ညီဗင်ယာမိန်ပါ တပ်အပ်မြင်ကြပြီပဲ။+
၁၃ ဒါကြောင့် အစ်ကိုတို့မြင်သမျှရော အီဂျစ်ပြည်မှာ ကျွန်တော့်တန်ခိုးအာဏာ ကြီးမားပုံကိုပါ အဖေ့ကို ပြောပြလိုက်ပါ။ အခုပဲ အဖေ့ကို အမြန်ဆုံး ခေါ်ခဲ့ကြပါ” လို့ပြောတယ်။
၁၄ အဲဒီနောက် ယောသပ်က ညီဗင်ယာမိန်ကို ဖက်ပြီး ငိုတော့ ဗင်ယာမိန်လည်း ပြန်ဖက်ပြီး ငိုတယ်။+
၁၅ အစ်ကိုတွေအားလုံးကိုလည်း နမ်းပြီး ငိုတယ်။ အဲဒီအခါကျမှပဲ အစ်ကိုတွေက သူ့ကို စကားပြောနိုင်တော့တယ်။
၁၆ “ယောသပ်ရဲ့အစ်ကိုတွေ ရောက်လာပြီ” ဆိုတဲ့သတင်း နန်းတော်ကိုရောက်သွားတော့ ဖာရောနဲ့ မင်းမှုထမ်းတွေလည်း ဝမ်းသာကြတယ်။
၁၇ ဖာရောမင်းက “‘တိရစ္ဆာန်တွေပေါ် ပစ္စည်းတွေတင်ပြီး ခါနန်ပြည်ကို သွားပါ။
၁၈ မင်းတို့အဖေနဲ့ မိသားစုတွေကို ခေါ်ပြီး ငါ့ဆီလာကြ။ အီဂျစ်ပြည်ထွက် ပစ္စည်းကောင်းတွေကို ငါပေးမယ်။ ဒီပြည်ကထွက်တဲ့ အကောင်းဆုံးအစာတွေကို မင်းတို့စားရမယ်လို့+ ငါအမိန့်ပေးတဲ့အကြောင်း မင်းအစ်ကိုတွေကို ပြောလိုက်ပါ။’+
၁၉ ပြီးတော့ ‘အီဂျစ်ပြည်ကလှည်းတွေ ယူသွားကြ။+ အဖေနဲ့ ကလေးတွေ၊ မိန်းမတွေကို လှည်းပေါ်တင်ပြီး ခေါ်လာကြ။+
၂၀ ပစ္စည်းဥစ္စာတွေအတွက် ဘာမှစိတ်မပူကြနဲ့။+ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ အကောင်းဆုံးအရာတွေကို အစ်ကိုတို့ ပိုင်တယ်’ လို့ မင်းပြောပါ”+ ဆိုပြီး ယောသပ်ကို ပြောတယ်။
၂၁ အစ္စရေးရဲ့သားတွေလည်း ပြောတဲ့အတိုင်း လုပ်ကြတယ်။ ယောသပ်က ဖာရောမင်းအမိန့်အတိုင်း လှည်းတွေအပြင် လမ်းမှာစားဖို့ အစားအစာတွေလည်း ထည့်ပေးလိုက်တယ်။
၂၂ အစ်ကိုတစ်ယောက်စီကို ဝတ်စုံတစ်စုံစီ ပေးပြီး ဗင်ယာမိန်ကိုတော့ ငွေစ ၃၀၀ နဲ့ ဝတ်စုံငါးစုံ ပေးတယ်။+
၂၃ အီဂျစ်ပြည်ထွက် ပစ္စည်းကောင်းတွေကို တင်ထားတဲ့ မြည်းဆယ်ကောင်၊ လမ်းခရီးမှာ အဖေစားဖို့ ကောက်နှံ၊ မုန့်၊ တခြားစားစရာတွေတင်ထားတဲ့ မြည်းမဆယ်ကောင်ကိုလည်း အဖေ့အတွက် ပို့လိုက်တယ်။
၂၄ ပြီးတော့ အစ်ကိုတွေကို ပြန်လွှတ်လိုက်တဲ့အခါ သူတို့ ထွက်သွားကြတယ်။ “လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးမနေကြပါနဲ့”+ လို့ သူ မှာလိုက်သေးတယ်။
၂၅ သူတို့လည်း အီဂျစ်ပြည်က ထွက်ခွာပြီး အဖေယာကုပ်ရှိရာ ခါနန်ပြည်ကို ရောက်လာကြတယ်။
၂၆ သူတို့က “အဖေ၊ ယောသပ် အသက်ရှင်နေတုန်းပဲ။ အီဂျစ်တစ်ပြည်လုံးကို သူအုပ်ချုပ်နေတာဗျ”+ လို့ပြောတော့ ယာကုပ်က အံ့ဩပြီး မယုံနိုင်ဘဲ ဖြစ်နေတယ်။+
၂၇ ဒါပေမဲ့ ယောသပ်ပြောသမျှကို သူတို့ ပြန်ပြောပြတဲ့အခါ၊ သူစီးဖို့ ယောသပ်ပို့လိုက်တဲ့ လှည်းတွေကို မြင်တဲ့အခါ ယာကုပ် အားရှိသွားတယ်။
၂၈ ဒါကြောင့် “ဒီလောက်ဆို ငါယုံပြီ။ ငါ့သားယောသပ် အသက်ရှင်တုန်းပဲကိုး။ ငါမသေခင် သွားတွေ့ဦးမှပဲ” လို့ပြောတယ်။+