တောလည်ရာ ၁၀:၁-၃၆
၁၀ ယေဟောဝါက မောရှေကို မိန့်မှာတယ်–
၂ “ငွေခရာနှစ်ခု လုပ်ပါ။+ အစ္စရေးတွေကို ဆင့်ခေါ်တဲ့အခါ၊ စခန်းသိမ်းဖို့ အချက်ပေးတဲ့အခါ ခရာမှုတ်ရမယ်။
၃ ခရာနှစ်ခုစလုံးမှုတ်ရင် တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ လူအားလုံး စုရုံးရမယ်။+
၄ ခရာတစ်ခုပဲ မှုတ်ရင်တော့ အစ္စရေး ထောင်နဲ့ချီကို ဦးဆောင်တဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေပဲ စုရုံးရမယ်။+
၅ “ခရာသံ အနိမ့်အမြင့်နဲ့ မှုတ်တဲ့အခါ အရှေ့ဘက်မှာ စခန်းချသူတွေ+ ထွက်ခွာရမယ်။
၆ ဒုတိယအကြိမ် မှုတ်တဲ့အခါ တောင်ဘက်မှာစခန်းချသူတွေ+ ထွက်ခွာရမယ်။ ခရာတစ်ခါမှုတ်ရင် တစ်ဖွဲ့ ထွက်ခွာရမယ်။
၇ “လူတွေကို စုရုံးဖို့ခေါ်ရင်လည်း ခရာမှုတ်ရမယ်။+ ဒါပေမဲ့ ခရာသံ အနိမ့်အမြင့်နဲ့ မမှုတ်ရဘူး။
၈ အာရုန်ရဲ့သား ပုရောဟိတ်တွေက ခရာမှုတ်ရမယ်။+ ဒါဟာ မင်းတို့လူမျိုး အစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ပြဋ္ဌာန်းချက်ပဲ။
၉ “မင်းတို့ရဲ့ပြည်မှာ ဖိနှိပ်တဲ့ ရန်သူတွေနဲ့ စစ်ဖြစ်ရင် စစ်ပွဲအတွက် အသင့်ပြင်ဖို့ အချက်ပေးတဲ့အနေနဲ့ ခရာမှုတ်ရမယ်။+ အဲဒီအခါ ယေဟောဝါဘုရားက မင်းတို့ကို သတိရပြီး ရန်သူလက်ကနေ ကယ်တင်လိမ့်မယ်။
၁၀ “ပျော်စရာ အချိန်အခါတွေဖြစ်တဲ့+ ပွဲတော်တွေ၊+ လဆန်းနေ့တွေမှာလည်း မီးရှို့ရာအလှူတွေ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေရှေ့+ ခရာမှုတ်ရမယ်။ အဲဒီအခါ မင်းတို့ကို ဘုရားသခင် သတိရလိမ့်မယ်။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။”+
၁၁ ဒုတိယနှစ်၊ ဒုတိယလ၊ ၂၀ ရက်နေ့ရောက်တော့+ မိုးတိမ်က သက်သေခံချက်သေတ္တာရှိတဲ့ တဲတော်ပေါ်ကနေ တက်သွားတယ်။+
၁၂ ဒါကြောင့် အစ္စရေးတွေက ဆိုင်းနိုင်းတောကန္တာရကနေ အစဉ်လိုက် ထွက်ခွာကြတယ်။+ အဲဒီနောက် မိုးတိမ်က ပါရန်တောကန္တာရမှာ+ ရပ်တန့်နေတယ်။
၁၃ ဒါဟာ မောရှေကတစ်ဆင့် ယေဟောဝါပေးတဲ့ အမိန့်အတိုင်း ဦးဆုံးအကြိမ် ထွက်ခွာတာပဲ။+
၁၄ ယုဒအနွယ် ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့က အရင်ဆုံး ထွက်ခွာတယ်။ အမိနဒပ်ရဲ့သား နာရှုန်က+ ယုဒတပ်ကို ဦးဆောင်တယ်။
၁၅ ဇုအာရဲ့သား နာသနေလက+ အိသခါတပ်ကို ဦးဆောင်တယ်။
၁၆ ဟေလုန်ရဲ့သား ဧလျာဘက+ ဇာဗုလုန်တပ်ကို ဦးဆောင်တယ်။
၁၇ တဲတော်ကို ဖြုတ်ပြီးနောက်+ ဂေရရှုန်ရဲ့သားမြေးတွေနဲ့+ မေရာရိရဲ့သားမြေးတွေက+ တဲတော်ကိုထမ်းပြီး ထွက်ခွာတယ်။
၁၈ အဲဒီနောက် ရုဗင်အနွယ် ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့က ထွက်ခွာတယ်။ ရှေဒုရရဲ့သား ဧလိဇုရက+ ရုဗင်တပ်ကို ဦးဆောင်တယ်။
၁၉ ဇုရိရှဒဲရဲ့သား ရှေလုမျေလက+ ရှိမောင်တပ်ကို ဦးဆောင်တယ်။
၂၀ ဒွေလရဲ့သား ဧလျာသပ်က+ ဂဒ်ရဲ့တပ်ကို ဦးဆောင်တယ်။
၂၁ နောက်တော့ ကောဟတ်အမျိုးသားတွေက သန့်ရှင်းရာဌာနတော်ရဲ့ အသုံးအဆောင်တွေကို ထမ်းပြီး+ ထွက်ခွာတယ်။ သူတို့ရောက်သွားချိန်မှာ တဲတော်ဟာ တပ်ဆင်ပြီးသားဖြစ်နေရမယ်။
၂၂ ပြီးနောက် ဧဖရိမ်အနွယ် ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့က ထွက်ခွာတယ်။ အမိဟုရဲ့သား ဧလိရှမာက+ ဧဖရိမ်တပ်ကို ဦးဆောင်တယ်။
၂၃ ပေဒါဇုရရဲ့သား ဂါမလျေလက+ မနာရှေတပ်ကို ဦးဆောင်တယ်။
၂၄ ဂိဒေါနိရဲ့သား အဘိဒန်က+ ဗင်ယာမိန်တပ်ကို ဦးဆောင်တယ်။
၂၅ နောက်ဆုံး၊ ဒန်အနွယ်ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့က တပ်ဖွဲ့အားလုံးရဲ့ နောက်ရံတပ်အနေနဲ့ ထွက်ခွာတယ်။ အမိရှဒဲရဲ့သား အဟေဇာက+ ဒန်ရဲ့တပ်ကို ဦးဆောင်တယ်။
၂၆ သြကရန်ရဲ့သား ပါဂျေလက+ အာရှာတပ်ကို ဦးဆောင်တယ်။
၂၇ ဧနန်ရဲ့သား အဟိရက+ နဿလိတပ်ကို ဦးဆောင်တယ်။
၂၈ အစ္စရေးတပ်ဖွဲ့တွေ အဲဒီအတိုင်း အစဉ်လိုက်ထွက်ခွာကြတယ်။+
၂၉ မောရှေက မိဒျန်လူမျိုး ယောက္ခမ ရွေလ+ ရဲ့သား ဟောဗတ်ကို “ယေဟောဝါဘုရား ပေးမယ်လို့ ကတိပြုထားတဲ့ပြည်ကို+ ကျွန်တော်တို့ သွားနေကြတာ။ ခင်ဗျားလည်း လိုက်ခဲ့ပါ။+ ခင်ဗျားကို ကောင်းကောင်းကြည့်ရှုမှာပါ။ ယေဟောဝါဘုရားက အစ္စရေးတွေကို ကောင်းချီးပေးမယ်လို့ ကတိပေးထားတယ်”+ ဆိုပြီးပြောတယ်။
၃၀ ဟောဗတ်က “ကျွန်တော် မလိုက်ဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဆွေမျိုးသားချင်းဆီကိုပဲ ပြန်မယ်” လို့ပြောတဲ့အခါ၊
၃၁ မောရှေက “ကျွန်တော်တို့ကို မထားခဲ့ပါနဲ့။ ဒီတောထဲမှာ စခန်းချသင့်တဲ့နေရာကို ခင်ဗျားပဲ သိတာ။ ကျွန်တော်တို့ကို လမ်းပြပေးပါဗျာ။
၃၂ ခင်ဗျားသာ လိုက်ခဲ့မယ်ဆိုရင်+ ယေဟောဝါဘုရားပေးမယ့် ကောင်းချီးတွေကို ခင်ဗျားကိုလည်း တကယ်ခံစားခွင့်ပေးမှာပါ” လို့ပြန်ပြောတယ်။
၃၃ သူတို့က ယေဟောဝါရဲ့ တောင်ကနေ+ သုံးရက်ခရီး ဆက်သွားကြတယ်။ သုံးရက်ခရီး တစ်လျှောက်လုံးမှာ စခန်းချရမယ့် နေရာကို သိနိုင်ဖို့+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို+ ရှေ့ကနေ ထမ်းသွားတယ်။
၃၄ စခန်းချတဲ့ နေရာကနေ ထွက်လာတဲ့အခါ နေ့အချိန်မှာ ယေဟောဝါရဲ့မိုးတိမ်က+ ဦးဆောင်ခေါ်သွားတယ်။
၃၅ သေတ္တာတော်ကို ရွှေ့ပြောင်းတဲ့အခါတိုင်း မောရှေက “ယေဟောဝါဘုရား၊ ထတော်မူပါ။+ ရန်သူတွေကို တကွဲတပြားဖြစ်စေပါ။ ကိုယ်တော့်ကိုမုန်းတဲ့သူတွေကို ရှေ့တော်ကနေ ထွက်ပြေးစေပါ” လို့ပြောတတ်တယ်။
၃၆ သေတ္တာတော်ကို နေရာချတဲ့အခါတိုင်း “ယေဟောဝါဘုရား၊ ထောင်သောင်းမကများလှတဲ့ အစ္စရေးတွေဆီ ပြန်လာပါ”+ လို့ပြောတတ်တယ်။