တောလည်ရာ ၉:၁-၂၃
၉ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် ဒုတိယနှစ်၊ ပထမလ၊ ဆိုင်းနိုင်းတောကန္တာရမှာ+ ယေဟောဝါက မောရှေကို မိန့်မှာတယ်–
၂ “အစ္စရေးတွေက သတ်မှတ်ထားချိန်မှာ+ ပသခါပွဲ* အတွက် ပူဇော်သက္ကာကို ပြင်ဆင်ရမယ်။+
၃ သတ်မှတ်ထားချိန်ဖြစ်တဲ့ ဒီလ၊ ၁၄ ရက်နေ့၊ နေဝင်ချိန်မှာ သက်ဆိုင်ရာပြဋ္ဌာန်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြင်ဆင်ရမယ်။”+
၄ မောရှေလည်း အစ္စရေးတွေကို ပသခါပွဲအတွက် ပူဇော်သက္ကာ ပြင်ဆင်ခိုင်းတယ်။
၅ ပထမလ၊ ၁၄ ရက်နေ့၊ နေဝင်ချိန်ရောက်တော့ ဆိုင်းနိုင်းတောကန္တာရမှာ ပသခါပူဇော်သက္ကာကို ပြင်ဆင်ကြတယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးတွေ လုပ်ဆောင်တယ်။
၆ အဲဒီနေ့မှာ လူတချို့က လူသေကောင်ကို ကိုင်မိလို့ မသန့်မရှင်း ဖြစ်နေတဲ့အတွက်+ ပသခါပူဇော်သက္ကာကို မပြင်ဆင်နိုင်ကြဘူး။ ဒါကြောင့် မောရှေနဲ့ အာရုန်ဆီ လာပြီး၊+
၇ “ကျွန်တော်တို့က လူသေကောင်ကို ကိုင်မိလို့ မသန့်မရှင်း ဖြစ်နေပါတယ်။ ဒီတော့ သတ်မှတ်ထားချိန်မှာ အစ္စရေးတွေနဲ့အတူ ယေဟောဝါဘုရားဆီ ပူဇော်သက္ကာဆက်သခွင့် မရှိဘူးလား”+ လို့မေးကြတယ်။
၈ မောရှေက “ခဏစောင့်ပါ။ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ဘယ်လို ပြောမယ်ဆိုတာ နားထောင်ပါရစေဦး”+ လို့ပြန်ပြောတယ်။
၉ ယေဟောဝါက မောရှေကို မိန့်မှာတယ်–
၁၀ “အစ္စရေးတွေကို ပြောလိုက်ပါ။ ‘မင်းတို့ဖြစ်ဖြစ်၊ နောင်လာနောက်သားဖြစ်ဖြစ် လူတစ်ယောက်က လူသေကောင်ကို ကိုင်မိလို့ မသန့်မရှင်း ဖြစ်နေရင်တောင်+ ဒါမှမဟုတ် ခရီးဝေး သွားနေရင်တောင် ယေဟောဝါအတွက် ပသခါ ပူဇော်သက္ကာကို ပြင်ဆင်ရမယ်။
၁၁ သူတို့က ဒုတိယလ၊+ ၁၄ ရက်နေ့၊ နေဝင်ချိန်မှာ ပသခါ ပူဇော်သက္ကာကို ပြင်ဆင်ရမယ်။ အသားကို တဆေးမဲ့မုန့်၊ ဟင်းရွက်ခါးတွေနဲ့ စားရမယ်။+
၁၂ အသားကို နောက်နေ့မနက်အထိ မချန်ရဘူး။+ အရိုးကိုလည်း မချိုးရဘူး။+ ပသခါပွဲနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ပြင်ဆင်ရမယ်။
၁၃ ဒါပေမဲ့ လူတစ်ယောက်က သန့်ရှင်းနေလျက်နဲ့ ဒါမှမဟုတ် ခရီးဝေး မသွားဘဲနဲ့ ပသခါပူဇော်သက္ကာ ပြင်ဆင်ဖို့ ပျက်ကွက်တယ်ဆိုရင် သူ့ကို ပယ်ရှင်းရမယ်။+ သူက သတ်မှတ်ထားချိန်မှာ ယေဟောဝါဆီ ပူဇော်သက္ကာ မဆက်သဘူးဆိုတော့ သူ့အပြစ်အတွက် ဒဏ်ခံရမယ်။
၁၄ “‘မင်းတို့နဲ့အတူ နေထိုင်တဲ့ တိုင်းတစ်ပါးသားလည်း ယေဟောဝါအတွက် ပသခါပူဇော်သက္ကာကို ပြင်ဆင်ရမယ်။+ ပသခါပွဲနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်အတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်။+ အစ္စရေးလူမျိုးအတွက်ရော၊ တိုင်းတစ်ပါးသားအတွက်ရော ပြဋ္ဌာန်းချက်တစ်မျိုးတည်း ရှိရမယ်။’”+
၁၅ တဲတော်ကို တည်ဆောက်တဲ့နေ့မှာ+ မိုးတိမ်က သက်သေခံချက်သေတ္တာရှိရာ တဲတော်ကို ဖုံးလွှမ်းသွားတယ်။ ညဦးပိုင်းကနေ မနက်အထိ တဲတော်ပေါ်မှာ မီးလျှံလို တောက်ပနေတယ်။+
၁၆ နောက်ပိုင်းမှာလည်း တဲတော်ပေါ်မှာ နေ့အချိန်ဆိုရင် မိုးတိမ်၊ ညအချိန်ဆိုရင် မီးလျှံ ရှိနေတယ်။+
၁၇ တဲတော်ပေါ်ကနေ မိုးတိမ်တက်သွားရင် အစ္စရေးတွေ ချက်ချင်းထွက်ခွာကြတယ်။+ မိုးတိမ်ရပ်သွားရင် ရပ်တဲ့နေရာမှာ စခန်းချကြတယ်။+
၁၈ အစ္စရေးတွေဟာ ယေဟောဝါရဲ့ အမိန့်အတိုင်း ထွက်ခွာပြီး ယေဟောဝါရဲ့ အမိန့်အတိုင်း စခန်းချကြတယ်။+ တဲတော်ပေါ်မှာ မိုးတိမ် ရပ်တန့်နေသရွေ့ စခန်းချနေကြတယ်။
၁၉ မိုးတိမ်က တဲတော်ပေါ်မှာ ရက်အကြာကြီး ရပ်တန့်နေရင် အစ္စရေးတွေက ယေဟောဝါကို နာခံပြီး မထွက်ခွာကြဘူး။+
၂၀ တစ်ခါတလေ မိုးတိမ်က တဲတော်ပေါ်မှာ ရက်အနည်းငယ်ပဲ ရပ်တန့်နေတတ်တယ်။ ယေဟောဝါရဲ့အမိန့်အတိုင်း စခန်းချပြီး ယေဟောဝါရဲ့အမိန့်အတိုင်း သူတို့ထွက်ခွာကြတယ်။
၂၁ တစ်ခါတလေ မိုးတိမ်က ညဦးပိုင်းကနေ မနက်အထိပဲ ရှိနေတတ်တယ်။ မနက်ရောက်လို့ မိုးတိမ်တက်သွားတဲ့အခါ သူတို့ထွက်ခွာကြတယ်။ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် မိုးတိမ်တက်သွားတိုင်း သူတို့ ထွက်ခွာကြတယ်။+
၂၂ နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ ဒီထက်ကြာတာပဲဖြစ်စေ မိုးတိမ်က တဲတော်ပေါ်မှာ ရပ်တန့်နေသရွေ့ အစ္စရေးတွေ စခန်းချနေကြတယ်။ မိုးတိမ်တက်သွားမှ ထွက်ခွာကြတယ်။
၂၃ ယေဟောဝါရဲ့ အမိန့်အတိုင်း စခန်းချပြီး ယေဟောဝါရဲ့ အမိန့်အတိုင်း ထွက်ခွာကြတယ်။ မောရှေကတစ်ဆင့် ယေဟောဝါပေးတဲ့ အမိန့်အတိုင်း ယေဟောဝါကို နာခံကြတယ်။