နာဟုံ ၃:၁-၁၉

  • ‘လူသတ်မှုကျူးလွန်တဲ့မြို့ အဖြစ်ဆိုးကြုံရ’ (၁-၁၉)

    • နိနဝေမြို့ တရားစီရင်ခံရတဲ့ အကြောင်းရင်း (၁-၇)

    • နောမုန်မြို့လို ရှုံးနိမ့်မယ့် နိနဝေ (၈-၁၂)

    • ကျိန်းသေကျဆုံးမယ့် နိနဝေ (၁၃-၁၉)

 လူသတ်မှုကျူးလွန်တဲ့မြို့ဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ သူ့ဆီမှာ လှည့်စားမှုတွေ၊ လုယက်မှုတွေ ပြည့်နေတယ်။ သားကောင်တွေ တစ်ခါမှ မပြတ်လပ်ဘူး။  ၂  ကျာပွတ်သံ၊ ဘီးလှိမ့်သံ၊ မြင်းခွာသံ၊ မြင်းရထားဆောင့်သံကို ကြားရတယ်။  ၃  မြင်းစီးသူရဲတွေ၊ လက်နေတဲ့ ဓားတွေ၊ ဖိတ်ဖိတ်တောက်နေတဲ့ လှံတွေရှိတယ်။ အသတ်ခံရသူတွေ အများကြီးပဲ။ အသေကောင်တွေလည်း တစ်ပြုံကြီးပဲ။ ဘယ်နေရာကြည့်ကြည့် အလောင်းတွေချည်းပဲ။ လူတွေဟာ အလောင်းတွေကို တိုက်မိပြီး လဲကျကုန်တယ်။  ၄  ဒါတွေဖြစ်ရတာဟာ သူ ပြည့်တန်ဆာလုပ်ဖန် များလွန်းလို့ပဲ။ သူဟာ ညှို့ယူဖမ်းစားတတ်တဲ့ စုန်းမ ဖြစ်လို့ ပြည့်တန်ဆာလုပ်ပြီး လူမျိုးတွေကို ထောင်ဖမ်းခဲ့တယ်။ ပယောဂအတတ်သုံးပြီး လူမျိုးစုတွေကို ထောင်ဖမ်းခဲ့တယ်။  ၅  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက “မင်းကို* ငါတိုက်ခိုက်မယ်။+ မျက်နှာအုပ်သွားတဲ့အထိ မင်းရဲ့ဝတ်လုံကို ငါလှန်ပစ်မယ်။ မင်း အဝတ်ဗလာဖြစ်နေတာကို လူမျိုးတွေ မြင်စေရမယ်။ မင်းအရှက်ကွဲတာကို တိုင်းနိုင်ငံတွေ မြင်စေရမယ်။  ၆  မင်းအပေါ် အညစ်အကြေးတွေ ငါပစ်ချမယ်။ မင်းကို စက်ဆုပ်ရွံရှာစရာဖြစ်အောင်၊ လူတွေ လက်ညှိုးထိုးစရာဖြစ်အောင် လုပ်မယ်။+  ၇  မြင်သူတိုင်းက မင်းဆီကနေ ထွက်ပြေးပြီး+ ‘နိနဝေမြို့ ပျက်စီးသွားပြီ။ ဘယ်သူကများ သူ့ကို သနားမှာလဲ’ လို့ ပြောလိမ့်မယ်။ မင်းကို နှစ်သိမ့်ပေးမယ့်သူတွေ ငါဘယ်မှာရှာတွေ့နိုင်မှာလဲ။  ၈  မင်းက နောမုန်မြို့ထက်*+ သာလို့လား။ သူဟာ နိုင်းမြစ်တူးမြောင်းဘေးမှာ+ တည်ရှိတယ်။ ရေပတ်လည်ဝိုင်းနေတဲ့အတွက် ပင်လယ်ဟာ သူ့စည်းစိမ်၊ သူ့မြို့ရိုးပဲ။  ၉  အီသီယိုးပီးယားနဲ့ အီဂျစ်ဟာ သူ့ကို အမြောက်အမြား ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ်ပဲ။ ဖုတပြည်နဲ့+ လစ်ဗျားပြည်ဟာ သူ့ကို ကူညီပေးတဲ့သူတွေပဲ။+ ၁၀  ဒါတောင် သူဟာ ပြည်နှင်ဒဏ်ခံရပြီး သုံ့ပန်းဘဝ ရောက်ခဲ့တယ်။+ သူ့သားသမီးတွေလည်း လမ်းထောင့်မှာ ကိုင်ဆောင့်ပြီး အသတ်ခံရတယ်။ သူ့ရဲ့ဂုဏ်အသရေရှိသူတွေကို မဲချပြီး ခွဲဝေယူသွားတယ်။ အကြီးအကဲတွေကို ခြေကျဉ်းခတ်တယ်။ ၁၁  မင်းလည်း မူးယစ်ရလိမ့်မယ်။+ ပုန်းရှောင်နေရလိမ့်မယ်။ ရန်သူလက်ကလွတ်ဖို့ ခိုလှုံရာကို ရှာရလိမ့်မယ်။ ၁၂  မင်းရဲ့ခံတပ်တွေဟာ သီးဦးသီးဖျားအမှည့်တွေရှိတဲ့ သဖန်းပင်နဲ့ တူတယ်။ အပင်ကို လှုပ်ခါလိုက်တဲ့အခါ ဝါးမျိုသူပါးစပ်ထဲ အသီးတွေ ကျလာမယ်။ ၁၃  မင်းရဲ့စစ်သူရဲတွေဟာ မိန်းမကျနေတာပဲ။ တိုင်းပြည်ရဲ့ တံခါးတွေဟာ ရန်သူတွေအတွက် အကျယ်ကြီး ပွင့်နေမယ်။ ကန့်လန့်ကျင်တွေကို မီးဝါးမျိုသွားမယ်။ ၁၄  ဝိုင်းရံပိတ်ဆို့ခံရချိန်အတွက် ရေခပ်ထားပါ။+ ခံတပ်တွေကို ခိုင်ခံ့စေပါ။ ရွှံ့ထဲဆင်းပြီး ရွှံ့စေးကို နင်းနယ်ပါ။ အုတ်လုပ်တဲ့ ပုံစံခွက်ကို မြဲမြဲကိုင်ထားပါ။ ၁၅  ဒါတောင် မင်းကို မီးတွေ ဝါးမျိုလိမ့်မယ်။ ဓားဘေးက မင်းကို ပယ်ရှင်းလိမ့်မယ်။+ ကျိုင်းကောင်ပေါက်တွေ ဝါးမျိုသလို မင်းကို ဝါးမျိုလိမ့်မယ်။+ ဒါကြောင့် မင်းရဲ့လူတွေကို ကျိုင်းကောင်ပေါက်တွေလို များပြားစေပါ။ ကျိုင်းကောင်တွေလို များပြားစေပါ။ ၁၆  မင်းရဲ့ကုန်သည်တွေဟာ ကောင်းကင်ကြယ်တွေထက် များပြားတယ်။ ကျိုင်းကောင်ပေါက်တွေက အရေခွံလဲပြီး ပျံသန်းသွားတယ်။ ၁၇  မင်းရဲ့ကင်းစောင့်တွေဟာ ကျိုင်းကောင်တွေနဲ့ တူတယ်။ တပ်မှူးတွေဟာ ကျိုင်းကောင်အုပ်နဲ့ တူတယ်။ ချမ်းအေးတဲ့နေ့မှာ ကျောက်နံရံကာ သိုးခြံတွေမှာ သူတို့ စခန်းချတတ်တယ်။ ဒါပေမဲ့ နေထွက်လာတဲ့အခါ ပျံသန်းသွားတယ်။ ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိဘူး။ ၁၈  အို အဆီးရီးယားဘုရင်၊ မင်းရဲ့သိုးထိန်းတွေ အိပ်ငိုက်နေတယ်။ မှူးမတ်တွေက ကိုယ့်အိမ်ကိုယ့်ရာနဲ့ အေးအေးဆေးဆေး နေကြတယ်။ မင်းရဲ့လူတွေဟာ တောင်တန်းတွေပေါ်မှာ ကွဲလွင့်နေတယ်။ စုသိမ်းမယ့်သူ တစ်ယောက်မှ မရှိဘူး။+ ၁၉  မင်းဟာ ကြုံရတဲ့ဘေးဆိုးကနေ သက်သာရာရမှာ မဟုတ်ဘူး။ မင်းရဲ့ဒဏ်ရာဟာ ကုလို့မရဘူး။ မင်းအကြောင်း ကြားတဲ့သူတိုင်း လက်ခုပ်တီးလိမ့်မယ်။+ မင်းရဲ့ မညှာမတာနှိပ်စက်မှုကို မခံဖူးတဲ့သူ ရှိလို့လား။”+

အောက်ခြေမှတ်ချက်များ

 နိနဝေမြို့။
သီးဘီးမြို့။