ဖိလိပ္ပိ ၄:၁-၂၃
၄ ချစ်ရတဲ့ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ ကျွန်တော် ချစ်မြတ်နိုးရသူတွေ၊ ကျွန်တော် တမ်းတနေရသူတွေ၊ ကျွန်တော့်ရဲ့ ရွှင်လန်းမှု၊ ကျွန်တော့်ရဲ့ သရဖူပါ။+ သခင့်နောက်လိုက်တွေအဖြစ် အဲဒီနည်းအတိုင်း အခိုင်အမာ ရပ်တည်နေကြပါ။+
၂ သခင့်အမှုတော်ဆောင်တဲ့အခါ တစ်စိတ်တစ်သဘောတည်း ရှိကြဖို့ ဧဝေါဒိနဲ့ သုန္တုတ်ကို ကျွန်တော် တိုက်တွန်းပါတယ်။+
၃ စစ်မှန်တဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်တဲ့ ခင်ဗျားကို မေတ္တာရပ်ခံချင်တာက အဲဒီအမျိုးသမီးနှစ်ယောက်ကို ကူညီထောက်မပေးပါ။ သူတို့ဟာ ကျွန်တော်နဲ့ ကလေမင်အပါအဝင် အသက်စာစောင်မှာ+ စာရင်းဝင်တဲ့ တခြားလုပ်ဖော်ဆောင်ဖက်တွေနဲ့အတူ သတင်းကောင်းဟောပြောတဲ့ အလုပ်မှာ လက်တွဲပါဝင်ခဲ့သူတွေ ဖြစ်လို့ပါ။
၄ ဘုရားသခင်ကြောင့်* အမြဲ ဝမ်းမြောက်ကြပါ။ ကျွန်တော် ထပ်ပြောမယ်၊ ဝမ်းမြောက်ကြပါ။+
၅ ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို+ လူတိုင်း သိမြင်စေပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ရဲ့ အနီးအပါးမှာ ရှိနေတယ်။
၆ ဒါကြောင့် ဘာမှမစိုးရိမ်ဘဲ+ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။+
၇ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက+ ခရစ်တော်ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့+ ဉာဏ်ရည်ဉာဏ်စွမ်းကို* စောင့်ရှောက်ပေးပါလိမ့်မယ်။
၈ ညီအစ်ကိုတို့၊ နောက်ဆုံးမှာချင်တာကတော့ မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာ မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ။+
၉ ကျွန်တော့်ဆီက ခင်ဗျားတို့ လက်ခံသင်ယူခဲ့တာတွေ၊ ကြားခဲ့မြင်ခဲ့တာတွေကို လက်တွေ့ကျင့်သုံးကြပါ။+ ဒါဆိုရင် ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။
၁၀ အခု ခင်ဗျားတို့ ထပ်ပြီးဂရုစိုက်ပေးကြလို့ သခင့်နောက်လိုက်အနေနဲ့ ကျွန်တော် သိပ်ဝမ်းသာပါတယ်။+ ကျွန်တော့်ကို ခင်ဗျားတို့ ဂရုစိုက်ပေးချင်လျက်နဲ့ အခွင့်အရေး မရခဲ့ကြဘူး။
၁၁ တစ်ခုခုလိုအပ်နေလို့ အခုလို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်ဖို့ သင်ယူထားပြီးပြီ။+
၁၂ အထောက်အပံ့ နည်းနည်းပဲရှိရှိ၊+ များများပဲရှိရှိ ရောင့်ရဲတတ်ပြီ။ ဝဝလင်လင် စားရတာဖြစ်စေ၊ ဆာလောင်နေတာဖြစ်စေ၊ ကြွယ်ဝတာဖြစ်စေ၊ ချို့တဲ့တာဖြစ်စေ အရာရာတိုင်း၊ အခြေအနေတိုင်းမှာ ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို သင်ယူထားပြီ။
၁၃ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။+
၁၄ ကျွန်တော် ဆင်းရဲဒုက္ခကြုံရချိန်မှာ ခင်ဗျားတို့ ကူညီပေးခဲ့တာ တကယ် မွန်မြတ်ပါတယ်။
၁၅ ဖိလိပ္ပိမြို့သားတို့၊ သတင်းကောင်းကို စတင်ဟောပြောပြီးနောက် မက်ဆီဒိုးနီးယားပြည်ကနေ ကျွန်တော် ထွက်ခွာလာတုန်းက ခင်ဗျားတို့ကလွဲလို့ ဘယ်အသင်းတော်ကမှ ကျွန်တော့်ကို မကူညီခဲ့ကြဘူး။ ကျွန်တော့်အကူအညီကိုလည်း မယူခဲ့ကြဘူး။+
၁၆ သက်သာလောနိတ်မြို့မှာ ကျွန်တော်ရှိတုန်းက လိုအပ်တာတွေကို နှစ်ကြိမ်တိတိ ခင်ဗျားတို့ ပို့ပေးခဲ့ကြတယ်။
၁၇ ခင်ဗျားတို့ဆီက လက်ဆောင်ကို မျှော်နေတာ မဟုတ်ဘူး။ ပိုအကျိုးရစေမယ့် မွန်မြတ်တဲ့လုပ်ရပ်တွေ လုပ်စေချင်လို့ပါ။
၁၈ ကျွန်တော့်မှာ လိုအပ်သမျှ ရှိထားရုံမက ပိုတောင် ပိုလျှံပါသေးတယ်။ ခင်ဗျားတို့ပို့လိုက်တဲ့ လက်ဆောင်ကို ဧပဖြောဒိတ်ဆီကနေ+ ရထားလို့ အရာရာ ပြည့်စုံနေတယ်။ အဲဒီလက်ဆောင်ဟာ မွှေးကြိုင်တဲ့ရနံ့၊+ ဘုရားသခင် နှစ်သက်လက်ခံတဲ့ ပူဇော်သက္ကာနဲ့တူတယ်။
၁၉ ဒါကြောင့် ဘုန်းအသရေနဲ့ ကြွယ်ဝပြည့်စုံတဲ့ ဘုရားသခင်ကလည်း ခင်ဗျားတို့ လိုအပ်သမျှကို ခရစ်တော်ယေရှုအားဖြင့် ဖြည့်ဆည်းပေးလိမ့်မယ်။+
၂၀ အဖဘုရားသခင်ရဲ့ ဘုန်းတော် အစဉ်ထာဝရ ထင်ရှားပါစေ။ အာမင်။*
၂၁ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပေးပါ။ ကျွန်တော်နဲ့အတူရှိနေတဲ့ ညီအစ်ကိုတွေကလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။
၂၂ သန့်ရှင်းသူအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ အထူးသဖြင့် ဆီဇာရဲ့* နန်းတော်မှာရှိတဲ့+ သန့်ရှင်းသူတွေက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။
၂၃ ခင်ဗျားတို့ရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် သခင် ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခံစားရပါစေ။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “သခင်ကြောင့်။”
^ ဒါမှမဟုတ်၊ “စဉ်းစားပုံကို၊ အတွေးအခေါ်ကို။”
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
^ ဒါမှမဟုတ်၊ “ရောမဧကရာဇ်ရဲ့။”