မာကု ၁၁:၁-၃၃

  • ယေရှု အောင်ပွဲခံလျက် မြို့ထဲဝင်ရောက် (၁-၁၁)

  • သဖန်းပင် ကျိန်စာသင့် (၁၂-၁၄)

  • ဗိမာန်တော်ကို ယေရှု ရှင်းလင်း (၁၅-၁၈)

  • ခြောက်သွေ့သွားတဲ့ သဖန်းပင် သင်ခန်းစာ (၁၉-၂၆)

  • ယေရှုရဲ့အခွင့်အာဏာကို မေးမြန်းကြ (၂၇-၃၃)

၁၁  ဂျေရုဆလင်မြို့အနီး၊ သံလွင်တောင်ခြေမှာရှိတဲ့ ဗက်ဖာဂေရွာနဲ့ ဗေသနိရွာကို+ ရောက်လာတဲ့အခါ ယေရှုက တပည့်နှစ်ယောက်ကို လွှတ်ပြီး၊+ ၂  “ရှေ့မှာမြင်နေရတဲ့ ရွာကို သွားကြ။ ရွာထဲဝင်တာနဲ့ ဘယ်သူမှ မစီးဖူးသေးတဲ့ မြည်းကလေးတစ်ကောင် ချည်ထားတာကို တွေ့ရလိမ့်မယ်။ ကြိုးဖြေပြီး ဒီကို ဆွဲလာခဲ့။ ၃  တစ်ယောက်ယောက်က ‘မြည်းကလေးကို ဘာလို့ ကြိုးဖြေနေတာလဲ’ လို့မေးခဲ့ရင် ‘သခင် အသုံးလိုလို့ပါ။ ပြီးတာနဲ့ ပြန်လာပို့ပါ့မယ်’ လို့ပြောလိုက်ပါ” ဆိုပြီး မှာတယ်။ ၄  တပည့်တွေ ထွက်သွားတဲ့အခါ လမ်းဘေးက အိမ်တစ်အိမ်ရဲ့ တံခါးပေါက်မှာ မြည်းကလေးတစ်ကောင် ချည်ထားတာတွေ့တော့ ကြိုးဖြေလိုက်တယ်။+ ၅  အဲဒီမှာရပ်နေသူတချို့က “ဘာလို့ မြည်းကြိုးကို ဖြေနေတာလဲ” လို့ မေးကြတယ်။ ၆  ယေရှု မှာထားတဲ့အတိုင်း သူတို့ပြန်ပြောတော့ ယူသွားခွင့်ပြုကြတယ်။ ၇  တပည့်တွေက မြည်းကလေးကို+ ယေရှုဆီ ဆွဲလာပြီး သူတို့ရဲ့ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးကြတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+ ၈  လူအများကလည်း သူတို့ရဲ့ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းကြတယ်။ တချို့က လမ်းဘေးက သစ်ခက်တွေကို ခုတ်ပြီး လမ်းပေါ်ခင်းကြတယ်။+ ၉  အရှေ့အနောက်လိုက်ပါလာတဲ့ လူအုပ်က “ဘုရားသခင်၊ သူ့ကို ကယ်တင်ပါ။+ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+ ၁၀  တည်ထောင်တော့မယ့် အဖဒါဝိဒ်ရဲ့နိုင်ငံ+ ကောင်းချီးခံစားရပါစေ။ ကောင်းကင်မှာ စံမြန်းတဲ့အရှင်၊ သူ့ကို ကယ်တင်ပါ” ဆိုပြီး ကြွေးကြော်ကြတယ်။ ၁၁  ယေရှုက ဂျေရုဆလင်မြို့ကို ဝင်လာတဲ့အခါ ဗိမာန်တော်ထဲဝင်ပြီး အရာအားလုံးကို လှည့်လည်ကြည့်ရှုတယ်။ ဒါပေမဲ့ မိုးချုပ်ခါနီးပြီဖြစ်လို့ တမန်တော် ၁၂ ယောက်နဲ့အတူ ဗေသနိရွာကို ထွက်သွားတယ်။+ ၁၂  နောက်တစ်နေ့ ဗေသနိရွာကနေ ပြန်အထွက်မှာ ယေရှု ဗိုက်ဆာလာတယ်။+ ၁၃  အရွက်ဝေဆာနေတဲ့ သဖန်းပင်တစ်ပင်ကို လှမ်းမြင်တဲ့အခါ အသီးများရှိမလားလို့ သွားကြည့်တယ်။ ဒါပေမဲ့ အသီးသီးချိန် မဟုတ်တဲ့အတွက် အရွက်ပဲ တွေ့တယ်။ ၁၄  ဒါနဲ့ ယေရှုက “မင်းရဲ့အသီးကို နောက်နောင် ဘယ်သူမှ မစားစေရ”+ လို့ပြောတယ်။ ဒါကို တပည့်တွေလည်း ကြားတယ်။ ၁၅  ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ယေရှုက ဗိမာန်တော်ထဲဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံကို မှောက်လှန်ပစ်တယ်။+ ၁၆  ဗိမာန်တော်ကို ဖြတ်သန်းပြီး ပစ္စည်းတွေ သယ်ဆောင်ဖို့ လုံးဝခွင့်မပြုဘူး။ ၁၇  “‘ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ ဆိုပြီး လူတွေကို ဆုံးမတယ်။ ၁၈  ဒါကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ကြားတာနဲ့ ယေရှုကိုသတ်ဖို့ နည်းလမ်းရှာကြတယ်။+ ဒါပေမဲ့ ယေရှုကို သူတို့ ကြောက်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ယေရှုသွန်သင်တာကို တအံ့တသြ ဖြစ်နေကြလို့ပဲ။+ ၁၉  နေဝင်ခါနီးအချိန်လောက်မှာ ယေရှုနဲ့တပည့်တွေက ဂျေရုဆလင်မြို့ကနေ ထွက်သွားကြတယ်။ ၂၀  နောက်တစ်နေ့ မနက်စောစော လမ်းမှာသွားနေတုန်း သဖန်းပင်ဟာ အမြစ်ပါမကျန် ခြောက်သွေ့နေတာကို သူတို့တွေ့လိုက်ရတယ်။+ ၂၁  ပေတရုက ယေရှုပြောခဲ့တဲ့စကားကို သတိရပြီး “ဆရာ၊ ကြည့်ပါဦး။ ဆရာကျိန်လိုက်တဲ့ သဖန်းပင်ဟာ ခြောက်နေပြီ”+ လို့ပြောတယ်။ ၂၂  ယေရှုက “ဘုရားသခင်ကို ယုံကြည်ပါ။ ၂၃  ကျွန်တော် မှန်တာကိုပြောမယ်။ သံသယစိတ် မရှိဘဲ ကိုယ်ပြောတဲ့အတိုင်း ဖြစ်မယ်လို့ ယုံကြည်ပြီး ဒီတောင်ကို ‘နေရာကနေ ရွေ့ပြီး ပင်လယ်ထဲ ကျစေ’ လို့ပြောရင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။+ ၂၄  ဒါကြောင့် ကျွန်တော်ပြောမယ်။ ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။+ ၂၅  ခင်ဗျားတို့ မတ်တတ်ရပ်ပြီး ဆုတောင်းတဲ့အခါ တစ်ယောက်ယောက်ကို မကျေနပ်စရာ အကြောင်းရှိရင် ခွင့်လွှတ်လိုက်ပါ။ ဒါဆိုရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိမ့်မယ်”+ လို့ပြောတယ်။ ၂၆  * ၂၇  အဲဒီနောက် ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ကို ပြန်လာတယ်။ ယေရှုက ဗိမာန်တော်ဝင်းထဲမှာ လမ်းလျှောက်နေတုန်း ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ ရောက်လာပြီး၊ ၂၈  “ခင်ဗျားက ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်နေတာလဲ။ ဘယ်သူက ဒီအခွင့်အာဏာ ပေးထားလို့လဲ”+ ဆိုပြီး မေးတယ်။ ၂၉  ယေရှုက “ကျွန်တော် တစ်ခုမေးမယ်။ ဖြေကြပါ။ ဒါဆိုရင် ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။ ၃၀  ယောဟန်က ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။+ ဘုရားဆီကလား။* လူတွေဆီကလား” ဆိုပြီး မေးတယ်။+ ၃၁  အဲဒီအခါ သူတို့က “‘ဘုရားဆီက’ လို့ ဖြေလိုက်ရင် ‘ဒါဆို ယောဟန်ကို ဘာလို့မယုံတာလဲ’ ဆိုပြီး မေးနေဦးမယ်။ ၃၂  ‘လူတွေဆီက’ လို့လည်း ငါတို့မဖြေရဲဘူး” လို့ အချင်းချင်း တိုင်ပင်ကြတယ်။ လူအားလုံးက ယောဟန်ကို ပရောဖက်အစစ်လို့ ယူမှတ်ထားတဲ့အတွက် လူအုပ်ကို သူတို့ကြောက်နေတယ်။+ ၃၃  ဒါကြောင့် “မသိဘူး” လို့ဖြေတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ မပြောပြဘူး” လို့ဖြေလိုက်တယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ကောင်းကင်ကလား။”