မဿဲ ၁၉:၁-၃၀

  • အိမ်ထောင်ပြုခြင်းနဲ့ ကွာရှင်းခြင်း (၁-၉)

  • တစ်ကိုယ်ရေဘဝရဲ့ ဆုကျေးဇူး (၁၀-၁၂)

  • ကလေးတွေကို ယေရှုကောင်းချီးပေး (၁၃-၁၅)

  • ချမ်းသာတဲ့လူငယ် မေးခွန်းထုတ် (၁၆-၂၄)

  • နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်ခြင်း (၂၅-၃၀)

၁၉  အဲဒီလို ပြောပြီးတဲ့နောက် ယေရှုက ဂါလိလဲနယ်ကနေ ထွက်သွားတယ်။ ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ယုဒနယ်စပ်ကို ရောက်လာတယ်။+ ၂  အဲဒီမှာ လိုက်ပါလာတဲ့ လူအုပ်ကြီးထဲက လူနာတွေကို ကုသပေးတယ်။ ၃  ဖာရိရှဲတွေက ယေရှုကို အကဲစမ်းချင်တဲ့အတွက် “ယောက်ျားတစ်ယောက်ဟာ ဇနီးကို ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကွာရှင်းခွင့် ရှိသလား”+ ဆိုပြီး မေးတယ်။ ၄  ယေရှုက “အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တဲ့အကြောင်း မဖတ်ဖူးဘူးလား။+ ၅  ‘ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’+ လို့ ပြောခဲ့တာကိုလည်း မဖတ်ဖူးဘူးလား။ ၆  သူတို့ဟာ နှစ်ယောက် မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့”+ လို့ ဖြေတယ်။ ၇  “ဒါဆို ကိုယ့်ဇနီးကို ကွာရှင်းမယ်ဆိုရင် ကွာရှင်းစာချုပ် ပေးဖို့ မောရှေ ဘာလို့ ခွင့်ပြုခဲ့တာလဲ”+ ဆိုပြီး သူတို့ မေးတော့၊ ၈  ယေရှုက “ခင်ဗျားတို့ ခေါင်းမာလို့ မောရှေက ကွာရှင်းခွင့်ပြုခဲ့တာ။+ အစတုန်းက အဲဒီလို မဟုတ်ဘူး။+ ၉  ကျွန်တော် ပြောမယ်။ ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှု* ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ”+ လို့ ပြောတယ်။ ၁၀  တပည့်တွေက “ဒီအတိုင်းသာဆိုရင် အိမ်ထောင်မပြုဘဲ နေတာကမှ ပိုကောင်းဦးမယ်” လို့ ပြောတဲ့အခါ၊ ၁၁  ယေရှုက “ဒါကို လူတိုင်း လက်မခံကြဘူး။ ဆုကျေးဇူး ရထားသူတွေပဲ လက်ခံကြတယ်။+ ၁၂  တချို့က မွေးရာပါ ချို့ယွင်းချက်ကြောင့် အိမ်ထောင်မပြုကြဘူး။ တချို့က သင်းကွပ်ခံရလို့ အိမ်ထောင်မပြုကြဘူး။ တချို့ကျတော့ ကောင်းကင်နိုင်ငံအတွက် ပိုပြီး လုပ်ဆောင်ချင်လို့ အိမ်ထောင်မပြုကြဘူး။* အိမ်ထောင်မပြုဘဲ နေချင်တယ်ဆိုရင် နေနိုင်ပါတယ်”+ လို့ ပြောတယ်။ ၁၃  လူတွေက သူတို့ရဲ့ ကလေးတွေပေါ် လက်တင်ပြီး ဆုတောင်းပေးစေချင်လို့ ကလေးတွေကို ယေရှုဆီ ခေါ်လာတဲ့အခါ တပည့်တွေ တားကြတယ်။+ ၁၄  ဒါပေမဲ့ ယေရှုက “နေပါစေ။ ကလေးတွေ လာတာကို မတားကြနဲ့။ ကောင်းကင်နိုင်ငံဟာ ဒီကလေးငယ်လို လူတွေရဲ့ နိုင်ငံပဲ”+ လို့ ပြောပြီး၊ ၁၅  ကလေးတွေအပေါ်မှာ လက်တင်တယ်။ ပြီးတော့ အဲဒီကနေ ထွက်သွားတယ်။ ၁၆  လူတစ်ယောက်က ယေရှုဆီ လာပြီး “ဆရာ၊ ထာဝရအသက် ရဖို့ ကျွန်တော် ဘာကောင်းမှု လုပ်ရမလဲ” လို့ မေးတဲ့အခါ၊+ ၁၇  ယေရှုက “ကောင်းမှုအကြောင်း ကျွန်တော့်ကို ဘာလို့ မေးတာလဲ။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တယ်။+ အသက် ရချင်ရင် ပညတ်တွေကို အမြဲ လိုက်နာပါ”+ လို့ ဖြေတယ်။ ၁၈  အဲဒီလူက “ဘယ်ပညတ်တွေလဲ” လို့ မေးတော့ ယေရှုက “လူ့အသက် မသတ်နဲ့။+ အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ မခိုးနဲ့။+ မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+ ၁၉  မိဘကို ရိုသေပါ။+ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုတာတွေပေါ့လို့ ဖြေတယ်။ ၂၀  “အဲဒါတွေအားလုံးကို ကျွန်တော် လိုက်နာနေပါတယ်။ နောက်ထပ် ဘာလိုသေးလဲ” လို့ အဲဒီလူငယ် မေးတဲ့အခါ၊ ၂၁  ယေရှုက “ပြည့်ဝစုံလင်သူ ဖြစ်ချင်ရင် ခင်ဗျားရဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ကောင်းကင်ဘဏ္ဍာကို+ ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ”+ လို့ ပြောတယ်။ ၂၂  ဒီစကားကို ကြားတဲ့အခါ အလွန် ချမ်းသာတဲ့ အဲဒီလူငယ်ဟာ ဝမ်းနည်းပြီး ထွက်သွားတယ်။+ ၂၃  ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ချမ်းသာတဲ့သူတွေ ကောင်းကင်နိုင်ငံဝင်ဖို့ သိပ်ခက်တယ်။+ ၂၄  ကျွန်တော် ပြောဦးမယ်။ ဘုရားသခင့်နိုင်ငံတော်ကို ချမ်းသာတဲ့သူ ဝင်တာထက် အပ်ပေါက်ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်” လို့ ပြောတယ်။+ ၂၅  ဒါကို တပည့်တွေ ကြားတဲ့အခါ တအံ့တသြ ဖြစ်ပြီး “ဒါဆိုရင် ကယ်တင်ခံရမယ့်သူ ရှိနိုင်ပါဦးမလား”+ လို့ မေးတယ်။ ၂၆  ယေရှုက သူတို့ကို စူးစိုက်ကြည့်ပြီး “လူတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အရာပဲ။ ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်”+ လို့ ဖြေလိုက်တယ်။ ၂၇  အဲဒီနောက် ပေတရုက “ကျွန်တော်တို့ ရှိသမျှကို စွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ။ ကျွန်တော်တို့ ဘာများ ရမှာလဲ”+ လို့ မေးတယ်။ ၂၈  ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ဘုရားသခင်က အရာအားလုံး အသစ် ဖြစ်အောင် လုပ်တဲ့အချိန်မှာ လူသားဟာ ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်နောက် လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+ ၂၉  ကျွန်တော့်နာမည်ကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အဆ ၁၀၀ ပြန်ရမယ့်အပြင် ထာဝရအသက်ကိုပါ ရလိမ့်မယ်။+ ၃၀  “ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
မူရင်း၊ “မိန်းမစိုးအဖြစ် ခံယူကြတယ်။”