ယောဘ ၁၃:၁-၂၈
၁၃ “ဒါတွေအားလုံးကို ကျုပ် မျက်စိနဲ့ တပ်အပ်မြင်ပြီ။
နားနဲ့ ဆတ်ဆတ်ကြားပြီး နားလည်ပြီ။
၂ ခင်ဗျားတို့လောက်တော့ ကျုပ်လည်း သိပါတယ်။
ခင်ဗျားတို့ထက် မညံ့ပါဘူး။
၃ ကျုပ်ကတော့ အနန္တတန်ခိုးရှင်နဲ့ပဲ စကားပြောချင်တယ်။
ကိုယ့်အမှုကို ဘုရားသခင်ဆီပဲ တင်ပြချင်တယ်။+
၄ ခင်ဗျားတို့က မဟုတ်တာတွေပြောပြီး ကျုပ်ကို သိက္ခာချနေကြတယ်။
ခင်ဗျားတို့အားလုံး သုံးစားလို့မရတဲ့ သမားတော်တွေပဲ။+
၅ တိတ်တိတ်နေကြ။
ဒါမှ ခင်ဗျားတို့ကို ပညာရှိတယ်လို့ ထင်ကြမှာ။+
၆ ကျုပ်ရဲ့ချေပချက်ကို နားထောင်ကြဦး။
ကျုပ်ရဲ့လျှောက်လဲချက်ကို အာရုံစိုက်ကြဦး။
၇ ခင်ဗျားတို့က ဘုရားသခင် ဘက်မှာ နေပြီး မတရား ပြောမလို့လား။
လှည့်စားပြောဆိုမလို့လား။
၈ ဘုရားဘက်မှာ နေကြမလို့လား။
စစ်မှန်တဲ့ဘုရားသခင်ဘက်မှာနေပြီး လျှောက်လဲပေးမလို့လား။
၉ ဘုရားသာ စစ်ဆေးရင် ခင်ဗျားတို့အတွက် ကောင်းနိုင်ပါ့မလား။+
သေမျိုးဖြစ်တဲ့လူကို လှည့်စားသလို ဘုရားကို လှည့်စားမလို့လား။
၁၀ ခင်ဗျားတို့ မသိမသာ မျက်နှာလိုက်နေရင်ကောင်းကောင်း ဆုံးမခံရလိမ့်မယ်။+
၁၁ ဘုရားရဲ့ ဂုဏ်အရှိန်အဝါကို မလန့်ကြဘူးလား။
ဘုရားကို မကြောက်ကြဘူးလား။
၁၂ ခင်ဗျားတို့ရဲ့ ပညာအလိမ္မာစကားတွေဟာ ပြာလိုပဲ တန်ဖိုးမရှိဘူး။
ချေပချက်တွေကလည်း ရွှံ့စေးဒိုင်းလွှားလိုပဲ မခိုင်မာဘူး။
၁၃ တိတ်တိတ်နေကြပါ။ ကျုပ် ပြောပါရစေ။
ပြီးမှ ဖြစ်ချင်တာ ဖြစ်ပါစေတော့။
၁၄ ကျုပ် ဘာလို့ အသက်အန္တရာယ် ကြုံနေရတာလဲ။
ဘာလို့ အသက်ကို ရင်းရမှာလဲ။
၁၅ ဘုရားသတ်လို့ သေရမယ်ဆိုရင်လည်း ကျုပ် စောင့်မျှော်နေဦးမယ်။+
ကျုပ်ရဲ့အမှုကို ရှေ့တော်မှာ ခုခံပြောဆိုမယ်။
၁၆ တရားမဲ့သူတစ်ယောက်မှ ရှေ့တော်ကို မဝင်လာနိုင်ဘူး ဆိုတော့+ကျုပ်ကို ဘုရားကယ်မှာပါ။+
၁၇ ကျုပ်စကားကို အသေအချာ နားထောင်ကြပါ။
ကျုပ်ရဲ့ထွက်ဆိုချက်ကို အာရုံစိုက်ကြပါ။
၁၈ အခု ကျုပ်ရဲ့အမှုကို တင်ပြဖို့ အသင့်ဖြစ်နေပြီ။
ကိုယ်မှန်တာ ကိုယ်သိတယ်။
၁၉ ကျုပ်နဲ့ ဘယ်သူတရားဆိုင်မလဲ။
ကျုပ် နှုတ်ဆိတ်ပြီးသာနေရရင် သေရချည်ရဲ့။*
၂၀ အို ဘုရားသခင်၊ ကျွန်တော် တောင်းဆိုချင်တဲ့ ဒီအချက်နှစ်ချက်ကို လိုက်လျောပေးရင်ကိုယ်တော့်ကို ရှောင်ဖယ်မနေတော့ပါဘူး။
၂၁ ကျွန်တော့်အပေါ် တင်ထားတဲ့ လေးလံတဲ့လက်ကို ဖယ်ပေးပါ။
ကိုယ်တော့်ကို ကြောက်တဲ့စိတ်နဲ့ ချောက်ချားပြီး မနေပါရစေနဲ့။+
၂၂ ကျွန်တော့်ကို ခေါ်ပါ။ ပြန်ထူးပါ့မယ်။
ကျွန်တော်ပြောရင်လည်း တုံ့ပြန်ပေးပါ။
၂၃ ကျွန်တော် ဘာအမှားတွေ၊ ဘာအပြစ်တွေ လုပ်ခဲ့လို့လဲ။
ကျွန်တော့်ပြစ်မှားမှုနဲ့ အပြစ်တွေကို ဖော်ထုတ်လိုက်ပါ။
၂၄ ကျွန်တော့်ကို ဘာလို့ မျက်နှာလွှဲပြီး+ရန်သူလို သဘောထားရတာလဲ။+
၂၅ လေနှင်ရာလွင့်တဲ့ သစ်ရွက်ကို ခြောက်လှန့်မလို့လား။
ရိုးပြတ်ခြောက်ကို လိုက်ဖမ်းမလို့လား။
၂၆ ကျွန်တော်နဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ကိုယ်တော် ရေးမှတ်ထားတယ်။
ငယ်ငယ်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ဖြေရှင်းချက်ပေးခိုင်းတယ်။
၂၇ ကျွန်တော့်ကို ထိတ်တုံးခတ်ထားတယ်။
ကျွန်တော်သွားတဲ့လမ်းတွေကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးတယ်။
တကောက်ကောက် ခြေရာခံလိုက်တယ်။
၂၈ ဒါကြောင့် ကျွန်တော်ဟာ* ပုပ်ဆွေးနေတဲ့အရာလို၊ပိုးစားနေတဲ့ အဝတ်လို ပျက်စီးသွားတာပေါ့။
အောက်ခြေမှတ်ချက်များ
^ “တရားဆိုင်နိုင်တဲ့သူရှိရင် ကျုပ် နှုတ်ဆိတ်ပြီး အသေခံပါ့မယ်” လည်းဖြစ်နိုင်။
^ မူရင်း၊ “လူဟာ။”