ယောဟန် ၁၁:၁-၅၇

  • လာဇရု သေဆုံး (၁-၁၆)

  • မာသနဲ့မာရိကို ယေရှုနှစ်သိမ့်ပေး (၁၇-၃၇)

  • လာဇရုကို ရှင်ပြန်ထမြောက်စေ (၃၈-၄၄)

  • ယေရှုကိုသတ်ဖို့ ပူးပေါင်းကြံစည် (၄၅-၅၇)

၁၁  ဗေသနိရွာမှာ လာဇရုလို့ခေါ်တဲ့ လူတစ်ယောက် ဖျားနေတယ်။ အဲဒီရွာဟာ မာရိနဲ့မာသတို့ ညီအစ်မနှစ်ယောက်နေတဲ့ ရွာပဲ။+ ၂  မာရိဆိုတာက သခင်ယေရှုရဲ့ခြေကို ဆီမွှေးလိမ်းပြီး ဆံပင်နဲ့ သုတ်ပေးတဲ့သူပါ။+ ဖျားနေတဲ့ လာဇရုကတော့ သူ့ရဲ့မောင်ပဲ။ ၃  အဲဒီညီအစ်မနှစ်ယောက်က ယေရှုဆီ လူလွှတ်ပြီး “သခင်ချစ်ခင်တဲ့သူ ဖျားနေပါတယ်” လို့ ပြောခိုင်းတယ်။ ၄  ဒါပေမဲ့ အဲဒီသတင်းကို ကြားတဲ့အခါ ယေရှုက “သူ အခုလိုဖျားတာ သေဖို့မဟုတ်ဘူး၊ ဘုရားသခင့်ဘုန်းတော် ထင်ရှားဖို့ပဲ။+ ဘုရားသခင်ရဲ့သားလည်း ဘုန်းထင်ရှားလိမ့်မယ်” လို့ပြောတယ်။ ၅  ယေရှုက မာသ၊ မာရိနဲ့ လာဇရုတို့ကို ချစ်ခင်ပေမဲ့၊ ၆  လာဇရု ဖျားနေတဲ့သတင်းကို ကြားတဲ့အခါ သူရောက်နေတဲ့နေရာမှာပဲ နှစ်ရက်ဆက်နေတယ်။ ၇  အဲဒီနောက်မှ “ယုဒပြည်ကို နောက်တစ်ကြိမ် သွားရအောင်” လို့ပြောတော့၊ ၈  တပည့်တွေက “ဆရာ၊*+ သိပ်မကြာခင်ကပဲ ယုဒပြည်သားတွေ ဆရာ့ကို ခဲနဲ့ပေါက်ချင်နေတာလေ။+ အခု အဲဒီကို ပြန်သွားမလို့လား” လို့မေးတယ်။ ၉  ယေရှုက “နေ့အချိန် ၁၂ နာရီရှိတာပဲ။+ နေ့အချိန်မှာ သွားလာမယ်ဆိုရင် ဒီလောကရဲ့အလင်းကို မြင်ရတဲ့အတွက် ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။ ၁၀  ညအချိန်မှာ သွားလာရင်တော့ သူ့ဆီမှာ အလင်းမရှိတဲ့အတွက် ခလုတ်တိုက်လဲတတ်တယ်” လို့ဖြေတယ်။ ၁၁  အဲဒီလိုဖြေပြီးတဲ့နောက် ယေရှုက “ကျွန်တော်တို့ရဲ့ သူငယ်ချင်း လာဇရု အိပ်ပျော်သွားပြီ။+ သူ့ကိုနှိုးဖို့ သွားရမယ်” လို့ပြောတဲ့အခါ၊ ၁၂  တပည့်တွေက “သခင်၊ သူအိပ်ပျော်သွားပြီဆိုတော့ သက်သာမှာပါ” လို့ပြောတယ်။ ၁၃  လာဇရု သေဆုံးတာကို ယေရှုဆိုလိုပေမဲ့ အိပ်ပျော်နေတာကို ဆိုလိုတယ်လို့ တပည့်တွေ ထင်နေကြတယ်။ ၁၄  ဒါကြောင့် ယေရှုက တဲ့တိုးပဲ ပြောလိုက်တယ်– “လာဇရု ဆုံးသွားပြီ။+ ၁၅  အဲဒီမှာ ကျွန်တော် မရှိတာ ဝမ်းသာစရာပဲ။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာအောင် ကျွန်တော် လုပ်ပေးတော့မှာ မို့လို့ပါ။ သူ့ဆီ အခုသွားရအောင်။” ၁၆  အဲဒီအခါ အမြွှာလို့ခေါ်တဲ့ သောမက “ငါတို့လည်း လိုက်သွားရအောင်။ သခင်နဲ့အတူ သေရင်သေပါစေ” လို့ ကျန်တဲ့တပည့်တွေကို ပြောတယ်။+ ၁၇  ယေရှုရောက်လာတဲ့အခါ လာဇရုကို  သင်္ချိုင်းဂူမှာ  သင်္ဂြိုဟ်လိုက်တာ  လေးရက်ရှိနေမှန်း  သိလိုက်ရတယ်။ ၁၈  ဗေသနိရွာဟာ ဂျေရုဆလင်မြို့နဲ့ နှစ်မိုင်* လောက်ပဲဝေးတာ။ ၁၉  ဂျူးအတော်များများက မောင်ဖြစ်သူ ဆုံးပါးသွားတဲ့ မာသနဲ့မာရိကို နှစ်သိမ့်ဖို့  ရောက်နေတယ်။ ၂၀  မာသက ယေရှုလာနေတယ်ဆိုတာကို ကြားတဲ့အခါ  ခရီးဦးကြိုပြုဖို့  ထွက်သွားတယ်။ မာရိကတော့+ အိမ်မှာပဲ ထိုင်နေတယ်။ ၂၁  ယေရှုနဲ့ဆုံတော့ မာသက “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး။ ၂၂  အခုလည်း သခင်သာ တောင်းမယ်ဆိုရင် ဘုရားသခင်က ဘာမဆိုပေးမယ်ဆိုတာ ကျွန်မသိပါတယ်” လို့ပြောတယ်။ ၂၃  ယေရှုက “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်”  လို့ပြောတော့၊ ၂၄  မာသက “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ+ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ  ကျွန်မသိပါတယ်” လို့ဖြေတယ်။ ၂၅  ယေရှုက “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ။+ ကျွန်တော့်ကို ယုံကြည်သက်ဝင်မယ်ဆိုရင် သေဆုံးသွားရင်တောင် အသက်ပြန်ရှင်လိမ့်မယ်။ ၂၆  ကျွန်တော့်ကို ယုံကြည်သက်ဝင်ပြီး အသက်ရှင်တဲ့သူဟာ  ဘယ်တော့မှ သေရမှာမဟုတ်ဘူး။+ ဒါကို ယုံသလား” လို့မေးတော့၊ ၂၇  မာသက “ယုံပါတယ်၊ သခင်။ သခင်ဟာ ခရစ်တော်ဖြစ်မှန်း၊ ဒီလောကကိုလာတဲ့ ဘုရားသခင်ရဲ့သားဖြစ်မှန်း ကျွန်မယုံပါတယ်” လို့ဖြေတယ်။ ၂၈  အဲဒီလိုဖြေပြီးတဲ့နောက် မာသက ညီမမာရိကို သွားခေါ်ပြီး “ဆရာ+ ရောက်လာပြီ။ နင့်ကို ခေါ်နေတယ်” လို့ တိုးတိုးတိတ်တိတ် ပြောတယ်။ ၂၉  မာရိလည်း ချက်ချင်း ထပြီး ယေရှုဆီ ထွက်လာတယ်။ ၃၀  ယေရှုက ရွာထဲ မဝင်လာသေးဘူး။ မာသနဲ့ဆုံတဲ့ နေရာမှာပဲ ရှိနေသေးတယ်။ ၃၁  အိမ်ထဲမှာ နှစ်သိမ့်ပေးနေတဲ့ ဂျူးတွေက မာရိ ကောက်ကာငင်ကာ  ထွက်သွားတာကို  မြင်တော့  သင်္ချိုင်းဂူမှာ+  သွားငိုတော့မယ် အထင်နဲ့ နောက်ကနေ လိုက်လာကြတယ်။ ၃၂  မာရိက ယေရှုရှိနေတဲ့နေရာကို ရောက်လာတယ်။ ယေရှုကိုမြင်တာနဲ့  ခြေရင်းမှာ  ပျပ်ဝပ်ပြီး “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” လို့ပြောတယ်။ ၃၃  ယေရှုက မာရိရော လိုက်လာတဲ့ ဂျူးတွေပါ ငိုနေတာကို မြင်တဲ့အခါ ဝမ်းနည်းပြီး စိတ်ထိခိုက်သွားတယ်။ ၃၄  “အလောင်းကို ဘယ်မှာထားသလဲ”  လို့မေးတော့  “သခင်၊ လာကြည့်လို့ရပါတယ်”  လို့ဖြေတယ်။ ၃၅  ယေရှု  မျက်ရည်ကျတော့၊+ ၃၆  ဂျူးတွေက “ကြည့်ပါဦး။ လာဇရုကို သူ တော်တော် သံယောဇဉ်ကြီးတာပဲ” လို့ပြောကြတယ်။ ၃၇  တချို့ကျတော့လည်း “မျက်မမြင်ကို ပြန်မြင်အောင်လုပ်ပေးတဲ့ ဒီလူက+ လာဇရုမသေအောင်ရော မလုပ်နိုင်ဘူးလား” လို့ပြောကြတယ်။ ၃၈  စိတ်ထိခိုက်နေတဲ့  ယေရှုက သင်္ချိုင်းဂူကို ရောက်လာတယ်။ ဂူဝကို ကျောက်တုံးနဲ့  ပိတ်ထားတယ်။ ၃၉  ယေရှုက “ကျောက်တုံးကို ဖယ်လိုက်ပါ” လို့ပြောတဲ့အခါ ကွယ်လွန်သူရဲ့အစ်မ မာသက “သခင်၊ လေးရက်တောင် ရှိပြီဆိုတော့ အခု နံနေလောက်ပြီ” လို့ပြောတယ်။ ၄၀  ယေရှုက “ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား”+ ဆိုပြီး ပြောတယ်။ ၄၁  အဲဒီအခါ ကျောက်တုံးကို လှိမ့်ဖယ်လိုက်ကြတယ်။  ယေရှုက ကောင်းကင်ကို  မော့ကြည့်ပြီး+ “အဖ၊ ကျွန်တော်ပြောတာကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၄၂  ကျွန်တော်ပြောတာကို အဖ အမြဲနားထောင်ပေးမှန်း သိပါတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို အဖ စေလွှတ်လိုက်မှန်း ဒီမှာ ရပ်နေတဲ့လူတွေ ယုံကြည်လာစေဖို့ သူတို့အကျိုးအတွက် ပြောရတာပါ”+ လို့ပြောပြီးနောက်၊ ၄၃  “လာဇရု၊ ထွက်လာခဲ့” ဆိုပြီး အကျယ်ကြီး အော်ခေါ်လိုက်တယ်။+ ၄၄  အဲဒီအခါ ကွယ်လွန်သူဟာ ခြေလက်တွေရော မျက်နှာမှာပါ အဝတ်တွေ ပတ်စည်းလျက်သား ထွက်လာတယ်။ ယေရှုက “သူသွားလို့ရအောင် အဝတ်တွေ ဖြေပေးလိုက်ပါ” လို့ပြောတယ်။ ၄၅  မာရိဆီလာတဲ့ ဂျူးအတော်များများက ယေရှုလုပ်ပြတာကို မြင်ပြီး ယုံကြည်လာကြတယ်။+ ၄၆  တချို့ကတော့  ဖာရိရှဲတွေဆီ သွားပြီး ယေရှုလုပ်ခဲ့တာကို  ပြောပြကြတယ်။ ၄၇  အဲဒီအခါ  ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေက ဂျူးတရားရုံးချုပ်* အဖွဲ့ဝင်တွေကို စုရုံးပြီး “ဒီလူက အံ့ဖွယ်အမှုတွေ အများကြီး လုပ်ပြနေပါလား။ ကျုပ်တို့ ဘယ်လိုလုပ်ကြမတုံး။+ ၄၈  ဒီအတိုင်းသာ လွှတ်ထားရင် လူအားလုံး သူ့ကို ယုံကြည်ကြလိမ့်မယ်။ အဲဒီအခါ ရောမတွေရောက်လာပြီး ဗိမာန်တော်ကိုရော ကျုပ်တို့လူမျိုးကိုပါ သိမ်းပိုက်သွားလိမ့်မယ်”  လို့တိုင်ပင်ကြတယ်။ ၄၉  အဲဒီနှစ်မှာ ပုရောဟိတ်မင်းဖြစ်နေတဲ့ ကယာဖက+ “ခင်ဗျားတို့ မသိကြဘူးလား။ ၅၀  တစ်မျိုးလုံး ဖျက်ဆီးခံရတာထက်  လူအများအတွက်  တစ်ယောက်သေတာက ပိုအကျိုးရှိတယ်ဆိုတာ မစဉ်းစားမိကြဘူးလား” လို့ပြောတယ်။ ၅၁  တကယ်တော့ သူ့သဘောအတိုင်း ပြောလိုက်တာ မဟုတ်ဘူး။ ကယာဖက အဲဒီနှစ်မှာ ပုရောဟိတ်မင်း ဖြစ်နေတဲ့အတွက် ယေရှုဟာ ဂျူးလူမျိုးအတွက် အသက်ပေးရမယ့်အကြောင်း၊ ၅၂  ဂျူးလူမျိုးအတွက် အသက်ပေးရုံသာမက တကွဲတပြားဖြစ်နေတဲ့ ဘုရားသခင့်သားသမီးတွေကို တစ်စည်းတစ်လုံးတည်း ဖြစ်စေရမယ့်အကြောင်း ပရောဖက်ပြုလိုက်တာပဲ။ ၅၃  ဒါနဲ့ အဲဒီနေ့ကစပြီး ယေရှုကိုသတ်ဖို့ သူတို့ ပူးပေါင်းကြံစည်ကြတော့တယ်။ ၅၄  ဒါကြောင့် ယေရှုက ဂျူးတွေထဲမှာ  ထင်ထင်ပေါ်ပေါ်  မသွားလာတော့ဘဲ အဲဒီကနေ ထွက်သွားတယ်။ တောစပ်နားက ဧဖရိမ်လို့ခေါ်တဲ့မြို့ဆီ+ ထွက်သွားပြီး တပည့်တွေနဲ့အတူ နေတယ်။ ၅၅  ဂျူးတွေရဲ့ ပသခါပွဲ+ နီးလာပြီ။ ကျေးလက်ဒေသက  လူအတော်များများဟာ  ပွဲတော်မတိုင်ခင် မောရှေပညတ်မှာပါတဲ့အတိုင်း ကိုယ်ကိုသန့်စင်စေဖို့ ဂျေရုဆလင်မြို့ကို တက်လာတယ်။ ၅၆  သူတို့က ယေရှုကို ရှာကြတယ်။ ဗိမာန်တော်မှာ စုရုံးမိတဲ့အခါ “ဘယ်လိုထင်သလဲ။ ပွဲတော်ကို သူလာမလား” ဆိုပြီး အချင်းချင်းမေးကြတယ်။ ၅၇  ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေက ယေရှုကိုဖမ်းချင်တော့ သူရှိတဲ့နေရာကို သိရင် အကြောင်းကြားရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ရဗ္ဗိ။”
၃ ကီလိုမီတာခန့်။ မူရင်း၊ “၁၅ စတာဒီယမ်ခန့်။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။