ယောဟန် ၁၇:၁-၂၆
၁၇ အဲဒီလို ပြောပြီးတဲ့နောက် ယေရှုက ကောင်းကင်ကို မော့ကြည့်ပြီး အခုလို ဆုတောင်းတယ်– “အို အဖ၊ အချိန်ရောက်လာပါပြီ။ သားက အဖကို ဘုန်းထင်ရှားစေဖို့ သားရဲ့ဘုန်းကိုလည်း ထင်ရှားစေပါ။+
၂ လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို သားဆီ အဖ အပ်နှင်းထားပါပြီ။+ သားကို ဒီလိုအပ်နှင်းတာက အဖပေးအပ်ထားသူတွေကို+ ထာဝရအသက်+ ပေးနိုင်ဖို့ပါ။
၃ ထာဝရအသက် ရနိုင်ဖို့ဆိုရင်+ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော+ အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။*+
၄ ကမ္ဘာပေါ်မှာ အဖရဲ့ဘုန်းကို ကျွန်တော် ထင်ရှားစေခဲ့ပါပြီ။+ အဖခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ။+
၅ အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ဘေးနားမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို အခုလည်း အဖရဲ့ဘေးနားမှာ ပြန်ခံစားခွင့်ပေးပါ။+
၆ “ဒီလောကထဲက အဖ ပေးအပ်ထားသူတွေကို အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ။+ သူတို့ကို အဖပိုင်ဆိုင်လို့ ကျွန်တော့်ဆီ ပေးအပ်ခဲ့တာပါ။ အဖရဲ့တရားစကားကို သူတို့ လိုက်နာပါတယ်။
၇ ကျွန်တော် ရရှိထားသမျှဟာ အဖဆီကဖြစ်မှန်း အခု သူတို့သိသွားပါပြီ။
၈ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အဖပြောသမျှ သူတို့ကို ပြန်ပြောပြခဲ့လို့ပါ။+ သူတို့က အဲဒီစကားတွေကို လက်ခံတယ်။ အဖရဲ့ကိုယ်စားလှယ်အဖြစ် ကျွန်တော်ရောက်လာမှန်းကောင်းကောင်းသိတယ်။+ အဖစေလွှတ်လိုက်တဲ့သူ ဖြစ်မှန်းလည်း ယုံတယ်။+
၉ သူတို့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒီလောကအတွက်မဟုတ်ဘဲ အဖပေးအပ်ထားသူတွေအတွက် ဆုတောင်းနေတာပါ။ သူတို့ဟာ အဖရဲ့လူတွေဖြစ်လို့ပါ။
၁၀ ကျွန်တော်ပိုင်ဆိုင်သမျှ အဖပိုင်တယ်။ အဖပိုင်ဆိုင်သမျှ ကျွန်တော်ပိုင်တယ်။+ သူတို့ကြောင့် ကျွန်တော် ဘုန်းထင်ရှားပါပြီ။
၁၁ “ကျွန်တော်က အဖဆီ ပြန်လာတော့မှာမို့လို့ ဒီလောကမှာ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကတော့ ဒီလောကမှာ ကျန်ရစ်ခဲ့မှာပါ။+ သန့်ရှင်းမြင့်မြတ်တဲ့ အဖ၊ ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါ။+ ဒါဆိုရင် အဖနဲ့ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သလို သူတို့လည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှာပါ။+
၁၂ ကျွန်တော်ဟာ ခံယူခွင့်ရထားတဲ့ အဖရဲ့နာမည်ကို ထောက်ပြီး သူတို့နဲ့အတူရှိနေတုန်းမှာ သူတို့ကို စောင့်ရှောက်ခဲ့တယ်၊+ ကာကွယ်ခဲ့တယ်။ ပျက်စီးခြင်းရဲ့သားကလွဲလို့+ တစ်ယောက်မှ မဆုံးရှုံးပါဘူး။+ ဒါဟာ ကျမ်းစကားပြည့်စုံတာပါပဲ။+
၁၃ အခု အဖဆီ ကျွန်တော်လာတော့မယ်။ ကျွန်တော်ခံစားရတဲ့ ပျော်ရွှင်မှုမျိုး သူတို့လည်း အပြည့်အဝ ခံစားနိုင်အောင် ဒီလောကမှာ ကျွန်တော်ရှိနေတုန်း ဒီစကားတွေကို ပြောရတာပါ။+
၁၄ အဖရဲ့တရားစကားကို သူတို့ကို ကျွန်တော်ပြောပြပါပြီ။ ဒီလောကနဲ့ ကျွန်တော် မပတ်သက်ခဲ့သလို သူတို့လည်း မပတ်သက်တဲ့အတွက် လောကက သူတို့ကို မုန်းပါတယ်။+
၁၅ “သူတို့ကို ဒီလောကကနေ ခေါ်ထုတ်ပေးဖို့ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေတာပါ။+
၁၆ ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို+ သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။+
၁၇ အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်။+ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ။*+
၁၈ အဖက ကျွန်တော့်ကို ဒီလောကထဲစေလွှတ်သလို ကျွန်တော်လည်း သူတို့ကို ဒီလောကထဲ စေလွှတ်ပါတယ်။+
၁၉ ကျွန်တော်က သူတို့အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် သန့်စင်ထားတယ်။ ဒါမှ သူတို့လည်း အမှန်တရားအားဖြင့် သန့်စင်လာကြမှာပါ။
၂၀ “သူတို့အတွက်ပဲ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ သူတို့စကားကြောင့် ကျွန်တော့်ကို ယုံကြည်လာမယ့် သူတွေအတွက်ပါ ဆုတောင်းပါတယ်။
၂၁ သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။+ အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော်က အဖနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလိုမျိုးပေါ့။+ ဒါဆိုရင် သူတို့အားလုံး ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။ ဒီလောကကလည်း ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း ယုံပါလိမ့်မယ်။
၂၂ ကျွန်တော်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သလို သူတို့ကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့ အဖပေးအပ်ထားတဲ့ ဘုန်းအသရေကို သူတို့ကို ပေးအပ်လိုက်ပါပြီ။+
၂၃ ကျွန်တော်က သူတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တဲ့အတွက် သူတို့လည်း အပြည့်အဝ စည်းလုံးလာကြမှာ။ အဲဒီအခါ ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း၊ အဖက ကျွန်တော့်ကို ချစ်သလို သူတို့ကိုလည်း ချစ်မှန်း ဒီလောက သိလာမှာပါ။
၂၄ အဖ၊ အဖပေးအပ်ထားသူတွေကို ကျွန်တော်ရှိတဲ့နေရာမှာ ရှိစေချင်လိုက်တာ။+ ဒါမှ လူ့လောကအစပြုချိန်* မတိုင်ခင်ကတည်းက ကျွန်တော့်ကိုချစ်လို့ အဖပေးထားတဲ့ ဘုန်းအသရေကို သူတို့မြင်နိုင်မှာပါ။+
၂၅ ဖြောင့်မတ်မှန်ကန်တဲ့ အဖ၊ ဒီလောကဟာ အဖကိုမသိပေမဲ့+ ကျွန်တော်ကတော့ သိပါတယ်။+ ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း သူတို့သိပါတယ်။
၂၆ အဖရဲ့ နာမည်ကိုသိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ။ နောင်လည်း ပြောပြဦးမှာပါ။+ ဒါမှ ကျွန်တော့်ကိုချစ်တဲ့ အဖရဲ့မေတ္တာမျိုးနဲ့ သူတစ်ပါးကို သူတို့ချစ်နိုင်လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။”+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ကောင်းကောင်းသိအောင် လေ့လာဆည်းပူးနေရမယ်။”
^ ဒါမှမဟုတ်၊ “သီးသန့်ဖယ်ထားပါ။”
^ အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။