ယောဟန် ၁၈:၁-၄၀
၁၈ အဲဒီလို ဆုတောင်းပြီးတဲ့နောက် ယေရှုက တပည့်တွေနဲ့အတူ ကိဒြုန်ချိုင့်ဝှမ်း+ တစ်ဖက်ကို ဖြတ်ပြီး ဥယျာဉ်ထဲ ဝင်သွားတယ်။+
၂ တပည့်တွေနဲ့အတူ အဲဒီကို အကြိမ်ကြိမ် သွားဖူးတဲ့အတွက် သစ္စာဖောက်ယုဒက အဲဒီနေရာကို သိနေတယ်။
၃ ယုဒက စစ်သည်တစ်စုအပြင် ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေရဲ့ အစောင့်ရဲမက်တွေကိုပါ ခေါ်ပြီး အဲဒီကို ရောက်လာတယ်။ မီးတုတ်၊ မီးအိမ်၊ လက်နက်တွေ ကိုင်ထားကြတယ်။+
၄ ဘာတွေကြုံရတော့မယ်ဆိုတာ သိနေတဲ့အတွက် ယေရှုက ရှေ့ကိုထွက်လာပြီး “ဘယ်သူ့ကို ရှာနေတာလဲ” လို့မေးတယ်။
၅ “နာဇရက်မြို့သား+ ယေရှုကို ရှာနေတာ” လို့ သူတို့ဖြေတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပဲ” လို့ပြောလိုက်တယ်။ သစ္စာဖောက် ယုဒလည်း သူတို့နဲ့အတူ ရပ်နေတယ်။+
၆ “ကျွန်တော်ဟာ ယေရှုပဲ” လို့ပြောတော့ သူတို့ နောက်ဆုတ်သွားပြီး လဲကျကုန်တယ်။+
၇ “ဘယ်သူ့ကို ရှာနေတာလဲ” လို့ ယေရှု ထပ်မေးတဲ့အခါ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ဖြေကြတယ်။
၈ ယေရှုက “ကျွန်တော်ဟာ ယေရှုပါလို့ ပြောပြီးပြီပဲ။ ကျွန်တော့်ကို ရှာနေတာဆိုရင် သူတို့တွေ သွားပါစေ” လို့ပြောတယ်။
၉ ဒါဟာ “အဖပေးအပ်ထားသူ တစ်ယောက်ကိုမှ ကျွန်တော် မဆုံးရှုံးဘူး” ဆိုတဲ့ သူ့ရဲ့စကားတွေ ပြည့်စုံလာတာပဲ။+
၁၀ အဲဒီအခါ ရှိမုန်ပေတရုက ပါလာတဲ့ဓားကို ဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ ကျွန်ကို ခုတ်လိုက်တာ ညာဘက်နားရွက် ပြတ်သွားတယ်။+ အဲဒီကျွန်က မာလခုလို့ ခေါ်တယ်။
၁၁ ယေရှုက “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။+ အဖဘုရားပေးတဲ့ ခွက်ကို* ကျွန်တော် မသောက်ဘဲ နေရမှာလား”+ ဆိုပြီး ပေတရုကိုပြောတယ်။
၁၂ တပ်မှူးနဲ့ တပ်သားတွေ၊ ဂျူးတွေရဲ့ အစောင့်ရဲမက်တွေက ယေရှုကို ဖမ်းဆီးချည်နှောင်ပြီး၊
၁၃ အန္နတ်ဆီ အရင်ခေါ်သွားတယ်။ အန္နတ်ဟာ အဲဒီနှစ်မှာ ပုရောဟိတ်မင်းဖြစ်နေတဲ့+ ကယာဖရဲ့+ ယောက္ခမပဲ။
၁၄ ကယာဖဆိုတာ လူအများအတွက် လူတစ်ယောက်သေတာ ပိုအကျိုးရှိတယ်ဆိုပြီး ဂျူးတွေကို အကြံပေးခဲ့ဖူးသူဖြစ်တယ်။+
၁၅ ရှိမုန်ပေတရုနဲ့ တပည့်နောက်တစ်ယောက်က နောက်ကနေ လိုက်လာကြတယ်။+ အဲဒီတပည့်က ပုရောဟိတ်မင်းရဲ့ အသိဖြစ်နေလို့ ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲ ယေရှုနဲ့အတူ ဝင်သွားတယ်။
၁၆ ပေတရုကတော့ ဝင်းတံခါးအပြင်ဘက်မှာ ရပ်ပြီးကျန်ရစ်ခဲ့တယ်။ ဒါကြောင့် ပုရောဟိတ်မင်းရဲ့အသိဖြစ်တဲ့ တပည့်က ထွက်လာပြီး တံခါးစောင့်ကို ပြောလိုက်တော့ ပေတရု အထဲဝင်လို့ ရသွားတယ်။
၁၇ တံခါးစောင့်ဖြစ်တဲ့ အစေခံမလေးက “ရှင်လည်း အဲဒီလူရဲ့တပည့်ပဲ မဟုတ်လား” လို့မေးတဲ့အခါ ပေတရုက “မဟုတ်ပါဘူး”+ လို့ငြင်းတယ်။
၁၈ ချမ်းစိမ့်စိမ့်ဖြစ်နေလို့ ကျွန်တွေ၊ အစောင့်ရဲမက်တွေက မီးသွေးမီးဖိုပြီး မီးလှုံနေကြတယ်။ ပေတရုလည်း သူတို့နဲ့အတူရပ်ပြီး မီးလှုံနေတယ်။
၁၉ အဲဒီအချိန်မှာ ပုရောဟိတ်ကြီးက ယေရှုကို တပည့်တွေအကြောင်း၊ သူ့သွန်သင်ချက်တွေအကြောင်း မေးမြန်းတယ်။
၂၀ ယေရှုက “လူအများရှေ့မှာ ကျွန်တော်ဟောပြောတယ်။ ဂျူးတွေစည်းဝေးတဲ့ တရားဇရပ်နဲ့ ဗိမာန်တော်မှာလည်း အမြဲသွန်သင်ပေးတယ်။+ ပုန်းလျှိုးကွယ်လျှိုး မဟောပြောခဲ့ဖူးဘူး။
၂၁ ဒါကြောင့် ကျွန်တော့်ကို မေးနေမယ့်အစား ကျွန်တော်ဟောတာကို ကြားနာခဲ့သူတွေကိုပဲ မေးကြည့်ပါလား။ ကျွန်တော် ဘာတွေဟောခဲ့လဲဆိုတာ သူတို့သိပါတယ်” လို့ဖြေတယ်။
၂၂ အဲဒီအခါ အနားမှာရပ်နေတဲ့ အစောင့်ရဲမက်က “ပုရောဟိတ်ကြီးကို မင်း ဒီလိုခံပြောရသလား” ဆိုပြီး ယေရှုကို ပါးရိုက်တယ်။+
၂၃ ယေရှုက “ကျွန်တော်ပြောတာ မှားနေရင်လည်း ဘာမှားသလဲဆိုတာ သက်သေပြပါ။ အခု၊ မှန်လျက်သားနဲ့ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ” လို့ပြန်ပြောတယ်။
၂၄ အဲဒီနောက် အန္နတ်က ချည်နှောင်ထားတဲ့ ယေရှုကို ပုရောဟိတ်မင်း ကယာဖဆီ ပို့လိုက်တယ်။+
၂၅ ရှိမုန်ပေတရုကတော့ ရပ်ပြီး မီးလှုံနေတယ်။ အဲဒီအချိန်မှာ “ခင်ဗျားလည်း အဲဒီလူရဲ့ တပည့်ပဲ မဟုတ်လား” လို့မေးကြတော့ ပေတရုက “မဟုတ်ပါဘူး” လို့ ငြင်းတယ်။+
၂၆ နောက်တော့ ပုရောဟိတ်မင်းရဲ့ ကျွန်တစ်ယောက်က “ဥယျာဉ်ထဲမှာ အဲဒီလူနဲ့အတူ ခင်ဗျားရှိနေတာ ကျွန်တော်မြင်သားပဲ။ ဟုတ်တယ် မဟုတ်လား” လို့မေးတယ်။ အဲဒီကျွန်က ပေတရုခုတ်လိုက်လို့ နားရွက်ပြတ်သွားတဲ့လူနဲ့+ အမျိုးတော်တယ်။
၂၇ ဒီတစ်ခါလည်း ပေတရု ငြင်းပြန်တယ်။ အဲဒီအချိန်မှာပဲ ကြက်တွန်သံ ကြားလိုက်ရတယ်။+
၂၈ မနက်မိုးလင်းလာတော့ ဂျူးတွေက ယေရှုကို ကယာဖဆီကနေ ဘုရင်ခံနန်းဆောင်ကို ခေါ်သွားကြတယ်။+ ပသခါညစာ စားမယ်ဆိုရင် ညစ်ညူးလို့ မဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်တော့ နန်းဆောင်ထဲ မဝင်ကြဘူး။+
၂၉ ပိလတ်မင်းက သူတို့ဆီ ထွက်လာပြီး “ဒီလူကို ဘာပြစ်မှုနဲ့ စွဲချက်တင်မှာလဲ” လို့မေးတဲ့အခါ၊
၃၀ “ဒီလူသာ ပြစ်မှုကျူးလွန်သူ မဟုတ်ရင် မင်းကြီးဆီ မအပ်ပါဘူး” လို့ဖြေကြတယ်။
၃၁ အဲဒီအခါ ပိလတ်မင်းက “သူ့ကို မင်းတို့ပဲ ခေါ်သွားပြီး မင်းတို့ရဲ့ တရားဥပဒေအတိုင်း စီရင်လိုက်ပါ”+ လို့အမိန့်ပေးတော့ “ကျွန်တော်တို့ ဘယ်သူ့ကိုမှ သတ်ပိုင်ခွင့် မရှိပါဘူး” လို့ပြောကြတယ်။+
၃၂ ဒါဟာ ဘယ်လိုသေခြင်းမျိုးနဲ့ သေရမယ်ဆိုတာကို အသိပေးတဲ့အနေနဲ့ ယေရှုပြောခဲ့တဲ့ စကားအတိုင်း ဖြစ်လာတာ။+
၃၃ ဒါနဲ့ ပိလတ်မင်းက ဘုရင်ခံနန်းဆောင်ထဲ ပြန်ဝင်လာတယ်။ ယေရှုကိုခေါ်ပြီး “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့မေးတယ်။+
၃၄ ယေရှုက “မင်းကြီးက ကိုယ့်သဘောနဲ့ကိုယ် မေးတာလား။ ဒါမှမဟုတ် ကျွန်တော့်အကြောင်း သူများပြောပြထားလို့လား” ဆိုပြီး ပြန်မေးတယ်။
၃၅ ပိလတ်မင်းက “ငါက ဂျူးလူမျိုးမှ မဟုတ်တာ။ မင်းရဲ့လူမျိုး၊ မင်းရဲ့ ပုရောဟိတ်ကြီးတွေက မင်းကို ငါ့ဆီ အပ်လိုက်တာလေ။ မင်း ဘာလုပ်မိလို့လဲ” ဆိုပြီးမေးတယ်။
၃၆ ယေရှုက “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။+ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေက ဂျူးတွေလက်ထဲ ကျွန်တော် မရောက်သွားရအောင် တိုက်ခိုက်မှာပဲ။+ ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး” လို့ဖြေတယ်။+
၃၇ အဲဒီအခါ ပိလတ်မင်းက “ဒါဆိုရင် မင်းက ဘုရင်လား” လို့မေးတော့ ယေရှုက “မင်းကြီးပြောတာ အမှန်ပဲ။ ကျွန်တော်ဟာ ဘုရင်တစ်ပါးပါ။+ ကျွန်တော်မွေးဖွားပြီး ဒီလောကကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့ပဲ။+ အမှန်တရားဘက် ရပ်တည်သူတိုင်း ကျွန်တော်ပြောတာကို နားထောင်ကြတယ်” လို့ဖြေတယ်။
၃၈ အဲဒီအခါ ပိလတ်မင်းက “အမှန်တရားဆိုတာ ဘာလဲ” လို့ပြောတယ်။
အဲဒီလို ပြောပြီးတဲ့နောက် ဂျူးတွေဆီ ပြန်ထွက်သွားပြီး “ဒီလူ့ဆီမှာ ဘာပြစ်မှုမှ ငါမတွေ့ဘူး။+
၃၉ ပသခါပွဲမှာ လူတစ်ယောက်ကို လွှတ်ပေးရတဲ့ထုံးစံ ခင်ဗျားတို့မှာ ရှိတာပဲ။+ ဒီတော့ ဂျူးတွေရဲ့ ဘုရင်ကို လွှတ်ပေးစေချင်သလား” လို့မေးတယ်။
၄၀ သူတို့က “သူ့ကိုတော့ မလွှတ်ပါနဲ့။ ဗာရဗ္ဗကိုပဲ လွှတ်ပေးပါ” လို့ အော်ပြောကြတယ်။ ဗာရဗ္ဗဆိုတာ ဓားပြတစ်ယောက်ပဲ။+
အောက်ခြေမှတ်ချက်များ
^ ဘုရားကို စော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ ယေရှုသေဆုံးဖို့ ဘုရားအလိုရှိတာကို ဆိုလို။