ယောဟန် ၂၁:၁-၂၅

  • တပည့်တွေရှေ့ ယေရှုပေါ်လာ (၁-၁၄)

  • ယေရှုကိုချစ်ကြောင်း ပေတရု အခိုင်အမာပြော (၁၅-၁၉)

    • “ကျွန်တော့်ရဲ့ သိုးကလေးတွေကို ကျွေးမွေးပါ” (၁၇)

  • ယေရှုချစ်တဲ့တပည့်ရဲ့ ရှေ့ရေး (၂၀-၂၃)

  • နိဂုံး (၂၄၊ ၂၅)

၂၁  အဲဒီနောက် ယေရှုက တိဗေရိအိုင်နားမှာ  တပည့်တွေကို ကိုယ်ထင်ပြတယ်။ ကိုယ်ထင်ပြပုံကတော့ ဒီလိုပါ၊ ၂  ရှိမုန်ပေတရု၊ အမြွှာလို့ခေါ်တဲ့ သောမ၊+ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊+ ဇေဗေဒဲရဲ့သားတွေနဲ့+ တခြားတပည့်နှစ်ယောက်တို့ အတူရှိနေချိန်မှာ၊ ၃  ရှိမုန်ပေတရုက “ငါးဖမ်းထွက်မယ်” ဆိုတော့ “ငါတို့လည်း လိုက်မယ်” လို့ပြောကြတယ်။ သူတို့ လှေနဲ့ငါးဖမ်းထွက်ပေမဲ့ အဲဒီညမှာ ငါးတစ်ကောင်မှ မရဘူး။+ ၄  မိုးလင်းခါနီးတော့  ကမ်းစပ်မှာ ယေရှု ရပ်နေတယ်။ ဒါပေမဲ့ ယေရှုမှန်း တပည့်တွေ မသိကြဘူး။+ ၅  ယေရှုက “ချစ်သားတို့၊ စားစရာတစ်ခုခု ရှိသလား” ဆိုပြီး မေးတဲ့အခါ “မရှိဘူး” လို့ဖြေကြတယ်။ ၆  ဒါနဲ့ “လှေရဲ့ညာဘက်မှာ ပိုက်ကွန်ချလိုက်ပါ။ ငါးတွေရလိမ့်မယ်” လို့ ယေရှုပြောတဲ့အတွက် ပိုက်ကွန်ချလိုက်တဲ့အခါ ပိုက်ကိုတောင် မဆွဲတင်နိုင်လောက်အောင်  ငါးတွေအများကြီး ဖမ်းမိတယ်။+ ၇  အဲဒီအခါ ယေရှုချစ်တဲ့တပည့်က+ “ဒါ သခင်ပဲ” လို့ပေတရုကို ပြောတယ်။ ဒါကိုလည်း ကြားရော ရှိမုန်ပေတရုက အပေါ်အင်္ကျီကို ကောက်ဝတ်ပြီး ရေထဲ ခုန်ဆင်းသွားတယ်။ ၈  ကျန်တဲ့တပည့်တွေဟာ ကမ်းစပ်နဲ့သိပ်မဝေးဘဲ ပေ ၃၀၀* လောက်မှာ ရှိနေတဲ့အတွက် ငါးတွေအပြည့်ပါတဲ့ ပိုက်ကွန်ကို ဆွဲရင်း လှေနဲ့ ကမ်းကပ်လာတယ်။ ၉  ကမ်းပေါ်ရောက်တဲ့အခါ မီးသွေးမီးပုံပေါ် ကင်ထားတဲ့ ငါးတွေနဲ့ မုန့်ကို တွေ့တယ်။ ၁၀  ယေရှုက “ဖမ်းလာတဲ့ငါးတချို့  ယူလာခဲ့”  လို့ပြောတဲ့အတွက်၊ ၁၁  ရှိမုန်ပေတရုလည်း လှေပေါ်တက်ပြီး ပိုက်ကွန်ကို ကုန်းပေါ်ဆွဲတင်တယ်။  ငါးကြီး ၁၅၃ ကောင် ပါလာတယ်။ ငါးတွေ ဒီလောက်များတာတောင်  ပိုက်ကွန်မပေါက်ပြဲဘူး။ ၁၂  ယေရှုက  “မနက်စာ  လာစားကြ” လို့ခေါ်တယ်။ သခင်မှန်း သိနေတဲ့အတွက် “ခင်ဗျား ဘယ်သူလဲ” ဆိုပြီး တပည့်တစ်ယောက်မှ မမေးရဲဘူး။ ၁၃  ယေရှုက မုန့်ကိုယူပြီး တပည့်တွေကို ပေးတယ်။ ငါးကိုလည်း ပေးတယ်။ ၁၄  ယေရှု သေရာကနေ အသက်ပြန်ရှင်လာပြီးနောက် တပည့်တွေကို ကိုယ်ထင်ပြတာ ဒါဟာ တတိယအကြိမ်ပဲ။+ ၁၅  မနက်စာ  စားပြီးတဲ့နောက် ယေရှုက “ယောဟန်ရဲ့သား ရှိမုန်၊ ဒီဟာတွေထက်  ကျွန်တော့်ကို ပိုချစ်သလား” လို့မေးတယ်။  “ချစ်တာပေါ့။ ကျွန်တော်ချစ်မှန်း သခင်သိပါတယ်” လို့ ရှိမုန်ပေတရုဖြေတဲ့အခါ “ကျွန်တော့်သိုးသငယ်တွေကို ကျွေးမွေးပါ”+ လို့မှာတယ်။ ၁၆  ယေရှုက “ယောဟန်ရဲ့သား ရှိမုန်၊ ကျွန်တော့်ကို ချစ်သလား” လို့ ဒုတိယအကြိမ် မေးတယ်။ “ချစ်တာပေါ့။ ကျွန်တော်ချစ်မှန်း သခင်သိပါတယ်” လို့ဖြေတော့ “ကျွန်တော့် သိုးကလေးတွေကို ထိန်းပါ”+ လို့မှာတယ်။ ၁၇  အဲဒီနောက် ယေရှုက “ယောဟန်ရဲ့သား ရှိမုန်၊ ကျွန်တော့်ကို ချစ်သလား” လို့ တတိယအကြိမ် မေးတယ်။ “ကျွန်တော့်ကို ချစ်သလား” လို့ သုံးကြိမ်တောင် မေးတဲ့အတွက် ပေတရုလည်း ဝမ်းနည်းသွားပြီး “သခင်၊ သခင်ဟာ အရာခပ်သိမ်းကို သိပါတယ်။ သခင့်ကို ကျွန်တော်ချစ်မှန်းလည်း သိပါတယ်” လို့ဖြေတယ်။ အဲဒီအခါ ယေရှုက “ကျွန်တော့်ရဲ့ သိုးကလေးတွေကို ကျွေးမွေးပါ။+ ၁၈  ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ခင်ဗျားဟာ ငယ်တုန်းမှာ ကိုယ့်ဘာသာကိုယ် အဝတ်ဝတ်ပြီး သွားချင်တဲ့နေရာကို သွားတတ်တယ်။ အသက်ကြီးလာရင်တော့ ကိုယ့်လက်နှစ်ဖက်ကို ဆန့်ပြီး တခြားသူက ဝတ်ပေးလိမ့်မယ်၊ ကိုယ်မသွားချင်တဲ့နေရာကို ခေါ်သွားလိမ့်မယ်” လို့ပြောတယ်။ ၁၉  ဒါဟာ ပေတရု ဘယ်လိုသေဆုံးပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေမလဲဆိုတာ ပြောနေတာ။ အဲဒီနောက် ပေတရုကို “ကျွန်တော့်နောက် ဆက်ပြီးလိုက်ပါ”+ လို့ပြောတယ်။ ၂၀  ပေတရု  လှည့်ကြည့်တဲ့အခါ ယေရှုချစ်တဲ့တပည့်+ လိုက်လာတာကို မြင်တယ်။ အဲဒီတပည့်ဟာ ညစာစားချိန်မှာ ယေရှုရဲ့ရင်ခွင်ကို ကျောမှီပြီး “သခင့်ကို သစ္စာဖောက်မယ့်သူဟာ ဘယ်သူလဲ” လို့မေးခဲ့တဲ့သူပဲ။ ၂၁  သူ့ကိုမြင်တဲ့အခါ ပေတရုက “သခင်၊ သူကျတော့ကော” ဆိုပြီး မေးတယ်။ ၂၂  ယေရှုက “ကျွန်တော်လာတဲ့အချိန်ထိ သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင်လည်း ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး။ ခင်ဗျားသာ ကျွန်တော့်နောက်ကို ဆက်လိုက်ပါ” လို့ပြောတယ်။ ၂၃  ဒါနဲ့ အဲဒီတပည့် သေမှာမဟုတ်ဘူးဆိုတဲ့စကား တပည့်တွေအလယ်မှာ ပျံ့သွားတယ်။ တကယ်တော့ သူသေမှာမဟုတ်ဘူးလို့ ယေရှုပြောနေတာ မဟုတ်ဘူး။ “ကျွန်တော်လာတဲ့အချိန်ထိ သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင်လည်း ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး” လို့ပြောနေတာပါ။ ၂၄  ဒီအကြောင်းတွေကို သက်သေခံပြီး ရေးသားခဲ့တဲ့သူဟာ အဲဒီတပည့်ပဲ။+ သူ့သက်သေခံချက် မှန်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ ၂၅  ယေရှုလုပ်ခဲ့တာတွေ  အများကြီး ရှိသေးတယ်။ အဲဒါတွေအားလုံးကို အသေးစိတ်ရေးနေရင် ကျမ်းလိပ်တွေများလွန်းလို့ ကမ္ဘာကြီးတောင် ဆံ့မယ်မထင်ဘူး။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အတောင် ၂၀၀ ခန့်။” မီတာ ၉၀ ခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။