ရောမ ၁၁:၁-၃၆

  • အစ္စရေး တစ်မျိုးလုံးကို ပစ်ပယ်တာမဟုတ် (၁-၁၆)

  • သံလွင်ပင် ပုံဥပမာ (၁၇-၃၂)

  • ဘုရားသခင်ရဲ့ ဉာဏ်ပညာ အလွန်ကြွယ်ဝ (၃၃-၃၆)

၁၁  ဒါဆိုရင် ကျွန်တော် မေးဦးမယ်။ လူမျိုးတော်ကို ဘုရားသခင် ပစ်ပယ်လိုက်တာလား။+ လုံးဝ မဟုတ်ပါဘူး။  ကျွန်တော်ကိုယ်တိုင်က အစ္စရေးတစ်ယောက်ပါ။ အာဗြဟံရဲ့မျိုးနွယ်၊ ဗင်ယာမိန် မျိုးနွယ်စုကပါ။ ၂  ဘုရားသခင်က   ကိုယ်တိုင်   ဦးဆုံးအသိအမှတ်ပြုခဲ့တဲ့ လူမျိုးတော်ကို မပစ်ပယ်ပါဘူး။+ ဧလိယက  အစ္စရေးတွေအကြောင်း ဘုရားသခင်ဆီ တိုင်ကြားပြီး အသနားခံချိန်မှာ ဘာတွေပြောခဲ့သလဲဆိုတာ ကျမ်းစာမှာ ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား။ ၃  “ယေဟောဝါ* ဘုရား၊ ပရောဖက်တွေကို သူတို့ ကွပ်မျက်လိုက်ကြပြီ။ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်လိုက်ကြပြီ။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့  ရှာကြံနေကြပြီ”+  လို့ သူပြောတော့၊ ၄  ဘုရားသခင် ဘာပြန်ပြောခဲ့သလဲ။ “ဗာလရှေ့မှာ ဒူးမထောက်တဲ့သူ အယောက် ၇,၀၀၀ ရှိသေးတယ်”+ လို့ ပြောခဲ့တယ်။ ၅  အလားတူပဲ၊ အခုအချိန်မှာလည်း မဟာကရုဏာတော်ကြောင့် ရွေးချယ်ခံရတဲ့ ကျန်ကြွင်းသူတစ်စု ရှိနေတယ်။+ ၆  မဟာကရုဏာတော်ကြောင့်+ ရွေးချယ်ခံရတာဆိုရင် သူတို့ရဲ့အကျင့်ကြောင့် ရွေးချယ်ခံရတာ မဟုတ်တော့ဘူး။+ ဟုတ်ခဲ့ရင် ဒီကရုဏာကို မဟာကရုဏာတော်လို့ မဆိုနိုင်ဘူး။ ၇  အဲဒီတော့ ဘာဖြစ်လဲ။ အစ္စရေးတွေက သူတို့ သိပ်လိုချင်တဲ့အရာကို မရလိုက်ဘူး။ ရွေးချယ်ခံရသူတွေကတော့ ရလိုက်တယ်။+ ကျန်တဲ့သူတွေကတော့ စိတ်နှလုံး ထုံထိုင်းသွားပြီ။+ ၈  “ဘုရားသခင်က သူတို့ရဲ့ စိတ်ကို အိပ်မောကျစေတယ်။+ သူတို့ကို မမြင်နိုင်တဲ့မျက်စိ၊ မကြားနိုင်တဲ့နားတွေ ပေးတယ်။ အခုချိန်အထိ သူတို့ အဲဒီလိုဖြစ်နေတုန်းပဲ”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၉  ဒါဝိဒ်ကလည်း “သူတို့ရဲ့စားပွဲဟာ သူတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်၊ ဆူးငြောင့်ခလုတ် ဖြစ်ပါစေ။ သူတို့ ဒဏ်ခတ်ခံရပါစေ။ ၁၀  သူတို့ရဲ့မျက်စိတွေ မမြင်နိုင်အောင် ကွယ်သွားပါစေ။ သူတို့ရဲ့ကျောကုန်းဟာ အမြဲကိုင်းနေပါစေ”+ လို့ပြောခဲ့တယ်။ ၁၁  ဒါဆို ကျွန်တော် မေးဦးမယ်။ သူတို့က  ခလုတ်တိုက်ပြီး ပြန်မထနိုင်အောင် လဲကျသွားတာလား။ လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ခြေလှမ်းမှားတဲ့အတွက် လူမျိုးခြားတွေ ကယ်တင်ခြင်းရဖို့ လမ်းစပွင့်သွားတယ်။ ဒါဟာ သူတို့ရဲ့ မနာလိုစိတ်ကို ဆွဖို့ပဲ။+ ၁၂  သူတို့ ခြေလှမ်းမှားတာက လောကအတွက် ကောင်းချီးဖြစ်သွားရင်၊ သူတို့ ဆုတ်ယုတ်တာက လူမျိုးခြားတွေအတွက် ကောင်းချီးဖြစ်သွားရင်+ စုသိမ်းခံရမယ့်အရေအတွက်ဟာ သူတို့နဲ့သာ ပြည့်သွားခဲ့ရင် ပိုလို့တောင် ကောင်းချီး ဖြစ်စေမှာပဲ။ ၁၃  အခု၊ လူမျိုးခြားဖြစ်တဲ့ ခင်ဗျားတို့ကို ကျွန်တော် ပြောမယ်။ ကျွန်တော်က လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော်ဖြစ်တဲ့အတွက်+ ကျွန်တော့်ရဲ့ အမှုဆောင်လုပ်ငန်းကို ဂုဏ်ယူပါတယ်။+ ၁၄  ကျွန်တော်က လူမျိုးချင်းတွေကို မနာလိုစိတ်ပေါ်လာအောင် တစ်နည်းနည်းနဲ့ ဆွဖို့ ကြိုးစားတယ်။ သူတို့ထဲကတချို့ကို ကယ်တင်ခြင်း ရစေဖို့ပါ။ ၁၅  သူတို့ ငြင်းပယ်ခံလိုက်ရတာက+ လောကကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတယ်ဆိုရင် သူတို့ လက်ခံမှုသာရခဲ့ရင် သေဆုံးတဲ့အဖြစ်ကနေ ရှင်သန်နေတဲ့အဖြစ်ကို ကူးပြောင်းကြသွားမယ်  မဟုတ်လား။ ၁၆  ဦးဆုံး* ဆက်သတဲ့ မုန့်ညက်တစ်ပိုင်းက သန့်ရှင်းရင် မုန့်ညက်တစ်ပုံလုံးလည်း သန့်ရှင်းတယ်။ အမြစ်က သန့်ရှင်းရင် အကိုင်းအခက်တွေလည်း သန့်ရှင်းတယ်။ ၁၇  ဒါပေမဲ့ ဘုရားသခင်က သံလွင်ပင်ကိုင်းတချို့ကို ခုတ်ဖြတ်ပြီး သံလွင်ပင်အရိုင်းဖြစ်တဲ့  ခင်ဗျားကို  ကိုင်းဆက်လိုက်တဲ့အခါ ခင်ဗျားလည်း သံလွင်အမြစ်ရဲ့  အဆီအနှစ်တွေကို မျှဝေခံစားနေရတယ်။ ၁၈  ဒါကြောင့်အကိုင်းအခက်တွေအပေါ် မမောက်မာပါနဲ့။ မောက်မာခဲ့ရင်+ ခင်ဗျားက အမြစ်ကို  ထောက်မနေတာ  မဟုတ်ဘူး၊ အမြစ်ကသာ ခင်ဗျားကို ထောက်မနေတယ်ဆိုတာ  သတိရပါ။ ၁၉  “ငါ့ကို ကိုင်းဆက်ဖို့ အကိုင်းအခက်တွေကို ခုတ်ဖြတ်လိုက်တာပဲ”+ ဆိုပြီး  ခင်ဗျား ပြောလိမ့်မယ်။ ၂၀  ဟုတ်ပါတယ်။ သူတို့က ယုံကြည်ခြင်းမရှိလို့ ခုတ်ဖြတ်ခံရတာ။+ ခင်ဗျားကတော့  ယုံကြည်ခြင်းရှိလို့  ရပ်တည်နေတာ။+ ဒါကြောင့် မာနမကြီးကြနဲ့။ သတိရှိနေကြပါ။ ၂၁  ဘုရားသခင်က သံလွင်ပင်ရဲ့  မူလအကိုင်းအခက်တွေကို  မချန်ထားဘူးဆိုရင် ခင်ဗျားကိုလည်း ချန်ထားမှာ  မဟုတ်ဘူး။ ၂၂  ဘုရားသခင်ရဲ့ သနားကြင်နာခြင်းနဲ့+ ဒဏ်ခတ်ခြင်းအကြောင်း စဉ်းစားကြည့်လိုက်ပါ။ လဲကျသွားသူတွေ  ဒဏ်ခတ်ခံလိုက်ရတယ်။+ ခင်ဗျားကတော့ ဘုရားသခင်ရဲ့ သနားကြင်နာမှုရဖို့ ကြိုးစားနေသရွေ့ သနားကြင်နာမှုကို ခံစားရမယ်။ မဟုတ်ရင်တော့ ခင်ဗျားလည်း ခုတ်ဖြတ်ခံရမှာပဲ။ ၂၃  ဒါပေမဲ့ သူတို့ ယုံကြည်ခြင်း ရှိလာမယ်ဆိုရင်  ပြန်ပြီး  ကိုင်းဆက်ခံရလိမ့်မယ်။+ ဘုရားသခင်က သူတို့ကို ပြန်ပြီးကိုင်းဆက်ပေးဖို့ တတ်စွမ်းနိုင်တယ်။ ၂၄  ခင်ဗျားကို သံလွင်ပင်အရိုင်းကနေ ခုတ်ယူပြီးတဲ့နောက် သံလွင်ပင်အယဉ်မှာ သဘာဝနဲ့ဆန့်ကျင်ပြီး ကိုင်းဆက်ထားတယ်ဆိုရင် မူလအကိုင်းအခက်ဖြစ်တဲ့ သူတို့ကို မူလသံလွင်ပင်မှာ ပြန်ပြီးကိုင်းဆက်ဖို့ဆိုတာ ပိုလို့တောင် ဖြစ်နိုင်တာပေါ့။ ၂၅  ညီအစ်ကိုတို့၊ မြင့်မြတ်လှတဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ သတိမမူမိတာမျိုး  မဖြစ်စေချင်ဘူး။+  ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေကြမယ်။ အစ္စရေးတချို့ကတော့ စိတ်နှလုံး ထုံထိုင်းနေကြတယ်။ စုသိမ်းခံရမယ့် အရေအတွက်ဟာ လူမျိုးခြားတွေနဲ့ ပြည့်သွားတဲ့အချိန်အထိ သူတို့ အဲဒီလိုဖြစ်နေလိမ့်မယ်။ ၂၆  ဒီနည်းနဲ့ အစ္စရေးအားလုံး+ ကယ်တင်ခံရမယ်။ ကျမ်းစာမှာ  “ကယ်တင်ရှင်က ဇိအုန်တောင်ကနေ ရောက်လာပြီး+ ဘုရားတရားမဲ့တဲ့ လုပ်ရပ်တွေကို ယာကုပ်အမျိုးကနေ ဖယ်ရှားမယ်။ ၂၇  သူတို့ရဲ့အပြစ်တွေကို ငါဖယ်ရှားလိုက်တဲ့အချိန်မှာ+ သူတို့နဲ့ ငါ ပဋိညာဉ်ဖွဲ့မယ်”+ လို့ရေးထားတဲ့အတိုင်းပါပဲ။ ၂၈  သူတို့က သတင်းကောင်းကို လက်မခံတဲ့အတွက် ဘုရားသခင်ရဲ့  ရန်သူဖြစ်နေတာတော့  မှန်ပါတယ်။ အဲဒီလိုဖြစ်လို့လည်း ခင်ဗျားတို့ အကျိုးရခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်က  ဘိုးဘေးတွေကိုပေးထားတဲ့ ကတိကြောင့် သူတို့ထဲကတချို့ကို မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။+ ၂၉  ဘုရားသခင်က ဆုလက်ဆောင်ပေးခဲ့တာ၊ ရွေးချယ်ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားမှာ မဟုတ်ဘူး။ ၃၀  ခင်ဗျားတို့ဟာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့ကြဘူး။+ ဒါပေမဲ့ သူတို့ရဲ့မနာခံမှုကြောင့်+ ဘုရားသခင်ရဲ့ကရုဏာကို ခင်ဗျားတို့ အခု ခံစားနေရတယ်။+ ၃၁  အခု သူတို့လည်း အဲဒီလိုပဲ နာခံမှုမရှိကြဘူး။ ဒါဟာ ခင်ဗျားတို့ခံစားရတဲ့ ကရုဏာတော်ကို အခု သူတို့ ပြန်ခံစားရဖို့ ဖြစ်တယ်။ ၃၂  ဘုရားသခင်က လူအားလုံးကို မနာခံမှုရဲ့ အကျဉ်းသားတွေလို့ မြင်တယ်။+ ဒါကြောင့် သူတို့အားလုံးကို ကရုဏာပြတယ်။+ ၃၃  ဘုရားသခင်ရဲ့  ကောင်းချီး၊  ဉာဏ်ပညာ၊  အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။  တရားစီရင်ချက်တွေကို  စိစစ်လို့မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး။ ၃၄  ကျမ်းစာထဲမှာ “ယေဟောဝါရဲ့* စိတ်တော်ကို ဘယ်သူသိသလဲ။ ဘယ်သူက ဘုရားသခင်ရဲ့အကြံပေး  ဖြစ်ဖူးလို့လဲ။”+ ၃၅  “ဘုရားသခင်က ကျေးဇူးဆပ်ရအောင် ဘယ်သူကများ ဘုရားကို အရင်ကျေးဇူးပြုဖူးလို့လဲ”+ ဆိုပြီး ရေးထားတယ်။ ၃၆  ဘာဖြစ်လို့လဲဆိုတော့ အရာခပ်သိမ်းဟာ ဘုရားသခင်ဆီကအရင်းခံပြီး ဘုရားသခင်ကြောင့် ဖြစ်တည်နေတယ်၊ ဘုရားသခင်အတွက် ဖြစ်တည်နေတယ်။ ဘုရားသခင့်ဘုန်းတော် ထာဝရ ထင်ရှားပါစေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သီးဦးသီးဖျားအဖြစ်။”
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”