ရောမ ၄:၁-၂၅
၄ အဲဒီလိုဆိုရင် ဘိုးဘေးအာဗြဟံက ဘာအကျိုးရခဲ့သလဲ။
၂ တကယ်လို့ သူက လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုရင် ဝါကြွားစရာအကြောင်းရှိပေမဲ့ ဘုရားသခင့်ရှေ့မှာတော့ ဝါကြွားလို့ မရဘူး။
၃ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ “အာဗြဟံက ယေဟောဝါကို* ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်”+ ဆိုပြီး ပြောထားတယ်။
၄ လူတစ်ယောက် အလုပ်လုပ်ပြီး အခကြေးငွေ ရလာတဲ့အခါ မဟာကရုဏာကြောင့် ရတာမဟုတ်ဘဲ ရထိုက်လို့ရတာလို့ ယူမှတ်ကြတယ်။
၅ ဘုရားတရားမဲ့သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တဲ့အရှင်ကို ယုံကြည်သူကတော့ လုပ်ရပ်မပါရင်တောင် သူ့ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။+
၆ လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ သူလိုလူရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ကလည်း၊
၇ “ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၈ အပြစ်ရှိတယ်လို့ ယေဟောဝါ* လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်”+ လို့ပြောခဲ့တယ်။
၉ အဲဒီပျော်ရွှင်မှုကို အရေဖျား ဖြတ်ထားသူတွေပဲ ခံစားရတာလား။ အရေဖျား မဖြတ်ထားသူတွေရော မခံစားရဘူးလား။+ “အာဗြဟံက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်”+ လို့ ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။
၁၀ ဒါဆိုရင် ဘယ်အခြေအနေမှာ သူ အဲဒီလို သတ်မှတ်ခံရတာလဲ။ အရေဖျားဖြတ်ပြီးမှလား၊ မဖြတ်ခင်ကလား။ ဖြတ်ပြီးမှ မဟုတ်ပါဘူး၊ မဖြတ်ခင်ကတည်းက သတ်မှတ်ခံခဲ့ရတာပါ။
၁၁ ဘုရားသခင်က အာဗြဟံကို အရေဖျားဖြတ်ခိုင်းတယ်။ ဒါဟာ သူအရေဖျား မဖြတ်ခင်ကတည်းက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဖြစ်ခဲ့ကြောင်း ဖော်ပြတဲ့ အမှတ်အသားပဲ။*+ ဒါကြောင့် အာဗြဟံဟာ အရေဖျား မဖြတ်သေးပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်ဖြစ်လာခဲ့တယ်။+
၁၂ ဘိုးဘေးအာဗြဟံဟာ အရေဖျားဖြတ်သူတွေရဲ့ ဖခင်ပဲ။ ဒါပေမဲ့ အရေဖျားဖြတ်ရမယ်ဆိုတဲ့ ပညတ်ကို စွဲစွဲမြဲမြဲလိုက်နာတဲ့ လူတွေရဲ့ ဖခင်ပဲ မဟုတ်ဘူး။ သူ့ရဲ့ယုံကြည်ခြင်း ခြေရာအတိုင်း လိုက်လျှောက်သူတွေရဲ့ ဖခင်လည်း ဖြစ်တယ်။+ တကယ်တော့ အာဗြဟံဟာ အရေဖျား မဖြတ်ခင်ကတည်းက အဲဒီလို ယုံကြည်ခြင်းမျိုး ရှိခဲ့တယ်။
၁၃ အာဗြဟံနဲ့ သူ့မျိုးနွယ်က ဒီလောကကို အမွေခံရမယ်ဆိုတဲ့ ကတိတော်ကို+ ပညတ်စောင့်ထိန်းလို့ ရခဲ့တာမဟုတ်ဘူး။ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလို့ အဲဒီကတိကို ရခဲ့တာ။+
၁၄ ပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာသူတွေပဲ အမွေခံရမယ်ဆိုရင် ယုံကြည်ခြင်းဟာ အချည်းနှီး ဖြစ်သွားမှာပေါ့။ ကတိတော်လည်း ပျက်ပြယ်သွားမှာပေါ့။
၁၅ အဖြစ်မှန်ကတော့ ပညတ်တရားက အမျက်တော်သင့်စေတယ်။+ ပညတ်ဥပဒေမရှိရင် အပြစ်ကျူးလွန်ခြင်းဆိုတာ ရှိမှာမဟုတ်ဘူး။+
၁၆ ဒါကြောင့် အာဗြဟံက ယုံကြည်ခြင်းကြောင့် အဲဒီကတိကို ရခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ပဲ။+ သူ့မျိုးနွယ်အားလုံးလည်း အဲဒီကတိကို ရခဲ့တယ်။+ ပညတ်တရားကို စွဲစွဲမြဲမြဲ လိုက်နာသူတွေသာမက ကျွန်တော်တို့အားလုံးရဲ့ ဖခင် အာဗြဟံလို ယုံကြည်ခြင်းမျိုးရှိတဲ့သူတွေပါ အဲဒီကတိကို ရတယ်။+
၁၇ (“ငါက မင်းကို လူမျိုးများစွာရဲ့ ဖခင်အဖြစ် ရွေးချယ်လိုက်ပြီ” ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။)+ အဲဒီကတိကို ဘုရားသခင်ရှေ့မှာ အတည်ပြုခဲ့တာ။ အဲဒီဘုရားသခင်ဟာ အာဗြဟံ ယုံကြည်တဲ့ဘုရား၊ သေလွန်သူတွေကို အသက်ရှင်စေတဲ့ဘုရား၊ မဖြစ်သေးတဲ့ အကြောင်းတွေကို ဖြစ်ပြီးသားပုံစံမျိုးနဲ့ ပြောဆိုတဲ့ ဘုရားပဲ။*
၁၈ “မင်းရဲ့မျိုးနွယ်ဟာ အများကြီး ဖြစ်လာမယ်”+ ဆိုတဲ့ကတိတော်ကို သူယုံကြည်ပြီး လူမျိုးများစွာရဲ့ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။ မျှော်လင့်စရာအကြောင်း မရှိပေမဲ့ မျှော်လင့်ခဲ့တယ်။
၁၉ (အသက် ၁၀၀ လောက်ရှိနေတဲ့အတွက်)+ သူ့ခန္ဓာကိုယ်ဟာ အသေလိုဖြစ်နေမှန်း၊ စာရာလည်း အသက်ကြီးလွန်းလို့ ကလေးမရနိုင်တော့မှန်း+ သူသိပေမဲ့ ယုံကြည်ခြင်း မလျော့နည်းခဲ့ဘူး။
၂၀ ဘုရားသခင်ရဲ့ ကတိတော်နဲ့ပတ်သက်ပြီး သူ့ရဲ့ယုံကြည်ခြင်း မယိမ်းယိုင်ခဲ့ဘူး။ အဲဒီအစား ယုံကြည်ခြင်းကြောင့် ခွန်အားရှိလာပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းခဲ့တယ်။
၂၁ ဘုရားသခင်ဟာ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိမှန်း သူ အကြွင်းမဲ့ ယုံကြည်စိတ်ချခဲ့တယ်။+
၂၂ ဒါကြောင့် “ဖြောင့်မတ်သူအဖြစ် သူသတ်မှတ်ခံခဲ့ရတယ်။”+
၂၃ ဒါပေမဲ့ “ဖြောင့်မတ်သူအဖြစ် သူ သတ်မှတ်ခံခဲ့ရတယ်” ဆိုတဲ့ ကျမ်းစကားဟာ အာဗြဟံအတွက်ပဲ ရေးထားတာ မဟုတ်ဘူး။+
၂၄ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ့် ကျွန်တော်တို့အတွက်လည်း ရေးထားတာဖြစ်တယ်။ သခင်ယေရှုကို သေရာကနေ အသက်ပြန်ရှင်စေတဲ့ အရှင်ကို ကျွန်တော်တို့ ယုံကြည်တာကိုး။+
၂၅ ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်အတွက် သခင်ယေရှုကို အသေခံစေခဲ့တယ်။+ ကျွန်တော်တို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ဖို့ သူ့ကို အသက်ပြန်ရှင်စေခဲ့တယ်။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ ဒါမှမဟုတ်၊ “အာမခံချက်၊ အတည်ပြုချက်။”
^ “မတည်ရှိသေးတဲ့အရာကို တည်ရှိနေတဲ့အရာအဖြစ် ခေါ်ဆိုတဲ့ဘုရားပဲ” လည်းဖြစ်နိုင်။