ဟီဘရူး ၁၀:၁-၃၉

  • ပူဇော်သက္ကာတွေ မထိရောက် (၁-၄)

    • ပညတ်တရားဟာ အရိပ် ()

  • တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တဲ့ ခရစ်တော်ရဲ့ပူဇော်သက္ကာ (၅-၁၈)

  • အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ လမ်းသစ် (၁၉-၂၅)

    • အတူစည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့ (၂၄၊ ၂၅)

  • စိတ်လိုကိုယ်လျောက်အပြစ်မပြုဖို့ သတိပေး (၂၆-၃၁)

  • ခံနိုင်ရည်ရှိဖို့ ယုံကြည်ခြင်းနဲ့ စိတ်ချမှုလိုအပ် (၃၂-၃၉)

၁၀  ပညတ်တရားဟာ နောင်လာမယ့်+ ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်ပဲ။+ ကောင်းမြတ်တဲ့အရာ ကိုယ်နှိုက်တော့ မဟုတ်ဘူး။ ပညတ်တရားနဲ့* နှစ်စဉ်နှစ်တိုင်း အထပ်ထပ် ပူဇော်ရတဲ့ အလှူတွေက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေကို ပြည့်ဝစုံလင်တဲ့အဖြစ်ဆီ ဘယ်တော့မှ မရောက်စေနိုင်ဘူး။+ ၂  ပြည့်ဝစုံလင်စေနိုင်တယ်ဆိုရင်  ပူဇော်သူတွေက* တစ်ကြိမ်တည်းအပြီး စင်ကြယ်သွားပြီး အပြစ်ရှိတယ်လို့ မခံစားရတော့တဲ့အတွက် ပူဇော်သက္ကာတွေ ဆက်သနေစရာ မလိုတော့ဘူး။ ၃  တကယ်တော့  အဲဒီပူဇော်သက္ကာတွေက အပြစ်တွေကို နှစ်စဉ် ပြန်သတိရစေတယ်။+ ၄  နွားသွေး၊ ဆိတ်သွေးဟာ  အပြစ်တွေကို  မဖယ်ရှားပေးနိုင်ဘူး။ ၅  ဒါကြောင့် ခရစ်တော်က ဒီလောကကိုလာတဲ့အခါ  “‘ကိုယ်တော်က ပူဇော်သက္ကာတွေ၊ အလှူတွေကို မလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ကိုယ်ခန္ဓာကို  ပြင်ဆင်ထားတယ်။ ၆  အကုန်အစင်  မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မနှစ်သက်ဘူး’+  လို့ပြောခဲ့တယ်။ ၇  ပြီးတော့ ‘ဘုရားသခင်၊ (ကျမ်းလိပ်ထဲမှာ ကျွန်တော့်အကြောင်း ရေးထားတဲ့အတိုင်း) အလိုတော်ဆောင်ဖို့ ကျွန်တော်  ရောက်လာပါပြီ’”+  လို့လည်း ပြောခဲ့တယ်။ ၈  ပညတ်တရားအရ ဆက်သရတဲ့ “ပူဇော်သက္ကာတွေ၊ အလှူတွေ၊ အကုန်အစင် မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မလိုချင်ဘူး၊  မနှစ်သက်ဘူး”  လို့ အရင်ဆုံး  ပြောပြီးမှ၊ ၉  “အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ”+ လို့ ပြောခဲ့တယ်။ ဒုတိယအစီအစဉ်ကို အတည်ဖြစ်စေဖို့ ပထမအစီအစဉ်ကို သူ ပယ်ဖျက်လိုက်တာပဲ။ ၁၀  အဲဒီ “အလိုတော်”+ အတိုင်း သူ့ရဲ့ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တဲ့အတွက် ကျွန်တော်တို့ သန့်စင်သွားပြီ။+ ၁၁  ဒါ့အပြင်  ပုရောဟိတ်တိုင်းက နေ့စဉ် မိမိနေရာမှာ ရပ်ပြီး ဘုရားသခင်အတွက် အမှုဆောင်ရတယ်၊+ ပူဇော်သက္ကာတွေကိုလည်း ကြိမ်ဖန်များစွာ ဆက်သရတယ်။+ ဒါပေမဲ့ အဲဒီပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် မဖယ်ရှားပေးနိုင်ဘူး။+ ၁၂  ခရစ်တော်ကတော့ အပြစ်တွေကို ထာဝရ ဖြေလွှတ်ဖို့ ပူဇော်သက္ကာတစ်ခုတည်းကို ဆက်သပြီးမှ ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်တယ်။+ ၁၃  ရန်သူတွေကို မိမိခြေအောက်မှာ ဘုရားသခင် ချထားမယ့်အချိန်အထိ  စောင့်ဆိုင်းနေတယ်။+ ၁၄  ခရစ်တော်  ဆက်သလိုက်တဲ့ ပူဇော်သက္ကာတစ်ခုတည်းကြောင့် သန့်စင်သွားသူတွေဟာ ထာဝရ ပြည့်ဝစုံလင်တဲ့အဖြစ်ကို ရောက်သွားပြီ။+ ၁၅  သန့်ရှင်းသော စွမ်းအားတော်ကလည်း အဲဒီအချက် မှန်တယ်ဆိုတာ ကျွန်တော်တို့ကို သက်သေခံတယ်။ ၁၆  “‘အဲဒီနောက်ပိုင်းမှာ ဒီပဋိညာဉ်ကို သူတို့နဲ့ ငါဖွဲ့မယ်’ လို့ ယေဟောဝါ* ပြောတယ်။ ‘ငါ့ပညတ်တွေကို သူတို့ရဲ့ နှလုံးသားထဲ သွင်းပေးမယ်။ သူတို့ရဲ့ စိတ်ထဲမှာ ရေးထားမယ်’”+ လို့ပြောတယ်။ ၁၇  အဲဒီနောက် “သူတို့ရဲ့ အပြစ်တွေ၊ ဒုစရိုက်တွေအကြောင်း ငါ ပြန်မစဉ်းစားတော့ဘူး”  လို့  ပြောခဲ့တယ်။+ ၁၈  အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီဆိုရင် အပြစ်ဖြေရာအလှူတွေ ဆက်သနေစရာ မလိုတော့ဘူး။ ၁၉  ဒါကြောင့် ညီအစ်ကိုတို့၊ ယေရှုရဲ့သွေးကြောင့်  ကျွန်တော်တို့ဟာအသန့်ရှင်းဆုံးအခန်းကို သွားမယ့်လမ်းထဲ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဝင်နိုင်ကြပြီ။+ ၂၀  ကန့်လန့်ကာကို ဖြတ်ပြီးသွားရမယ့်  အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ လမ်းသစ်ကို ကျွန်တော်တို့အတွက်  ယေရှု ဖွင့်ပေးခဲ့တယ်။+ အဲဒီကန့်လန့်ကာကတော့  သူ့ရဲ့ကိုယ်ခန္ဓာပဲ။ ၂၁  ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရဲ့ အိမ်တော်ကို အုပ်ချုပ်တဲ့ မဟာပုရောဟိတ် ရှိနေတယ်။+ ၂၂  ဒါကြောင့် စိတ်ရင်းမှန်နဲ့၊ ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို ဝတ်ပြုကြစို့။ ဆိုးညစ်တဲ့ အမှားအမှန်သိစိတ် မရှိအောင် ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို သန့်စင်ထားပြီး*+ ကိုယ်ခန္ဓာကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောထားပြီးပြီပဲ။+ ၂၃  ကတိပေးထားတဲ့ အရှင်ဟာ သစ္စာရှိတဲ့အတွက် ကိုယ့်မျှော်လင့်ချက်အကြောင်း ယိမ်းယိုင်ခြင်းမရှိဘဲ လူသိရှင်ကြား ဇွဲရှိရှိ ကြေညာကြစို့။+ ၂၄  မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။*+ ၂၅  လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။+ အချင်းချင်း အားပေးကြပါ။+ ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။+ ၂၆  အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိပြီးတဲ့နောက် စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေမယ်ဆိုရင်+ အပြစ်ဖြေရာအလှူ နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး။+ ၂၇  တရားစီရင်ခံရမှာ ကြောက်တဲ့စိတ်နဲ့ စောင့်မျှော်နေဖို့ပဲ ရှိတော့တယ်။ ဆန့်ကျင်သူတွေကို လောင်ကျွမ်းမယ့် အမျက်တော်မီးပဲ  ရှိတော့တယ်။+ ၂၈  မောရှေပညတ်ကို အရေးမစိုက်တဲ့သူကို သက်သေနှစ်ယောက်၊ သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိရင် မသနားဘဲ သေဒဏ်ပေးရတယ်။+ ၂၉  ဘုရားသခင်ရဲ့သားကို ခြေနဲ့နင်းတဲ့သူ၊ မိမိကို သန့်စင်စေတဲ့ ပဋိညာဉ်နဲ့ဆိုင်တဲ့သွေးကို တန်ဖိုးမထားသူ၊+  မဟာကရုဏာပြတဲ့  ဘုရားသခင်ရဲ့ စွမ်းအားတော်ကို မထီမဲ့မြင်ပြုသူဆိုရင် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်ခြင်းကို  ခံထိုက်တယ်  မဟုတ်လား။+ ၃၀  “လက်စားချေတာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ” လို့ ဘုရားသခင် ပြောထားတယ် မဟုတ်လား။ “ယေဟောဝါက* လူမျိုးတော်ကို တရားစီရင်မယ်”+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်။ ၃၁  အသက်ရှင်တဲ့ ဘုရားသခင်ဆီက ပြစ်ဒဏ်ကို ခံရတာဟာ သိပ်ကြောက်စရာ ကောင်းတယ်။ ၃၂  အရင်အချိန်တွေကို သတိရနေကြပါ။  အဲဒီတုန်းက  ခင်ဗျားတို့ဟာ အလင်းထဲရောက်လာပြီးနောက်+ ဆင်းရဲဝေဒနာတွေ ခံရပ်ပြီး အကြီးအကျယ် တိုက်လှန်ခဲ့ရတယ်။ ၃၃  တစ်ခါတစ်ရံ၊ လူရှေ့သူရှေ့မှာ* ကဲ့ရဲ့ရှုတ်ချခံခဲ့ရတဲ့အပြင် နှိပ်စက်ညှဉ်းဆဲတာကိုလည်း ခံခဲ့ရတယ်။ တစ်ခါတစ်ရံ၊  အဲဒီလိုကြုံနေရတဲ့သူတွေနဲ့အတူ  ဒုက္ခတွေကို မျှဝေခံစားခဲ့တယ်။ ၃၄  အကျဉ်းကျနေတဲ့  ညီအစ်ကိုတွေကို စာနာမှုပြတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်ရာတွေ လုယက်ခံရတာကို ဝမ်းမြောက်တဲ့စိတ်နဲ့  သည်းခံကြတယ်။+ ဘာလို့လဲဆိုတော့ ပိုပြီးသာလွန်မြဲမြံတဲ့ အမွေကို ပိုင်ဆိုင်ထားမှန်း ခင်ဗျားတို့ သိနေလို့ပဲ။+ ၃၅  ဒါကြောင့်  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို* လက်လွှတ်မခံလိုက်ပါနဲ့။ အဲဒါက  ဆုကျေးဇူးများစွာ ရရှိစေလို့ပါ။+ ၃၆  ဘုရားသခင်ရဲ့  အလိုတော်ကို ဆောင်ရွက်ပြီးနောက်  ကတိတော်တွေကို ရရှိခံစားနိုင်ဖို့ဆိုရင် ခံနိုင်ရည်ရှိဖို့ လိုတယ်။+ ၃၇  ဘာလို့လဲဆိုတော့ “သိပ်မကြာခင်မှာ”+ “ကြွလာတဲ့အရှင် ရောက်တော့မယ်။ နှောင့်နှေးမှာ မဟုတ်ဘူး။”+ ၃၈  “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့်  အသက်ရှင်လိမ့်မယ်။”+ “နောက်ဆုတ်မယ်ဆိုရင် သူ့ကို ငါ နှစ်သက်မှာ မဟုတ်ဘူး”+ လို့ပြောထားလို့ပဲ။ ၃၉  ကျွန်တော်တို့ကတော့  နောက်ဆုတ်သွားတဲ့အတွက် ဖျက်ဆီးခံလိုက်ရမယ့် လူစားမျိုး မဟုတ်ဘူး။+ ယုံကြည်ခြင်းရှိတဲ့အတွက် အသက်ဆက်ရှင်မယ့် လူစားမျိုးဖြစ်တယ်။

အောက်ခြေမှတ်ချက်များ

“လူတွေနဲ့” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဘုရားသခင်အတွက် အမှုဆောင်တဲ့သူတွေက။”
မူရင်း၊ “ဖျန်းထားပြီး။” ယေရှုရဲ့သွေးနဲ့ ဖျန်းတာကို ဆိုလို။
ဒါမှမဟုတ်၊ “ဂရုစိုက်ကြစို့။”
မူရင်း၊ “ဇာတ်ရုံထဲမှာ။”
ခက်ဆစ်ကိုကြည့်။