ဟေရှာယ ၄၄:၁-၂၈

  • ဘုရားရဲ့လူမျိုး ခံစားရတဲ့ ကောင်းချီးများ (၁-၅)

  • ယေဟောဝါမှတစ်ပါး အခြားဘုရားမရှိ (၆-၈)

  • လူလုပ်ရုပ်တုများရဲ့ မစွမ်းဆောင်နိုင်မှု (၉-၂၀)

  • အစ္စရေးတွေကို ပြန်ဝယ်တဲ့အရှင် ယေဟောဝါ (၂၁-၂၃)

  • ဆိုင်းရပ်ကတစ်ဆင့် ပြန်တည်ထောင် (၂၄-၂၈)

၄၄  “ငါ့ကျွန်ယာကုပ်၊ ငါရွေးချယ်ထားတဲ့ အစ္စရေး၊+နားထောင်ပါ။  ၂  မင်းကို ဖန်ဆင်းတဲ့အရှင်၊ မင်းကို ပုံသွင်းတဲ့အရှင်၊+မိခင်ဝမ်းထဲမှာကတည်းက မင်းကို ကူညီခဲ့တဲ့အရှင် ယေဟောဝါ ပြောတာက– ‘ငါ့ကျွန်ယာကုပ်၊ငါရွေးချယ်ထားတဲ့ ယေရှုရုန်၊*+ မကြောက်ပါနဲ့။+  ၃  ငါဟာ ရေငတ်နေတဲ့သူကို ရေတိုက်မယ်။+ ခြောက်သွေ့တဲ့မြေပေါ်  စမ်းချောင်းတွေ စီးဆင်းစေမယ်။ မင်းရဲ့မျိုးနွယ်အပေါ် စွမ်းအားတော် သွန်းလောင်းမယ်။+ မင်းရဲ့သားမြေးတွေအပေါ် ကောင်းချီးမင်္ဂလာ သွန်းလောင်းမယ်။  ၄  သူတို့ဟာ စိမ်းလန်းတဲ့မြက်တွေလို ဝေဆာမယ်။+ စမ်းချောင်းဘေးက မိုးမခပင်တွေလို ရှင်သန်မယ်။  ၅  တစ်ယောက်က “ငါ့ကို ယေဟောဝါဘုရား ပိုင်တယ်” လို့ ပြောလိမ့်မယ်။+ နောက်တစ်ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ် ယာကုပ်ဆိုပြီး နာမည်မှည့်မယ်။ နောက်တစ်ယောက်ကျတော့ “ယေဟောဝါဘုရား ပိုင်ဆိုင်တဲ့သူ” ဆိုပြီး လက်ပေါ်မှာ ရေးထိုးမယ်။ အစ္စရေးဆိုတဲ့ နာမည်ကို ခံယူလိမ့်မယ်။’  ၆  အစ္စရေးရဲ့ဘုရင်၊+ သူ့ကိုပြန်ဝယ်တဲ့အရှင်+ ယေဟောဝါ၊ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောမယ်– ‘ငါဟာ ဦးဆုံးနဲ့ နောက်ဆုံးပဲ။+ ငါကလွဲလို့ တခြားဘုရား မရှိဘူး။+  ၇  ငါ့လိုဘုရားမျိုး ရှိလို့လား။+ ရှိရင် အဲဒီဘုရားက အထောက်အထားတွေ ပြပြီး ပြောပါစေ။+ ဟိုးအရင်က လူတွေကို တည်ရှိစေခဲ့ချိန်ကတည်းက ငါကြိုဟောနိုင်သလိုမျိုး သူလည်း မကြာခင်မှာ ဖြစ်မယ့်အရာတွေ၊အနာဂတ်မှာ ဖြစ်မယ့်အရာတွေကို ကြိုဟောပါစေ။  ၈  မကြောက်ပါနဲ့။ ကြောက်စိတ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ပါနဲ့။+ မင်းတို့အားလုံးကို ငါကြိုပြောခဲ့တယ်၊ အသိပေးခဲ့တယ် မဟုတ်လား။ မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ။+ ငါကလွဲပြီး တခြားဘုရားသခင် ရှိသေးသလား။ မရှိဘူး။ ကာကွယ်ပေးတဲ့ ကျောက်ဆောင်ဆိုလို့ ငါကလွဲပြီး တခြားမရှိဘူး။+ လုံးဝ မရှိဘူးဆိုတာ ငါသိတယ်။’”  ၉  ရုပ်တုလုပ်တဲ့သူတွေဟာ အချည်းနှီးသက်သက်ပဲ။ သူတို့ကြည်ညိုတဲ့ ရုပ်တုတွေဟာ ဘာမှ အကျိုးမပေးဘူး။+ ဘာမှမမြင်၊ ဘာမှမသိတဲ့အတွက် ဘယ်လိုမှ သက်သေ မလုပ်ပေးနိုင်ဘူး။+ ဒါကြောင့် ရုပ်တုလုပ်တဲ့သူတွေ အရှက်ကွဲရလိမ့်မယ်။+ ၁၀  ဘာအကျိုးမှ မပေးနိုင်တဲ့ ဘုရားတစ်ပါး၊ ရုပ်တုတစ်ခုကို ဘယ်သူ ထုလုပ်မလဲ၊ ဘယ်သူ သွန်းလုပ်မလဲ။+ ၁၁  သူ့အပေါင်းအဖော်တွေ အရှက်ကွဲရလိမ့်မယ်။+ လက်မှုပညာသည်တွေလည်း လူသားတွေပါပဲ။ သူတို့ စုဝေးပြီး နေရာယူကြပါစေ။ သူတို့အားလုံး ကြောက်လန့်ပြီး အရှက်ကွဲရလိမ့်မယ်။ ၁၂  ပန်းပဲသမားက သံကို ညှပ်နဲ့ကိုင်ပြီး မီးကျီးခဲတွေနဲ့ အပူပေးတယ်။ လက်ရုံးအားကိုသုံးပြီး တူနဲ့ ထုလုပ်ပုံသွင်းတယ်။+ အဲဒီနောက် ဗိုက်ဆာလာတဲ့အတွက် ခွန်အားမရှိတော့ဘူး။ ရေမသောက်တဲ့အတွက် မောပန်းလာတယ်။ ၁၃  ပန်းပုသမားက သစ်သားကို ကြိုးနဲ့တိုင်းတယ်။ မြေဖြူခဲအနီနဲ့ ပုံကြမ်းဆွဲတယ်။ ဆောက်နဲ့ထွင်းပြီး ကွန်ပါနဲ့တိုင်းတယ်။ လှပတဲ့ လူရုပ်တစ်ခု ပေါ်လာအောင် ထွင်းထုပြီး+ အိမ်မှာ ထားတယ်။+ ၁၄  သစ်ကတိုးပင်တွေကို ခုတ်လှဲရတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဝက်သစ်ချပင်တစ်ပင်ကို ရွေးချယ်ပြီး တောသစ်ပင်တွေအလယ်မှာ ကြီးထွားလာအောင် ထားလိုက်တယ်။+ တတိုင်းမွှေးပင်တစ်မျိုးကိုလည်း စိုက်ပျိုးပြီး မိုးရေထဲမှာ ကြီးထွားစေတယ်။ ၁၅  နောက်ပိုင်းမှာ အဲဒီအပင်က မီးဆိုက်ဖို့ ထင်းဖြစ်သွားတယ်။ သစ်တစ်ပိုင်းကို ထင်းဆိုက်ပြီး မီးလှုံတယ်။ မီးမွှေးပြီး မုန့်ဖုတ်တယ်။ ဘုရားတစ်ဆူကိုလည်း ထုလုပ်ပြီး ဝတ်ပြုတယ်။ သစ်တစ်ပိုင်းနဲ့ ရုပ်တုထွင်းထုပြီး ဦးချတယ်။+ ၁၆  သစ်တစ်ပိုင်းကို မီးဆိုက်တယ်။ အဲဒီသစ်တစ်ပိုင်းနဲ့ အသားကို ကင်စားပြီး ဗိုက်ဝသွားတယ်။ ပြီးတော့ မီးလှုံပြီး “ကောင်းလိုက်တာ၊ နွေးသွားတာပဲ” လို့ပြောတတ်တယ်။ ၁၇  ကျန်တဲ့သစ်တစ်ပိုင်းကို ဘုရားရုပ်တုတစ်ခု ထွင်းထုတယ်။ ပြီးတော့ ဦးချဝတ်ပြုတယ်။ “အရှင်ဟာ ကျွန်တော့်ဘုရားပါ။ ကယ်တင်ပေးပါ” လို့ ဆုတောင်းတတ်တယ်။+ ၁၈  အဲဒီလူတွေဟာ ဘာမှမသိ၊ ဘာမှနားမလည်ကြဘူး။+ မျက်စိပိတ်ထားတော့ ဘာမှမမြင်ဘူး။ စိတ်တံခါးပိတ်ထားတော့ ထိုးထွင်းဉာဏ် မရှိကြဘူး။ ၁၉  “သစ်တစ်ပိုင်းကို ငါမီးဆိုက်လိုက်ပြီ။ မီးကျီးခဲတွေပေါ်မှာ မုန့်ဖုတ်ပြီး အသားကင်စားလိုက်ပြီ။ ကျန်တဲ့သစ်တစ်ပိုင်းကို ရွံမုန်းစရာကောင်းတဲ့အရာ ငါလုပ်သင့်သလား။+ ဒီသစ်တုံးကို ငါဝတ်ပြုသင့်သလား” ဆိုပြီး စိတ်ထဲမှာ ဆင်ခြင်တဲ့သူ၊ အသိပညာရှိတဲ့သူ၊သိနားလည်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူး။ ၂၀  သူဟာ ပြာတွေကို စားတဲ့သူနဲ့ တူတယ်။ လှည့်စားခံရတဲ့စိတ်ကြောင့် သူလမ်းလွဲသွားပြီ။ သူ့ကိုယ်သူ မကယ်တင်နိုင်ဘူး။ “ငါ့ညာလက်မှာ အလိမ်အညာတွေပဲ ရှိတယ်” လို့လည်း မပြောဘူး။ ၂၁  “အို ယာကုပ်၊ အို အစ္စရေး၊ အဲဒီအချက်တွေကို သတိရပါ။ မင်းဟာ ငါ့ရဲ့ကျွန်ပဲ။ မင်းကို ငါပုံသွင်းခဲ့တယ်။ မင်းဟာ ငါ့ရဲ့ကျွန်ပဲ။+ အစ္စရေး၊ မင်းကို ငါမမေ့ဘူး။+ ၂၂  မိုးတိမ်နဲ့ ဖုံးအုပ်သလို မင်းရဲ့အမှားတွေကို ငါဖုံးအုပ်ပေးမယ်။+ တိမ်ထုကြီးနဲ့ ဖုံးအုပ်သလို မင်းရဲ့အပြစ်တွေကို ဖုံးအုပ်ပေးမယ်။ မင်းကို ငါပြန်ဝယ်မှာဖြစ်လို့ ငါ့ဆီ ပြန်လှည့်လာပါ။+ ၂၃  အို မိုးကောင်းကင်၊ ရွှင်လန်းစွာ ကြွေးကြော်ပါ။ ယေဟောဝါ အရေးယူလုပ်ဆောင်ပြီ။ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးနေရာတို့၊ အောင်သံလွှင့်ကြ။ တောင်တန်းတို့၊ သစ်တောနဲ့ သစ်ပင်အပေါင်းတို့၊ရွှင်လန်းစွာ ကြွေးကြော်ကြ။+ ယေဟောဝါက ယာကုပ်ကို ပြန်ဝယ်လိုက်ပြီ။ အစ္စရေးကို ဘုန်းတန်ခိုး ထင်ရှားပြလိုက်ပြီ။”+ ၂၄  မင်းကို ပြန်ဝယ်တဲ့အရှင်၊+မိခင်ဝမ်းထဲမှာကတည်းက မင်းကို ပုံသွင်းခဲ့တဲ့အရှင် ယေဟောဝါပြောတာက– “ငါဟာ အရာခပ်သိမ်းကို ပြုလုပ်ခဲ့တဲ့အရှင် ယေဟောဝါပဲ။ ငါကိုယ်တိုင် မိုးကောင်းကင်ကို ဖြန့်မိုးခဲ့တယ်။ မြေကြီးကိုလည်း ငါဖြန့်ခင်းခဲ့တယ်။+ အဲဒီတုန်းက ငါနဲ့အတူ ဘယ်သူရှိလို့လဲ။+ ၂၅  ပရောဖက်အတုအယောင်တွေရဲ့ နိမိတ်တွေကို ငါပျက်ပြားစေတယ်။ ငါဟာ နတ်ဆရာတွေကို အရူးလို ပြုမူစေတဲ့အရှင်၊+ပညာရှိတွေကို အကြံအိုက်စေပြီး သူတို့ရဲ့အသိပညာကို မိုက်မဲစေတဲ့အရှင်ပဲ။+ ၂၆  ငါဟာ ငါ့ကျွန်ရဲ့စကားကို တကယ်ဖြစ်စေတဲ့အရှင်၊ငါ့စေတမန်တွေရဲ့ ဟောကိန်းတွေကို တစ်ခုမကျန် ပြည့်စုံစေတဲ့အရှင်၊+ဂျေရုဆလင်မြို့ကို ‘ဒီမြို့မှာ လူတွေ နေထိုင်လိမ့်မယ်’ လို့ပြောတဲ့အရှင်၊+ ယုဒရဲ့မြို့တွေကို ‘ဒီမြို့တွေ ပြန်တည်ဆောက်လိမ့်မယ်၊+မြို့ရဲ့ အပျက်အယွင်းတွေကို ငါပြန်တည်ထောင်မယ်’ လို့ ပြောတဲ့အရှင်ပဲ။+ ၂၇  ရေထုကြီးကို ‘အငွေ့ပြန်စေ။ မြစ်တွေအားလုံး ခန်းခြောက်စေ’ လို့ ပြောတဲ့အရှင်ပဲ။+ ၂၈  ဆိုင်းရပ်နဲ့ပတ်သက်ပြီး+ ‘သူဟာ ငါခန့်အပ်တဲ့ သိုးထိန်းပဲ။ ငါအလိုရှိတာမှန်သမျှ တစ်ခုမကျန် သူပြည့်စုံစေမယ်’ လို့ပြောတဲ့အရှင်၊+ဂျေရုဆလင်နဲ့ပတ်သက်ပြီး ‘ဒီမြို့ကို ပြန်တည်ဆောက်လိမ့်မယ်’ လို့ပြောတဲ့အရှင်၊ဗိမာန်တော်ကိုလည်း ‘ဒီအုတ်မြစ်ကို ပြန်ချလိမ့်မယ်’ လို့ပြောတဲ့အရှင်ပဲ။”+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ရိုးဖြောင့်သူ။” အစ္စရေးရဲ့ဂုဏ်ပုဒ်။