ဧသတာ ၅:၁-၁၄
၅ သုံးရက်မြောက်နေ့မှာ+ ဧသတာက နန်းဝတ်နန်းစားတွေ ဆင်မြန်းပြီး နန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အတွင်းရင်ပြင်မှာ ရပ်နေတယ်။ အဲဒီအချိန်မှာ မင်းကြီးက ဝင်ပေါက်ဘက် မျက်နှာမူပြီး ရာဇပလ္လင်ပေါ် ထိုင်နေတယ်။
၂ ရင်ပြင်မှာရပ်နေတဲ့ မိဖုရားဧသတာကို တွေ့သွားတဲ့အခါ မင်းကြီး စိတ်ကြည်နူးသွားပြီး လက်ထဲက ရွှေရာဇလှံတံကို ကမ်းပေးတယ်။+ ဧသတာလည်း အနားတိုးလာပြီး ရာဇလှံတံရဲ့ ထိပ်ဖျားကို လှမ်းထိလိုက်တယ်။
၃ မင်းကြီးက “မိဖုရားဧသတာ၊ ဘာကိစ္စများရှိလို့လဲ။ ဘာများ တောင်းဆိုချင်သလဲ။ နိုင်ငံတစ်ဝက်ကို တောင်းမယ်ဆိုရင်တောင် ငါပေးမှာပါ” ဆိုပြီးပြောတဲ့အခါ၊
၄ ဧသတာက “အလိုတော်ရှိမယ်ဆိုရင် ဒီနေ့ မင်းကြီးအတွက် ကျွန်မပြင်ဆင်တဲ့ စားသောက်ပွဲကို ဟာမန်နဲ့အတူ ကြွတော်မူပါ”+ လို့ပြန်ဖြေတယ်။
၅ အဲဒီအခါ မင်းကြီးက “ဧသတာ တောင်းဆိုတဲ့အတိုင်း ဟာမန်ကို မြန်မြန်လာခိုင်းလိုက်” ဆိုပြီး သူ့လူတွေကို ပြောတယ်။ ပြီးတော့ ဧသတာပြင်ဆင်တဲ့ စားသောက်ပွဲဆီ ဟာမန်နဲ့အတူ သွားတယ်။
၆ စပျစ်ဝိုင်တည်ခင်းချိန်မှာ မင်းကြီးက ဧသတာကို “ဘာများ အသနားခံချင်သလဲ။ ငါပေးမှာပေါ့။ ဘာများ တောင်းဆိုချင်သလဲ။ နိုင်ငံတစ်ဝက်ကို တောင်းမယ်ဆိုရင်တောင် ငါပေးမယ်”+ ဆိုပြီး ပြောတယ်။
၇ ဧသတာက “ကျွန်မ အသနားခံချင်တာ၊ တောင်းဆိုချင်တာ ရှိပါတယ်။
၈ ကျွန်မကို မင်းကြီးစိတ်နဲ့ တွေ့တယ်၊ ကျွန်မ အသနားခံတာကို ပေးချင်တယ်၊ ကျွန်မတောင်းဆိုတဲ့အတိုင်း လုပ်ပေးချင်တယ်ဆိုရင် မနက်ဖြန် မင်းကြီးနဲ့ ဟာမန်အတွက် ပြင်ဆင်မယ့် စားသောက်ပွဲကို ဟာမန်နဲ့အတူ ကြွတော်မူပါဦး။ မနက်ဖြန်ကျမှ ကျွန်မ တောင်းဆိုပါ့မယ်” လို့ဖြေတယ်။
၉ အဲဒီနေ့မှာ ဟာမန်လည်း အပျော်ကြီးပျော်ပြီး ပြန်သွားတယ်။ ဒါပေမဲ့ နန်းတော်တံခါးမှာရှိနေတဲ့ မော်ဒကဲက သူ့ရှေ့မှာ မတ်တတ်မရပ်တာ၊ မတုန်မလှုပ် ရှိနေတာကို မြင်တဲ့အခါ ဟာမန် ဒေါသပေါက်ကွဲတော့တယ်။+
၁၀ ဒါပေမဲ့ ဒေါသကိုထိန်းပြီး အိမ်ပြန်သွားတယ်။ အဲဒီနောက် ဇနီးဇေရက်နဲ့+ မိတ်ဆွေတွေကို ခေါ်လိုက်တယ်။
၁၁ ပြီးတော့ သူ ဘယ်လောက် စည်းစိမ်ကြွယ်ဝတယ်၊ သားရတနာတွေ ဘယ်လောက် ပိုင်ဆိုင်ထားတယ်၊+ မင်းကြီးက မှူးမတ်တွေနဲ့ မင်းမှုထမ်းတွေထက်သာတဲ့ ရာထူးပေးပြီး ဘယ်လို ချီးမြှင့်မြှောက်စားထားတယ်ဆိုတဲ့အကြောင်း ကြွားလုံးထုတ်တော့တယ်။+
၁၂ ပြီးတော့ ဟာမန်က “ဒါတင် ဘယ်ကမလဲ။ မိဖုရားဧသတာက သူပြင်ဆင်တဲ့ စားသောက်ပွဲကို မင်းကြီးနဲ့အတူ လိုက်လာဖို့ တခြားသူတွေကို မဖိတ်ဘဲ ငါ့ကိုမှ ရွေးပြီး ဖိတ်တာကွ။+ မနက်ဖြန်ကျရင်လည်း မင်းကြီးနဲ့အတူ လာခဲ့ဖို့ ဖိတ်ထားသေးတယ်။+
၁၃ ဒါပေမဲ့ နန်းတော်တံခါးမှာ ဂျူးလူမျိုး မော်ဒကဲကို မြင်နေသရွေ့တော့ ဒါတွေ စံစားနေရလည်း ငါစိတ်ချမ်းသာနိုင်မယ် မထင်ဘူး” လို့ပြောတယ်။
၁၄ အဲဒီအခါ ဇနီးဇေရက်နဲ့ မိတ်ဆွေတွေက “အတောင် ၅၀* မြင့်တဲ့ သစ်တိုင်ကို စိုက်ထူခိုင်းလိုက်လေ။ အဲဒီသစ်တိုင်ပေါ် မော်ဒကဲကို ချိတ်ဆွဲထားဖို့ မနက်ကျရင် မင်းကြီးကို လျှောက်တင်လိုက်။+ ပြီးမှ စားသောက်ပွဲကို မင်းကြီးနဲ့အတူ သွားပြီး ပျော်ပျော်ပါးပါး စားသောက်ပေါ့” လို့အကြံပေးကြတယ်။ ဒီအကြံကို ဟာမန် သဘောကျတဲ့အတွက် သစ်တိုင် စိုက်ထူခိုင်းလိုက်တယ်။
အောက်ခြေမှတ်ချက်များ
^ ၇၃ ပေခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။