မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

စစ်မှန်တဲ့ စည်းစိမ်ချမ်းသာကို ရှာတွေ့ပြီ

စစ်မှန်တဲ့ စည်းစိမ်ချမ်းသာကို ရှာတွေ့ပြီ
  • မွေးဖွားတဲ့နှစ်။ ၁၉၆၈

  • နေရင်းနိုင်ငံ။ အမေရိကန်ပြည်ထောင်စု

  • ဘဝနောက်ခံ။ ချမ်းသာဖို့ ဆုတောင်းခဲ့တဲ့ စီးပွားရေးပညာရှင်

အတိတ်

 နယူးယောက်ပြည်နယ်၊ ရော်ချက်စတာမြို့က ကက်သလစ်မိသားစုမှာ ကျွန်တော် ကြီးပြင်းလာတာပါ။ ကျွန်တော့်အသက် ရှစ်နှစ်မှာ မိဘတွေ ခွဲနေကြတယ်။ ကြားရက်တွေဆို လိုင်းခန်းမှာ အမေနဲ့ သွားနေတယ်။ စနေတနင်္ဂနွေဆိုရင်တော့ လူကုံထံအသိုင်းအဝိုင်းမှာ အဖေနဲ့ သွားနေတယ်။ ကလေးခြောက်ယောက်ကို စောင့်ရှောက်ဖို့ ရုန်းကန်နေရတဲ့ အမေ့ကို မြင်တော့ တစ်နေ့ ငါချမ်းသာစေရမယ်လို့ မှန်းထားတယ်။

 အဖေကတော့ ဘဝတက်လမ်း ကောင်းစေချင်တယ်။ ဒါကြောင့် နာမည်ကြီး ဟိုတယ် စီမံခန့်ခွဲရေးကျောင်းကို လာလည်ဖို့ စီစဉ်ပေးတယ်။ ကျွန်တော် သဘောကျသွားတယ်။ ငါဆုတောင်းပြည့်ပြီ ဆိုတဲ့ အတွေးနဲ့ စာရင်းသွင်းလိုက်တယ်။ နီဗာဒါ၊ လက်စ်ဗီးဂတ်က ကာစီနို ဟိုတယ်မှာ အလုပ်လုပ်ရင်း ဟိုတယ်စီမံခန့်ခွဲရေး၊ စီးပွားရေးဥပဒေ၊ ငွေကြေးအသင်းအကြောင်း ငါးနှစ် သင်ယူတယ်။

ကျွန်တော့်အလုပ်က လူကုံထံ လောင်းကစားသမားတွေရဲ့ လိုအပ်ရာကို ကြည့်ရှုဖြည့်ဆည်းပေးရတယ်

 အသက် ၂၂ နှစ်ရောက်တော့ ကာစီနိုဟိုတယ်မှာ ဒုဥက္ကဋ္ဌ ဖြစ်လာတယ်။ စျေးအကြီးဆုံး ဝိုင်နဲ့ ယမကာတွေ၊ အကောင်းစားတွေ စားသောက်ရတယ်။ ချမ်းသာအောင်မြင်ပြီလို့ ထင်ခဲ့တယ်။ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ်- “မှတ်ထားကွ၊ ငွေရှိရင် တစ်ကမ္ဘာလုံးကို ခါးစောင်းတင်ထားနိုင်ပြီ” တဲ့။ သူတို့အမြင်မှာတော့ ငွေဟာ အရာရာပေါ့။

 ကျွန်တော့်အလုပ်က လက်စ်ဗီးဂတ်ကို လာတဲ့ လူကုံထံ လောင်းကစားသမားတွေရဲ့ လိုအပ်ရာတွေကို ကြည့်ရှုဖြည့်ဆည်းပေးရတယ်။ သူတို့ကြည့်ရတာ ပျော်ပုံမပေါက်ပါဘူး။ ကျွန်တော်လည်း မပျော်မရွှင် ဖြစ်လာတယ်။ ငွေရှိလေ စိုးရိမ်သောက ပွားလေ၊ အိပ်ပျက်ညတွေ များလေပဲ။ သေကြောင်းကြံဖို့တောင် စဉ်းစားမိတယ်။ လောကကြီးကို စိတ်ကုန်လာပြီး “စစ်မှန်တဲ့ ပျော်ရွှင်မှု ဘယ်က ရနိုင်မလဲ” လို့ ဘုရားကို မေးမိတယ်။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 အဲဒီအချိန်လောက်မှာ ကျွန်တော့်အစ်မနှစ်ယောက် လက်စ်ဗီးဂတ်ကို ပြောင်းလာကြတယ်။ ယေဟောဝါသက်သေတွေပေါ့။ သူတို့စာပေတွေကို မယူဖတ်ပါဘူး။ ကျွန်တော့်ကျမ်းစာနဲ့တော့ အတူဖတ်တယ်။ ကျွန်တော့်ကျမ်းစာမှာ ယေရှုပြောစကားတွေကို အနီရောင်နဲ့ ပုံနှိပ်ထားတာ။ ယေရှုပြောတာကိုတော့ လက်ခံတဲ့အတွက် အစ်မတွေက ယေရှုရဲ့စကားတွေကို အဓိကထားပြောတယ်။ တစ်ယောက်တည်းလည်း ကျမ်းစာ ဖတ်ဖြစ်ပါတယ်။

 ဖတ်ရင်း အံ့သြမိတာ ရှိတယ်။ ဥပမာ၊ “ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏” လို့ ယေရှု ပြောတယ်။ (မဿဲ ၆:၇ယုဒသန်) တစ်ခေါက်၊ ဘုန်းကြီးက ကျွန်တော့်ကို ယေရှုရုပ်ပုံ ပေးတယ်။ ရုပ်ပုံကိုကြည့်ပြီး ကျွန်တော့်တို့အဖ ဆယ်ကြိမ်၊ မယ်တော်မာရိ ဆယ်ကြိမ် ရွတ်ရင် ဘုရားက ငွေတွေ လိုချင်သလောက် ပေးမယ်လို့ ပြောဖူးတယ်။ ဒါဟာ အထပ်ထပ် ရွတ်နေတာပဲ မဟုတ်လား။ “ဤလောကတွင် အဘယ်သူကိုမျှ ‘အဖ’ ဟု မခေါ်ကြနှင့်။ သင်တို့တွင် ကောင်းကင်ဘုံရှင်အဖ တစ်ပါးတည်းသာ ရှိ၏” လို့လည်း ယေရှု ပြောခဲ့တာပဲ။ (မဿဲ ၂၃:၉) ဒါနဲ့များ ဘုန်းကြီးတွေကို အဖ၊ ဖာသာဆိုပြီး ဘာလို့ ခေါ်ကြတာလဲ။

 ယာကုပ်ကျမ်းကို ဖတ်တဲ့အခါ အောင်မြင်တဲ့ ကိုယ့်ဘဝကိုယ် ပြန်စဉ်းစားမိတယ်။ အခန်းကြီး ၄ မှာ “လောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့သောသူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏” ဆိုထားတယ်။ (ယာကုပ် ၄:၄) အခန်းငယ် ၁၇ ကို ပိုသဘောကျတယ်။ “ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲ နေသောသူသည် အပြစ်ရှိ၏” တဲ့။ ဒါနဲ့ ကျွန်တော့်အစ်မတွေကို ခေါ်ပြီး လောဘနဲ့ လောင်းကစား ပါတဲ့ ကာစီနိုအလုပ်ကို စွန့်လွှတ်တော့မယ်လို့ ပြောလိုက်တယ်။

“ယာကုပ်ကျမ်းကို ဖတ်တဲ့အခါ အောင်မြင်တဲ့ ကိုယ့်ဘဝကိုယ် ပြန်စဉ်းစားမိတယ်”

 ဘုရားနဲ့၊ မိဘမောင်နှမတွေနဲ့ ပိုရင်းနှီးချင်တယ်။ ဒါကြောင့် အချိန်ရအောင် ဘဝကို ရိုးရိုးရှင်းရှင်း နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့ သိပ်မလွယ်ပါဘူး။ ဥပမာ၊ ကာစီနိုလုပ်ငန်း တိုးချဲ့ဖို့ ကမ်းလှမ်းခံရတယ်။ လစာ နှစ်ဆ သုံးဆ ရနိုင်တယ်။ ဒါပေမဲ့ ဆုတောင်းသုံးသပ်ပြီးနောက် ဒီဘဝမျိုးနဲ့ ဆက်မနေဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ် ထွက်ပြီးနောက် အမေ့ဂိုဒေါင်မှာ သွားနေတယ်။ အသေးစားလုပ်ငန်းတစ်ခု စလုပ်တယ်။ စားသောက်ဆိုင်မီးနူးတွေ ပလပ်စတစ်လောင်းတဲ့ လုပ်ငန်းပါ။

 ပိုအရေးကြီးတာကို ဦးစားထားဖို့ ကျမ်းစာက ကူညီပေးတယ်။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကိုတော့ သွားမတက်သေးဘူး။ သက်သေခံတွေကို ဘာလို့ မကြိုက်သလဲဆိုပြီး အစ်မတွေ မေးတော့ “အစ်မတို့ဘုရား ယေဟောဝါကြောင့်ပေါ့။ သူ့ကြောင့် မိသားစုတွေ ပြိုကွဲရတယ်။ ကျွန်တော့်မှာတော့ ခရစ္စမတ်နဲ့ မွေးနေ့ပွဲကျမှပဲ မိသားစုနဲ့ ဆုံခွင့်ရတာ။ ဒါပေမဲ့ အစ်မတို့ကမှ ဒီပွဲတွေ မလုပ်တာ” လို့ ပြန်ပြောတယ်။ အစ်မက ငိုပြီး “တခြားနေ့တွေမှာ မင်းဘယ်ရောက်နေသလဲ။ မင်းကို အမြဲ လက်ကမ်းကြိုနေတာပါ။ အဲဒီပွဲနေ့တွေကျမှ တာဝန်အရ လာရတာမျိုး မဟုတ်ဘူးလေ” လို့ ပြောတယ်။ ရင်ထဲ ထိသွားတဲ့ စကားတွေမို့ ကျွန်တော်လည်း ငိုမိတယ်။

 ယေဟောဝါသက်သေတွေဟာ မိသားစုကို သိပ်ချစ်မှန်း သိလာတယ်။ ကျွန်တော် အထင်လွဲခဲ့တာကိုး။ ဒါနဲ့ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတစ်ခု သွားတက်ကြည့်တယ်။ အဲဒီမှာ ကီဗင်နဲ့ ဆုံတယ်။ ကျမ်းစာသွန်သင်ပေးရာမှာ ဝါရင့်သူပါ။ သူပဲ ကျွန်တော့်ကို ကျမ်းစာ သင်ပေးတယ်။

 ကီဗင်တို့ဇနီးမောင်နှံရဲ့ ဘဝက ဟန်ချက်ညီတယ်၊ ရိုးရှင်းတယ်။ ဒါကြောင့်လည်း တခြားသူတွေကို ကျမ်းစာ သင်ပေးဖို့ အချိန် ပိုရကြတာကိုး။ သူတို့ရဲ့ ဝင်ငွေလည်း မဆိုးလှဘူး။ အာဖရိကနဲ့ ဗဟိုအမေရိကကို ခရီးထွက်ပြီး အဲဒီက သက်သေခံတွေရဲ့ ဌာနခွဲ ဆောက်လုပ်ရေးမှာ ကူညီပေးတယ်။ သူတို့ သိပ်ပျော်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်။ ‘ငါလိုချင်တာ ဒီဘဝမျိုးပဲ’ လို့ တွေးမိတယ်။

 ကီဗင်က သာသနာပြုလုပ်ငန်းရဲ့ ပျော်ရွှင်စရာတွေအကြောင်း ဗီဒီယိုတစ်ခု ပြတော့ ကျွန်တော်လည်း သာသနာပြု ဖြစ်ချင်လာတယ်။ ကျမ်းစာကို ခြောက်လကြာ စူးစူးစိုက်စိုက် လေ့လာပြီးတဲ့နောက် ၁၉၉၅ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ စည်းစိမ်ချမ်းသာ ပေးသနားပါလို့ ဆုတောင်းမယ့်အစား ‘ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးပါနဲ့’ လို့ ဆုတောင်းနေပါပြီ။—ပညာအလိမ္မာ ၃၀:၈

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 အခုဆို ကျွန်တော် စစ်မှန်တဲ့ စည်းစိမ်ချမ်းသာ ရှာတွေ့ပါပြီ။ ငွေကြေးချမ်းသာမှုတော့ မဟုတ်ဘူး။ ဘုရားရေးရာဘက်မှာ ချမ်းသာတာပါ။ ဟွန်ဒူးရပ်စ်မှာ ချစ်ဇနီး နူရီယာနဲ့ ဆုံတယ်။ ပနားမားနဲ့ မက္ကဆီကိုတို့မှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့ကြတယ်။ “ယေဟောဝါရဲ့ကောင်းချီးက ကြွယ်ဝစေတယ်။ အဲဒီကြွယ်ဝမှုမှာ နာကျင်စရာတွေ မရောဘူး” ဆိုတဲ့ ကျမ်းစကား သိပ်မှန်တာပဲ။—ပညာအလိမ္မာ ၁၀:၂၂