မာတိကာဆီ ကျော်သွား

ဝေါဝစ် ဓာတ်ပုံ​ပြခန်း ၇ (၂၀၁၆၊ စက်တင်ဘာ​မှ ၂၀၁၇၊ ဖေဖော်ဝါရီ​အထိ)

ဝေါဝစ် ဓာတ်ပုံ​ပြခန်း ၇ (၂၀၁၆၊ စက်တင်ဘာ​မှ ၂၀၁၇၊ ဖေဖော်ဝါရီ​အထိ)

ဒီ​ဓာတ်ပုံ​ပြခန်း​မှာ ၂၀၁၆၊ စက်တင်ဘာ​လ​ကနေ ၂၀၁၇၊ ဖေဖော်ဝါရီ​လ​အထိ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ် အချော​သပ် လုပ်ဆောင်မှုတွေ၊ စေတနာ့​ဝန်ထမ်း​တွေ အဆောက်အဦ စတင် အသုံးပြုပုံ​တွေကို တွေ့မြင်​ရပါမယ်။

ပြီးစီး​သွားပြီ ဖြစ်တဲ့ ဝေါဝစ်​ဌာနချုပ်​ဝင်း ဓာတ်ပုံ။ အပေါ်​ဘယ်ဘက်​မှ လက်ယာရစ် ကြည့်​ရန်–

  1. ၁။ မော်တော်​ယာဉ် ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ

  2. ၂။ ဧည့်သည်များ ကား​ရပ်နား​ရန် နေရာ

  3. ၃။ ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ/နေထိုင်သူတွေ ကား​ရပ်နား​ရန် နေရာ

  4. ၄။ လူနေ​ဆောင် ဘီ

  5. ၅။ လူနေ​ဆောင် ဒီ

  6. ၆။ လူနေ​ဆောင် စီ

  7. ၇။ လူနေ​ဆောင် အေ

  8. ၈။ ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

စက်တင်ဘာ ၈၊ ၂၀၁၆—ဝေါဝစ် လုပ်ငန်းခွင်

ဝေါဝစ်​ဌာနချုပ်​ဝင်း အဆောက်အအုံ အားလုံးကို အသုံးပြုနိုင်​ပြီ။ စက်တင်ဘာ​လ​ဆန်း​မှာ ဝေါဝစ်​မှာ အ​ယောက် ၅၀၀ လောက် နေထိုင်​နေကြပြီ။ သူတို့တွေ​ထဲမှာ ဆောက်လုပ်ရေး စေတနာ့​ဝန်ထမ်း​တွေ၊ ဘရွတ်ကလင်​ကနေ ပြောင်းရွှေ့​လာတဲ့ အချိန်ပြည့်​အမှုထမ်းတွေ ပါတယ်။

စက်တင်ဘာ ၂၀၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ပြခန်း ဝင်ပေါက်​နံရံ​မှာ ကပ်​ထားတဲ့ မှန်​ပြား​တွေကို ပန်းချီ​ကျွမ်းကျင်​တစ်ဦး အသေအချာ စစ်ဆေး​နေပါတယ်။ မှန်​ပြား​တွေဟာ အထူးသဖြင့် ရှေး​ဆန်​နေဖို့ လို​ပါတယ်။ ဒါမှ ပြခန်း​နဲ့ သက်ဆိုင်တဲ့ သမိုင်း​အကြောင်းအရာကို ပီပြင်​စေမယ်။

စက်တင်ဘာ ၂၈၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ဝေါဝစ်​ကနေ ထုတ်လွှင့်​တဲ့ ပထမဆုံး နံနက်​ဝတ်ပြုမှု အစီအစဉ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် စတီဗင် လက်​တ်​က သဘာပတိ​အဖြစ် ထမ်းဆောင်​ပါတယ်။ အဲဒီ​မနက်​မှာ ညီအစ်ကို လက်​တ်​က အဆောက်အအုံ​သစ်​တွေ ဆောက်လုပ်​ရာ​မှာ စေတနာ့​ဝန်ထမ်း ၂၇,၀၀၀ ကျော်နဲ့ စီမံကိန်း​မှာ နည်းအမျိုးမျိုးနဲ့ ကူညီ​ပံ့ပိုးပေး​ခဲ့​ကြ​သူတွေကို ကျေးဇူးတင်စာ ဖတ်ပြ​ခဲ့တယ်။

အောက်တိုဘာ ၃၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

မိမိ​ဘာသာ လည်ပတ်​ကြည့်ရှု​နိုင်တဲ့ ပြခန်း​သုံးခု​ထဲ​က တစ်ခုရဲ့ ဝင်ပေါက်​မှာ ထား​မယ့် ဆိုင်းဘုတ်​ကို လက်သမား​တစ်ဦး စာလုံး​စီ​နေပါတယ်။ ပြခန်း​နာမည်က “ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ဖြစ်ပြီး ၁၈၇၀ ပြည့်လွန်​နှစ်တွေ​ကနေ လက်ရှိ​အချိန်အထိ ယေဟောဝါသက်သေများရဲ့ မျက်မှောက်ခေတ် သမိုင်းကြောင်းကို ဖော်ပြ​ထားပါ​တယ်။

အောက်တိုဘာ ၅၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

စာပေ​ပြုစုရေး ကော်မတီက အကူ ညီအစ်ကို​တွေ၊ စာပေ​ပြုစုရေး​ဌာန​က အဖွဲ့ဝင်တွေ​နဲ့ အစည်းအဝေး ပြုလုပ်​နေပါတယ်။ နောက်​ထုတ်​မယ့် စာပေတွေမှာ သုံး​မယ့် ရုပ်ပုံတွေကို တီဗီ​ဖန်သားပြင်​ကြီး​မှာ ပြ​ထားတယ်။ တခြား​အဆောက်အအုံ ဌာန​တွေ​မှာ ရှိသူတွေ​လည်း အစည်းအဝေး​မှာ ပါဝင်​နိုင်အောင် ချိတ်ဆက်​ထားပါ​တယ်။ လွန်ခဲ့တဲ့ နှစ်​အတော်ကြာ​က လှူဒါန်း​လက်ခံရ​ရှိ​ထားတဲ့ စားပွဲကို ဘရွတ်ကလင်​ကနေ ဝေါဝစ်​ကို ပြောင်းရွှေ့ သယ်ယူ​ခဲ့​ပါတယ်။

အောက်တိုဘာ ၂၀၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ညှိနှိုင်းရေးမှူး​များ ကော်မတီရဲ့ ညွှန်ကြားမှု​အောက်မှာ အကူ ညီအစ်ကို​တစ်ယောက်နဲ့ တခြား​သူတွေဟာ ပြီး​ခဲ့​တဲ့​ရက် ဖိလစ်ပိုင်​ကို တိုက်ခတ်​သွားတဲ့ ဟို​င်​မာ​မုန်တိုင်း ဘေးသင့်​သူတွေကို အကူအညီ​ပေးနိုင်တဲ့ နည်းလမ်း​တွေ ဆွေးနွေး​နေကြပါတယ်။ ဗီဒီယို ချိတ်ဆက်​နိုင်​မှု​ကြောင့် ကမ္ဘာ့​ဌာနချုပ်​မှာ ရှိတဲ့ ဌာန​တွေ အရေးကြီးတဲ့​ကိစ္စတွေကို လျင်မြန်​စွာ ဆွေးနွေး​နိုင်ပြီး ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဌာနခွဲရုံး​တွေ​နဲ့​လည်း ဆက်သွယ်​ပြောဆို​နိုင်တယ်။

အောက်တိုဘာ ၂၈၊ ၂၀၁၆—ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ/နေထိုင်သူတွေ ကား​ရပ်နား​ရန် နေရာ

ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ​နဲ့ ပင်မ​အဝင်​လမ်းကို ရေ​ထိန်း​ကန်​တစ်ခုနဲ့ ခြား​ထားပါ​တယ်။ ဝေါဝစ်​မှာ​ရှိတဲ့ ဒီရေ​ကန်​နဲ့ တခြား​ကန်​တွေဟာ မိုး​ရေ​ထဲမှာ ပါတဲ့ ညစ်ညမ်း​ပစ္စည်းတွေကို သဘာဝနည်း​နဲ့ စစ်ထုတ်​ပေးတဲ့​အတွက် ရေနုတ်မြောင်း​စနစ်​အတွက် ကုန်ကျ​စရိတ် ၅၀ ရာခိုင်နှုန်း​ကို သက်သာ​စေပါ​တယ်။ ဒါ့အပြင် စစ်​ပြီးသား​ရေ​တွေကို သဘာဝ​စမ်း​ချောင်း​တွေ​ထဲ စီးဝင်​စေခြင်း​အားဖြင့် အပင်​တွေ၊ တိရစ္ဆာန်တွေ ရှင်သန်စေပါ​တယ်။

နိုဝင်ဘာ ၄၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ပြောင်းရွှေ့​ပေးတဲ့ လုပ်သားတွေ​က ကား​ပေါ်ကနေ ပစ္စည်း​တွေ ကူ​ချ​ပေးနေ​ကြပါတယ်။ ဘရွတ်ကလင်​ကနေ ဝေါဝစ်​ကို ပြောင်းရွှေ့​လာ​ကြ​တဲ့ ဌာနချုပ်​မှာ နေမယ့်​သူတွေကို လုပ်သား ၈၀ နီးပါး​က ကူညီ​ပေးခဲ့​ကြတယ်။

ဒီဇင်ဘာ ၁၄၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

မုန့်​ဖုတ်​သူတွေက မုန့်​နယ်​ဇလုံ​ထဲ​ကနေ နယ်​ပြီးသား မုန့်​စိမ်း​တုံး​ကို စင်ပေါ် တင်​နေကြတယ်။ နယ်​ပြီးသား မုန့်​စိမ်း​တုံး​ကြီး​က ၄၅ ကီ​လို​ဂ​ရမ် (ပေါင် ၁၀၀) လောက်​လေး​တဲ့​အတွက် မုန့်​နယ်​ဇလုံ​ကို စက်​နဲ့ အလွယ်တကူ မ​နိုင်၊ ချနိုင်​ပြီး အန္တရာယ်​လည်း ကင်း​တယ်။ ဝေါဝစ် မုန့်​ဖုတ်​တဲ့​နေရာမှာ မုန့်​စိမ်း ဖောင်းကြွ​စေဖို့ အပူချိန်​နဲ့ စိုထိုင်း​ဆ​ကို တိုး​နိုင်၊ လျှော့​နိုင်တဲ့​စက် (Retarder/proofer) လည်း ရှိတယ်။ လူ​အစား စက်​ကို အသုံးပြုတဲ့​အတွက် အပတ်​တိုင်း ပေါင်မုန့်​အလုံး​ရေ ရာနဲ့ချီ ဖုတ်​ဖို့ လိုအပ်တဲ့ လူ​အင်အား​ကို လျှော့ချ​စေတယ်။

ဒီဇင်ဘာ ၁၄၊ ၂၀၁၆—ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ/နေထိုင်သူတွေ ကား​ရပ်နား​ရန် နေရာ

အဆောက်အအုံ ထိန်းသိမ်းရေး လုပ်သားတွေ​က ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ​ကနေ အမှိုက်​တွေကို သယ်​ထုတ်​နေပါတယ်။ ဘရွတ်ကလင်​မှာ​ရှိတဲ့ အဆောက်အအုံ​တွေ​နဲ့ မတူဘဲ ဝေါဝစ်​မှာ​ရှိတဲ့ အဆောက်အအုံ​အများစုက တစ်ခုနဲ့ တစ်ခု ဆက်သွယ်​ထားပါ​တယ်။ ဒါကြောင့် အမှိုက်ပစ်​ဖို့၊ ပြန်​အသုံးပြု​နိုင်တဲ့ ပစ္စည်း​တွေ သယ်​ထုတ်​ဖို့ လုပ်သား​နဲ့ ယာဉ်​အင်အား နည်းနည်း​ပဲ လိုတယ်။

ဒီဇင်ဘာ ၁၄၊ ၂၀၁၆—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

အ​တွန့်​တွေ ပြေစေ​အောင် အင်္ကျီ​ကို ရေ​ဖျန်း​ပြီး လေ​မှုတ်​မီး​ပူ တိုက်​နေပါတယ်။ လျှော်ဖွပ်​ရေး​ဌာန​က အပတ်​တိုင်း အဝတ်​အထည် အလေးချိန် ပျမ်းမျှ ကီ​လို​ဂ​ရမ် ၅,၀၀၀ (ပေါင် ၂၂,၀၀၀) ကို လျှော်ဖွပ်​ပေး​ပါတယ်။ အထည်​တိုင်းမှာ ပိုင်ရှင်​နံပါတ်​တွေ တပ်ဆင်​ရ​ပါတယ်။ လျှော်ဖွပ်​ရေး​ဌာန​က နံပါတ်​တွေကို မှတ်ထားပြီး သက်ဆိုင်ရာ​ဌာန ဒါမှမဟုတ် အခန်း​ကို မှန်မှန်ကန်ကန် ပြန်ပို့​ကြရတယ်။

ဒီဇင်ဘာ ၂၀၊ ၂၀၁၆—ပြုပြင်​ထိန်းသိမ်းရေး အဆောက်အအုံ/နေထိုင်သူတွေ ကား​ရပ်နား​ရန် နေရာ

စက်​ပြင်​တစ်ဦးက လျှပ်စစ်​ဌာန​မှာ သုံးတဲ့ ဝန်ချီစက်​ငယ်​ကို စစ်ဆေး​ပြီး ပြုပြင်​ထိန်းသိမ်း​နေပါတယ်။ စက်ပစ္စည်း​တွေ အန္တရာယ်ကင်း​ဖို့နဲ့ အဲဒီ​စက်ပစ္စည်း အသုံးပြုသူ​တွေ အန္တရာယ်ကင်း​ဖို့ ဖြစ်တယ်။

ဇန်နဝါရီ ၁၀၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နေ​ကြ” ပြခန်း​မှာ မိတ်ဆက်​အနေနဲ့ ပြသမယ့် ကွန်ပျူတာ အက်​ပ​လီ​ကေး​ရှင်း​ကို ပညာရှင်​တစ်ဦး စမ်းသုံး​နေပါတယ်။

ဇန်နဝါရီ ၁၁၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ပြခန်း​မှာ ပြသထား​မယ့် ၁၉၀၃ ခုနှစ်​ထုတ် စက်ဘီး​ကို ညီအစ်ကို​တွေ ပြင်ဆင်​နေကြပါတယ်။ လှူဒါန်း​ရရှိ​ထားတဲ့ ဒီ​စက်ဘီး​ကို ဝေါဝစ်​က​လုပ်သားတွေ အသေအချာ ပြန်​ပြုပြင်​ထားပါ​တယ်။ (နောက်ပိုင်း၊ ယေဟောဝါ​သက်သေ​များ​လို့ ခေါ်တဲ့) ကျမ်းစာ​ကျောင်းသားတွေ ကျမ်းစာ​သတင်း​စကား ပျံ့နှံ့​စေဖို့ သွားလာ​တဲ့အခါ ဒီ​စက်ဘီး​ကို အသုံးပြု​ခဲ့​ကြတယ်။ သူတို့ရဲ့ ကြိုးစား​အားထုတ်မှု၊ ကိုယ်ကျိုးစွန့်မှု​ကို မြင်သာ​ပါတယ်။

ဇန်နဝါရီ ၁၂၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“ဖန်ဆင်းခြင်း ဓာတ်ပုံ​ပြဇာတ်” ပစ္စည်း​တွေ ပြဖို့ မှန်​ကာ​ကို ညီအစ်ကို​တွေ တပ်ဆင်​နေကြပါတယ်။ ကျမ်းစာ​အခြေပြု ရုပ်ရှင်​နဲ့ ဆ​လိုက်​ပုံ​တွေ​ပါတဲ့ အဲဒီ​ပြဇာတ်​ကို ၁၉၁၄ ခုနှစ်​တုန်း​က ပြသ​ပြီး တစ်နှစ်​အတွင်းမှာပဲ လူ​ကိုးသန်း​ခန့် ကြည့်ရှုခဲ့​တယ်။

ဇန်နဝါရီ ၁၂၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“သမ္မာ​ကျမ်းစာနဲ့ ဘုရားသခင့်​နာမည်” ပြခန်း​မှာ ပြမယ့် ၁၅၄၄ ခုနှစ်​ထုတ် ဇူး​ရ​စ် လက်တင်​ကျမ်းစာကို မော်ကွန်းထိန်း နှစ်ယောက်​နဲ့ ဂ​ရပ်​ဖစ်​ကျွမ်းကျင်​တစ်ယောက် ပြင်ဆင်​နေပါတယ်။ အနီရောင်​မြား​က ဘုရားသခင့်​နာမည် ယေဟောဝါကို တွေ့မြင်​အောင် ထင်ထင်ရှားရှား ညွှန်ပြ​ပေး​ပါတယ်။ မော်ကွန်းထိန်း​တွေ​က ရှေးဟောင်း​ကျမ်းစာတွေ မပျက်စီး​အောင် ကြိုတင်​ကာကွယ်မှု​တွေ လုပ်ကြ​ရတယ်။ ဥပမာ၊ စာမျက်နှာ​တွေကို ပေါ်လီ​အက်စတာ ဖလင်​ပြား​နဲ့ ဖုံး​ထား​ရတယ်။ ပြခန်း​အပူချိန်​နဲ့ စိုထိုင်း​မှု​ကို ထိန်းပေး​ရတယ်။ စာရွက်​တွေ ပျက်စီး​မသွားဖို့ ပြခန်း​မီးရောင်​ကိုလည်း အသေအချာ ချိန်ညှိ​ပေး​ရတယ်။

ဇန်နဝါရီ ၁၆၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ဧည့်သည်တွေ​ဟာ ၂၃ မီတာ (၇၅ ပေ) မြင့်တဲ့ မျှော်စင်​ကနေ ဝေါဝစ်​ခြံဝင်း​ကို အပေါ်​စီး​မှ ကြည့်နေ​ကြပါတယ်။ ကြိုတင်​စာရင်း​သွင်းထား​တဲ့ ဧည့်သည်တွေ​ဟာ ကိုယ့်ဘာသာကိုယ် လိုက်လံ​ကြည့်ရှု​ရမယ့် ပြခန်း​တွေ​နဲ့ ဝေါဝစ်​အဆောက်အဦ​တွေကို ၂၀၁၇၊ ဧပြီ ၃ ရက်​ကနေ စတင်​လည်ပတ်​နိုင်​ပါပြီ။ လည်ပတ်​ကြည့်ရှု​လို​သူတွေဟာ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​ထဲ​က ကျွန်ုပ်တို့​အကြောင်း > ရုံး​နဲ့ လည်ပတ်​ကြည့်ရှု​နိုင်တဲ့ အစီအစဉ်များ​ကို သုံးပြီး အွန်လိုင်း​ကနေ ကြိုတင်​စာရင်း​သွင်း​ရပါမယ်။

ဇန်နဝါရီ ၁၉၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

မော်ကွန်းထိန်း​က ၁၆၁၁ ခုနှစ်မှာ ပထမဆုံး​အကြိမ် ထုတ်ဝေတဲ့ ရှားပါး ဂျိမ်း​ဘုရင် ဘာသာပြန်ကျမ်း​ကို ပြသဖို့ နေရာချ​နေပါတယ်။ ကျမ်းစာအုပ်​တွေ ပြသမယ့် မှန်​ဘောင်​ကို ဝေါဝစ်​က လုပ်သားတွေ အထူး​ဒီဇိုင်းဆွဲ တည်ဆောက်​ထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ဂ​ရပ်​ဖစ်​ကျွမ်းကျင်သူ​တစ်ဦး ဦးထုပ်​တစ်လုံး​ကို ပြသ​စင်ပေါ် နေရာချ​နေပါတယ်။ လွန်ခဲ့တဲ့ နှစ်​တစ်​ရာ​တုန်း​က ယေဟောဝါ​သက်သေတွေကို ဦးဆောင်ခဲ့​သူ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​ရဲ့ ဦးထုပ် ဖြစ်ပါတယ်။ “ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ပြခန်း​မှာ နိုင်ငံတော်​သတင်းကောင်း ဟောပြောဖို့ ယေဟောဝါသက်သေတွေရဲ့ အစောပိုင်း​ကာလ ကြိုးစား​အားထုတ်မှု​တွေကို ပြသထား​ပါတယ်။

ဇန်နဝါရီ ၂၀၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

မိမိ​ဘာသာ လှည့်ပတ်​ကြည့်ရှု​နိုင်တဲ့ “သမ္မာ​ကျမ်းစာနဲ့ ဘုရားသခင့်​နာမည်” ပြခန်း​အတွက် ဇာတ်ကြောင်း​ပြောသူ​အဖြစ် ညီအစ်ကို​တစ်ယောက် အသံသွင်း​အဖွဲ့ အကူအညီ​နဲ့ အသံသွင်း​နေပါတယ်။ အသံသွင်း​ခန်း​နဲ့ အသံသွင်း​ကိရိယာတွေကို ဘရွတ်ကလင်​ကနေ ဝေါဝစ်​ကို ရွှေ့​ပြောင်း တပ်ဆင်​ပြီး တစ်ပတ်​အကြာမှာ​ပဲ အသံသွင်း​ခန်း​ကို စ​အသုံးပြုနိုင်​ပါပြီ။ ပက်​တာ​စင်၊ ကင်းမျှော်စင် ပညာပေး​ဌာန​က ပင်မ အသံသွင်း​ဌာန​အောက်​ရှိ ဒီ​အသံသွင်း​ခန်း​မှာ​ပဲ ကမ္ဘာသစ်​ဘာသာပြန်ကျမ်း၊ jw.org အတွက် ကင်းမျှော်စင်၊ နိုးလော့! အပြင် တခြား​စာပေတွေကို အသံသွင်း​ပါတယ်။

ဇန်နဝါရီ ၂၇၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

သုံး​ဖက်​မြင် ဓာတ်ပုံ​ပြကွက်​အတွက် ညီအစ်မ​တစ်ယောက် ဘေး​အနားသတ်​တွေကို ဆေးသုတ်​နေပါတယ်။ ဒီ​ပြကွက်​ကို ၁၉ ရာစု​နှောင်းပိုင်း​က ကျမ်းစာကျောင်း​သားတွေရဲ့ သမိုင်း​ဓာတ်ပုံ​တွေ ပြသတဲ့ “ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ပြခန်း​မှာ ထားပါ​မယ်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ ကာတွန်း​ဗီဒီယို​ထဲ​က အောင်အောင် အရုပ်​ကို ပန်းချီ​ဆွဲ​သူက ဆေး​ခြယ်​နေပါတယ်။ ယေဟောဝါသက်သေတွေ၊ အထူးသဖြင့် ကလေးတွေ​အတွက် ပြုလုပ်ပေး​ခဲ့​တဲ့ ကိရိယာ​တွေ၊ အစီအစဉ်​အ​တွေ​အကြောင်း ဖော်ပြတဲ့ ပြခန်း​မှာ ဒီ​အရုပ်​ကို ထားရှိ​ပါ​မယ်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇—ရုံးခန်း​များ/ဝန်ဆောင်​လုပ်ငန်းများ အဆောက်အအုံ

“ယေဟောဝါ​နာမ​အတွက် လူမျိုးတစ်မျိုး” ပြခန်း​အတွက် ဓာတ်ပုံ​တွေ ဗီ​နိုင်း​ဆိုင်းဘုတ်တွေ​ကို လက်သမား​တစ်ယောက် ဖြတ်​နေပါတယ်။ လက်သမား၊ ကွန်ပျူတာ ပရိုဂရမ်​ဆွဲ​သူ၊ ဒီဇိုင်းဆွဲ​သူ၊ လျှပ်စစ်​ကျွမ်းကျင်သူ၊ ကြွေပြား​ကပ်​သူ၊ ဗီဒီယို​ရိုက်ကူး​သူ၊ စာရေးသူ​တွေ​အပါအဝင် လူ ၂၅၀ ကျော်ဟာ ပြခန်း​သုံးခု တည်ဆောက်​ရာ​မှာ အစ​ကနေ အဆုံးအထိ လက်တွဲ​လုပ်ဆောင်ခဲ့​ကြတယ်။