ရေဘေးကယ်ဆယ်ရေးလုပ်ငန်းအတွက် ဟန်ဂေရီနိုင်ငံက ယေဟောဝါသက်သေများ ချီးမွမ်းခံရ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၃၊ ဇွန်လတုန်းက ဥရောပအလယ်ပိုင်းမှာ ရေဘေးသင့်ခဲ့တယ်။ ဟန်ဂေရီနိုင်ငံ ဒန်းညုမြစ် တစ်လျှောက်လုံးနီးပါး သမိုင်းမှာ အမြင့်ဆုံး စိုးရိမ်ရေမှတ် ရောက်ခဲ့တယ်။
အရေးပေါ် အခြေအနေကြောင့် ဟန်ဂေရီ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက ရေလွမ်းမိုးမှု ကာကွယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီပေးဖို့ ဟန်ဂေရီနိုင်ငံက ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးကို တောင်းဆိုခဲ့တယ်။ ဒန်းညုမြစ်တစ်လျှောက်က အသင်းတော်တွေကို အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုအောက် ရေလွှမ်းမိုးမှု ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ ဌာနခွဲရုံးက ဖိတ်ခေါ်ခဲ့တယ်။
အသင်းတော်တွေရဲ့ တုံ့ပြန်မှုက အံ့မခန်းပါပဲ။ အသင်းတော် ၇၂ ခုက ယေဟောဝါသက်သေ ၉၀၀ ကျော်ဟာ မြစ်တစ်လျှောက် ရေထိန်းတာတမံ တည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတယ်။ “ယေဟောဝါသက်သေများ” ရင်ထိုးကပ်မှာ နာမည်၊ မြို့နာမည် ရေးထိုး တပ်ဆင်ထားဖို့ တောင်းဆိုခံရတယ်။
မြို့တစ်မြို့က ဒေသခံ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်က အသင်းတော်တစ်ခုကို စာရေးခဲ့တယ်– “ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ လေးစားပါတယ်။ အဝေးကြီးကနေ လာကြတယ်။ ခင်ဗျားတို့ရဲ့ စည်းလုံးမှုမျိုး၊ ကူညီပေးချင်တဲ့ စေတနာစိတ်မျိုးကို တွေ့ရခဲပါတယ်။ ကျွန်တော်တို့မြို့မှာ ခင်ဗျားတို့ရဲ့ စံနမူနာကောင်းကို ဂုဏ်ယူမဆုံးပါဘူး။”
ဟန်ဂေရီ ပါလီမန်အမတ်၊ သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့ သဘာပတိက ယေဟောဝါသက်သေတွေရဲ့ ထောက်မပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဌာနခွဲရုံးကို စာရေးပေးပို့ခဲ့တယ်။