ယေဟောဝါသက်သေတွေက စျာပနအခမ်းအနားလုပ်တာကို ဘယ်လို ရှုမြင်ကြသလဲ
စျာပနအခမ်းအနားတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံက သမ္မာကျမ်းစာ သွန်သင်ချက်တွေအပေါ် အခြေခံပါတယ်။ တချို့ကို အောက်မှာ ဖော်ပြထားတယ်-
ချစ်ရသူတစ်ဦး သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးတာဟာ သာမန်ပါပဲ။ ယေရှုတပည့်တွေလည်း မိမိတို့ ချစ်မြတ်နိုးရသူတွေ ဆုံးပါးသွားတဲ့အခါ ပူဆွေးဝမ်းနည်းခဲ့ကြတယ်။ (ယောဟန် ၁၁:၃၃-၃၅၊ ၃၈။ တမန်တော် ၈:၂၊ ၉:၃၉) ဒါပေမဲ့ စျာပနအခမ်းအနားကို ဆူဆူညံညံ ပွဲခံချိန်အဖြစ် သဘောမထားကြဘူး။ (ဒေသနာ ၃:၁၊ ၄၊၇:၁–၄) အဲဒီအစား ကိုယ်ချင်းစာနာမှု တင်ပြရမယ့်အချိန်အဖြစ် ရှုမြင်ကြတယ်။—ရောမ ၁၂:၁၅။
သေဆုံးသွားတဲ့သူက ဘာမှမသိဘူး။ ယေဟောဝါသက်သေတွေဟာ လူမျိုး၊ ထုံးတမ်း၊ နောက်ခံ ဘယ်လိုပဲ ရှိနေပါစေ လူသေတွေ တစ်နေရာရာမှာ အသက်ရှင်နေပြီး အသက်ရှင်တဲ့သူတွေကို သြဇာလွှမ်းမိုးနိုင်တယ်ဆိုတဲ့ ကျမ်းစာနဲ့မညီတဲ့ ထုံးတမ်းစဉ်လာတွေနဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကြပါတယ်။ (ဒေသနာ ၉: ၅၊ ၆၊ ၁၀) အဲဒီထုံးတမ်းစဉ်လာတွေကတော့ အသုဘအိမ်မှာ ညလုံးပေါက် မအိပ်ဘဲ စောင့်ပေးတာ၊ စျာပနအခမ်းအနား၊ နှစ်ပတ်လည် စျာပနအခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပတာ၊ လူသေတွေအတွက် ပူဇော်ပသတာ၊ လူသေတွေနဲ့ ဆက်သွယ်တာ၊ သူတို့အတွက် အမျှဝေပေးတာ၊ ကျန်ရစ်သူ ခင်ပွန်း/ ဇနီးပြုလုပ်ရတဲ့ ထုံးတမ်းစဉ်လာတွေ ဖြစ်တယ်။ ကျမ်းစာက “သူတို့ထဲကနေ ထွက်သွားကြ၊ တသီးတခြားနေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့” လို့ ပြောထားတယ်။ အဲဒီမိန့်မှာချက်ကို နာခံပြီး ယေဟောဝါသက်သေတွေဟာ ဒီထုံးတမ်းစဉ်လာတွေနဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကြတယ်။—၂ ကောရိန္သု ၆:၁၇။
သေဆုံးသွားသူတွေအတွက် မျှော်လင့်ချက်ရှိတယ်။ မကြာခင် သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမယ်၊ သေခြင်း မရှိတော့တဲ့အချိန် ရောက်လာမယ်လို့ ကျမ်းစာမှာ သွန်သင်တယ်။ (တမန်တော် ၂၄:၁၅။ ဗျာဒိတ် ၂:၁၄) ဒီမျှော်လင့်ချက်က အစောပိုင်း ခရစ်ယာန်တွေကို သေဆုံးသွားသူတွေအတွက် အလွန်အမင်း ဝမ်းနည်းပူဆွေးတာမျိုး မဖြစ်အောင် ကူညီပေးခဲ့သလို ကျွန်တော်တို့ကိုလည်း ကူညီပေးပါတယ်။—၁ သက်သာလောနိတ် ၄:၁၃။
လူအထင်ကြီးအောင် မလုပ်ဖို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာအလိမ္မာ ၁၁:၂) စျာပနအခမ်းအနားကို အခွင့်ကောင်းယူပြီး လူတစ်ဦးရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေကို ကြွားဝါနေရမယ့်အချိန် မဟုတ်ဘူး။ (၁ ယောဟန် ၂:၁၆) စျာပနအခမ်းအနားမှာ လူအထင်ကြီးအောင် ဖျော်ဖြေမှုတွေ လုပ်တာ၊ စျေးကြီးတဲ့ အခေါင်းတွေ သုံးတာ၊ အလွန်အမင်း ဝတ်စားဆင်ယင်တာ၊ ပြင်ဆင်တာမျိုးတွေ မလုပ်ကြဘူး။
စျာပနအခမ်းအနားတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို တခြားသူတွေ လက်ခံရမယ်လို့ အတင်းအကျပ် မတောင်းဆိုပါဘူး။ ဒီကိစ္စမှာ “ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ပါတယ်။ (ရောမ ၁၄:၁၂) ဒါပေမဲ့ အခွင့်ရေးရမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ခံယူချက်ကို “နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘော”နဲ့ ကြိုးစားရှင်းပြကြပါတယ်။—၁ ပေတရု ၃:၁၅။
စျာပနအခမ်းအနားကို သက်သေခံတွေ ဘယ်လို လုပ်ကြသလဲ
နေရာ။ စျာပနအခမ်းအနားကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာ ခန်းမ၊ ကျန်ရစ်သူမိသားစုအိမ်၊ မီးသင်္ဂြိုဟ်ရုံ ဒါမှမဟုတ် သင်္ချိုင်းမှာပဲ ကျင်းပဖို့ ကျန်ရစ်သူမိသားစုက ဆုံးဖြတ်ပါတယ်။
စျာပနအစီအစဉ်။ သေခြင်းအကြောင်း သမ္မာကျမ်းစာပြောဆိုရာနဲ့ သေလွန်သူတွေအတွက် မျှော်လင့်ချက်အကြောင်း ဟောပြောပြီး ကျန်ရစ်သူမိသားစုကို နှစ်သိမ့်ပေးတယ်။ (ယောဟန် ၁၁:၂၅။ ရောမ ၅:၁၂။ ၂ ပေတရု ၃:၁၃) ဟောပြောတဲ့အခါ သေလွန်သူရဲ့ အရည်အချင်းကောင်းတွေနဲ့ ပုံသက်သေကောင်း ပြခဲ့တာတွေကို ထည့်ပြောမယ်ဆိုရင် တခြားသူတွေအတွက် အားပေးမှု ဖြစ်စေပါတယ်။—၂ ရှမွေလ ၁:၁၇–၂၇။
ကျမ်းချက်တွေကို အခြေခံထားတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုနိုင်တယ်။ (ကောလောသဲ ၃:၁၆) စျာပနအစီအစဉ်ကို နှစ်သိမ့်မှု ဖြစ်စေတဲ့ ဆုတောင်းချက်နဲ့ နိဂုံးချုပ်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇။
အခကြေးငွေ ဒါမှမဟုတ် အလှူငွေ။ စျာပနအခမ်းအနား အပါအဝင် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ဘယ်အစီအစဉ်မှာမဆို အခကြေးငွေ တောင်းတာ၊ အလှူငွေ ကောက်ခံတာ မရှိပါဘူး။ ဝတ်ပြုစည်းဝေးတဲ့နေရာမှာလည်း အလှူငွေ မကောက်ခံဘူး။—မဿဲ ၁၀:၈။
တက်ရောက်ခြင်း။ ဝတ်ပြုရာခန်းမမှာ လုပ်တဲ့ စျာပနအခမ်းအနားကို သက်သေခံ မဟုတ်သူတွေလည်း တက်ရောက်နိုင်ပါတယ်။ စျာပနအခမ်းအနားလိုပဲ ကျွန်တော်တို့ရဲ့ အသင်းတော် အစည်းအဝေးတွေကို လူအားလုံး တက်ရောက်နိုင်ပါတယ်။
တခြားဘာသာရေး အသင်းအဖွဲ့တွေရဲ့ စျာပနအခမ်းအနားတွေကို သက်သေခံတွေ တက်ရောက်သလား
သက်သေခံတစ်ဦးစီက ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်နဲ့အညီ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ (၁ တိမောသေ ၁:၁၉) ဒါပေမဲ့ ကျမ်းစာနဲ့ မကိုက်ညီတဲ့ ဘာသာရေး အခမ်းအနားတွေမှာတော့ မပါဝင်ကြဘူး။—၂ ကောရိန္သု ၆:၁၄၊ ၁၇။