မာတိကာဆီ ကျော်သွား

ကာဂျစ္စတန်နိုင်ငံ၊ ဘီရှကက်မြို့ရှိ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံး

ဒီဇင်ဘာ ၂၃၊ ၂၀၂၁
ကာဂျစ္စတန်

ကာဂျစ္စတန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ လူ့အခွင့်အရေး ကော်မတီ အဆိုတင်သွင်း

ကာဂျစ္စတန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ လူ့အခွင့်အရေး ကော်မတီ အဆိုတင်သွင်း

ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အခြေခံ လူ့အခွင့်အရေးကို ကာဂျစ္စတန်နိုင်ငံ ချိုးဖောက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ (CCPR) အဖွဲ့ဝင် ၁၅ နိုင်ငံက တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်တယ်။ စာမျက်နှာ ခုနစ်မျက်နှာ ပါရှိတဲ့ CCPR ရဲ့ ဆုံးဖြတ်ချက် စာတမ်းထဲမှာ ကာဂျစ္စတန်အနေနဲ့ ယေဟောဝါသက်သေများအား “လျော်ကြေးပေးရန်၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရန်” အမိန့်ချလိုက်တယ်။ ယေဟောဝါသက်သေတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်မှုနဲ့ ကာဂျစ္စတန်နိုင်ငံကို CCPR ပြစ်တင်ရှုတ်ချတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်တယ်။

ကာဂျစ္စတန်မှာ ယေဟောဝါသက်သေတွေကို ဒေသခံ အသင်းအဖွဲ့အဖြစ် ၁၉၉၃ ခုနှစ်မှာ ပထမဆုံး မှတ်ပုံတင်ခဲ့တယ်။ ၁၉၉၈ ကစပြီး တစ်နိုင်ငံလုံး အသိအမှတ်ပြုခံရဖို့ မှတ်ပုံတင်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းမှာ လွတ်လပ်စွာ ဝတ်ပြုခွင့်ရတာ နှစ်များစွာ ရှိနေပါပြီ။ ဒါပေမဲ့ သာသနာရေးဆိုင်ရာ နိုင်ငံကော်မတီ (SCRA) က တောင်ပိုင်းမှာ ရှိတဲ့ အောရှ်မြို့၊ နာရင်မြို့၊ ဂျာလာအာဘက်မြို့တွေမှာ ယေဟောဝါသက်သေတွေကို ဘာသာရေး အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခွင့် မပေးတာ ဆယ်နှစ်ကျော် ကြာနေပြီ။ အဲဒီဒေသက ညီအစ်ကိုတွေ အကြိမ်ကြိမ် လျှောက်လွှာတင်ပေမဲ့ မှတ်ပုံတင်ခွင့် မရခဲ့ဘူး။ ဒီဟန့်တားမှုကြောင့် ညီအစ်ကို/မတွေ အခက်ကြုံခဲ့ရတယ်။ ဘာသာရေး ခံယူချက်တွေ ဖော်ထုတ်ဖို့၊ ဘာသာရေး အစည်းအဝေးတွေ ကျင်းပဖို့၊ မြေဝယ်ပြီး ဝတ်ပြုရာ အဆောက်အဦ ဆောက်ဖို့ ခွင့်ပြုချက် မရနိုင်ဘူး။ ဒါကြောင့် အဲဒီဒေသက ယေဟောဝါသက်သေတွေကို ကာဂျစ္စတန်နိုင်ငံ ခွဲခြားဆက်ဆံတယ်လို့ CCPR က ဆုံးဖြတ်လိုက်တယ်။

ကာဂျစ်အာဏာပိုင်တွေအနေနဲ့ “ထပ်တူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ” လုပ်ဆောင်ဖို့ CCPR က အမိန့်ချထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကြိုးစားနေကြောင်း ရက်ပေါင်း ၁၈၀ အတွင်း CCPR ကို ကာဂျစ္စတန် အသိပေးရပါမယ်။

CCPR ရဲ့ ဆုံးဖြတ်ချက်ကို ကာဂျစ်အရာရှိတွေ နာခံပြီး အဲဒီဒေသက ညီအစ်ကို/မတွေကို သူတို့ရဲ့ ဘာသာရေး ခံယူချက်နဲ့အညီ ဝတ်ပြုခွင့် ပေးမပေး စောင့်ကြည့်ရပါမယ်။ ဖိုရမ် ၁၈ မှာ ပါဝင်တဲ့ လူ့အခွင့်အရေး ပညာရှင်တွေက အခြေအနေကို စောင့်ကြည့်နေကြတယ်။ “၂၀၁၉ ခုနှစ်က ယူအဲန် ချမှတ်တဲ့ အလားတူ ဆုံးဖြတ်ချက်ကို SCRA လျစ်လျူရှုခဲ့ကြောင်း” သတင်းပို့ကြတယ်။

ယူအဲန်ရဲ့ ညွှန်ကြားချက်ကို ကာဂျစ္စတန် လိုက်နာသည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ ယေဟောဝါဘုရားကတော့ ကာဂျစ္စတန်နိုင်ငံက ညီအစ်ကို/မတွေ ကြုံတွေ့နေသမျှကို မြင်တွေ့နေပါတယ်။ (ဆာလံ ၃၇:၁၈) သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ရဲစွမ်းသတ္တိကို ကောင်းကင်ဘုံစံ ဖခင် ဆက်ကောင်းချီးပေးပါလိမ့်မယ်။—ဆာလံ ၃၇:၂၈