မာတိကာဆီ ကျော်သွား

ဂါဘူနီယာ အမှုမှာ အကြမ်းဖက်ခံရသူတွေ မကြာသေးခင်က ရိုက်ထားတဲ့ ဓာတ်ပုံ

အောက်တိုဘာ ၂၄၊ ၂၀၁၇
ဂျော်ဂျီယာ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ဂျော်ဂျီယာရဲ့ အပြစ်ဝန်ခံချက်ကို လက်ခံ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ဂျော်ဂျီယာရဲ့ အပြစ်ဝန်ခံချက်ကို လက်ခံ

ယေဟောဝါသက်သေ ဆယ်ယောက်ရဲ့ လူ့အခွင့်ရေးကို ချိုးဖောက်ပြီး စီရင်ချက် ချခဲ့ကြောင်း ဂျော်ဂျီယာ ပြည်သူ့သမ္မတနိုင်ငံရဲ့ ဝန်ခံချက်ကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က လက်ခံတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၇၊ အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဂါဘူနီယာ၊ တခြားသူများနဲ့ ဂျော်ဂျီယာ အမှုမှာ အစိုးရဘက်ကနေ တစ်ယောက်စီကို ယူရို ၈၀၀ လျော်ကြေး ပေးဖို့ သဘောတူခဲ့တယ်။ အကြောင်းကတော့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း၊ အပိုဒ် ၉ နဲ့ ၁၄ မှာ ကာကွယ်ပေးထားတဲ့ ခွဲခြားဆက်ဆံခြင်းနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်လို့ပါပဲ။

အော်သိုဒေါက် အစွန်းရောက်တွေ ဘာသာရေး လှုံ့ဆော်ပြီး အုပ်စုဖွဲ့တိုက်ခိုက်မှု လေးခုအတွက် ယေဟောဝါသက်သေ ဆယ်ယောက်က ၂၀၀၅၊ စက်တင်ဘာလမှာ ECHR ကို လျှောက်ထားခဲ့ကြတယ်။ ဖြစ်ရပ် လေးခုစလုံးဟာ ဂျော်ဂျီယာနိုင်ငံက ယေဟောဝါသက်သေတွေကို ဘာသာရေး ညှဉ်းပန်းနှိပ်စက်ဖို့ အစိုးရ ကမကထပြုတဲ့ ကင်ပိန်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ အဲဒီကင်ပိန်းဟာ ၁၉၉၉၊ အောက်တိုဘာလကနေ ၂၀၀၃၊ နိုဝင်ဘာလအထိ ကြာရှည်ခဲ့တယ်။ ဥပဒေဘက်တော်သားတွေဟာ အကြမ်းဖက်မှုတွေမှာ ပါနေကြလို့၊ ဒါမှမဟုတ် အကြမ်းဖက်ခံနေရသူတွေကို မကာကွယ်ပေးလို့ တိုက်ခိုက်မှုတွေမှာ ကြံရာပါဖြစ်နေကြတယ်။

ဂါဘူနီယာအမှု မတိုင်မီမှာ ECHR က ဂျော်ဂျီယာရဲ့ ပစ်စလက်ခတ် တရားစီရင်မှု သုံးခုအတွက် အမိန့်ထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်ထုတ်ပြန်ချက်ထဲမှာ ယေဟောဝါသက်သေတွေ အကြမ်းဖက်ခံရတဲ့ကာလအတွင်း အစိုးရအနေနဲ့ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ECHR က ပြစ်တင်ရှုတ်ချခဲ့တယ်။ ဥပဒေဘက်တော်သားတွေအနေနဲ့ အရေးယူဖို့ ပျက်ကွက်တာက “နိုင်ငံတော် ကိုယ်စားလှယ်များနဲ့အတူ ကြံရာပါ ပြစ်မှုကျူးလွန်သူအဖြစ် ပြည်သူလူထု ယူမှတ်နိုင်တယ်” လို့ ECHR က ကောက်ချက်ချခဲ့တယ်။ “ဂျော်ဂျီယာ အာဏာပိုင်တွေက ပြစ်ဒဏ်မပေးတဲ့အတွက် တစ်နိုင်ငံလုံးမှာ ယေဟောဝါသက်သေတွေကို တိုက်ခိုက်ဖို့ အားပေးရာရောက်တယ်” လို့လည်း ဆိုထားတယ်။ “တရားစီရင်မှုအပိုင်းမှာလည်း အကြမ်းဖက်ခံနေရသူတွေကို မသိကျိုးကျွန်ပြုထားကြောင်း၊” ဂျော်ဂျီယာ တရားရုံးတွေက အကြမ်းဖက်ခံရသူတွေရဲ့ တိုင်ကြားချက်တွေကို “ဘက်လိုက်ကြောင်း၊ အပေါ်ယံသာ” စစ်ဆေးစုံစမ်းကြောင်း” ECHR ကတွေ့ရှိခဲ့တယ်။

အကြမ်းဖက်ခံရသူရဲ့ အခွင့်အရေးကို ချိုးဖောက်ကြောင်း “ဝမ်းနည်းစွာ အသိအမှတ်ပြု” ထားတဲ့ တစ်ဖက်သတ် ကြေညာချက်တစ်ခုကို ဂျော်ဂျီယာနိုင်ငံက တင်သွင်းခြင်းအားဖြင့် သုံးကြိမ် ပြစ်တင်ခံရပြီးဖြစ်လို့ စတုတ္ထအကြိမ် ပြစ်တင်မခံရအောင် ရှောင်လွဲတာဖြစ်ကြောင်း သေချာတယ်။ ယနေ့အချိန်မှာ ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ အစိုးရ ကမကထပြုတဲ့ ဘာသာရေး ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံရတော့ပါဘူး။ လွတ်လွတ်လပ်လပ် ဝတ်ပြုကိုးကွယ်နိုင်ကြပါပြီ။