ဇွန် ၁၁၊ ၂၀၁၄
တူရကီ
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ တူရကီနိုင်ငံသား လေးဦးကို အနိုင်ပေး
၂၀၁၄၊ ဇွန် ၃ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က တူရကီနိုင်ငံဟာ ဥရောပ လူ့အခွင့်အရေး ကြေညာစာတမ်းကို a ချိုးဖောက်ကြောင်း တညီတညွတ် ဆုံးဖြတ်ခဲ့ကြတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ယေဟောဝါသက်သေလေးဦးကို ထောင်ဒဏ် ချမှတ်လိုက်လို့ပဲ။ ချာလာ ဘူလ်ဒူ၊ ဘာရိစ် ဂိုမက်ဇ်၊ အဲစီ အူလ်ဂင်၊ နဲဗ်ဇက် အွမ်ဒူတို့ဟာ ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့ကြတယ်။ ECHR စီရင်ချက်မှာ “သူတို့ကို ပြစ်ဒဏ်ချမှတ်တာဟာ . . . ကြေညာစာတမ်း အပိုဒ် ၉ မှာပါတဲ့ အချက်တွေကို . . . ဖောက်ဖျက်နေတာ ဖြစ်တယ်” လို့ ဖော်ပြထားတယ်။
သက်သေခံလေးဦး (တူရကီ၊ ဘူလ်ဒူနှင့် အခြားသူများအမှုတွဲ) က စစ်မှုထမ်းဖို့ ငြင်းဆိုလို့ အကြိမ်ကြိမ် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရတာဟာ တူရကီအစိုးရအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ဖောက်ဖျက်ရာရောက်ကြောင်း ၂၀၀၈၊ မတ်လ ၁၇ နေ့မှာ စာတင်ခဲ့တယ်။ အကြိမ် ၃၀ ကျော် ဆင့်ခေါ်ခံရပြီး ခြောက်နှစ်ကျော် ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်။
ECHR ရဲ့ စီရင်ချက်မှာ ဒီလိုဖော်ပြထားတယ်- “လျှောက်ထားသူ ယေဟောဝါသက်သေများ စစ်မှုထမ်းဖို့ ငြင်းဆိုကြခြင်းမှာ မိမိတို့ ဘာသာရေးခံယူချက်ကို ဖော်ထုတ်ခြင်းသာ ဖြစ်တယ်။ လျှောက်ထားသူတို့ကို အကြိမ်ကြိမ် ပြစ်ဒဏ်ချခြင်း၊ . . . တရားစွဲခြင်း . . . ဟာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၉ ပါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖောက်ဖျက်ရာရောက်တယ်လို့ ECHR က ယူဆပါတယ်။”
ဒါဟာ ဘာသာရေးယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းနဲ့ပတ်သက်ပြီး တူရကီအစိုးရကို ECHR က တတိယအကြိမ် စီရင်ချက်ချခြင်းပါပဲ။ ၂၀၁၂ ခုနှစ်၊ ညီအစ်ကို ဖဲတီ ဒီမေးတပ်ရှ်ရဲ့အမှုမှာ တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်၊ ညီအစ်ကို ယူးနပ် အဲချပ်ရဲ့အမှုတုန်းက တစ်ကြိမ်ပါ။ ၂၀၁၂ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ဘာသာရေးယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တဲ့ ညီအစ်ကို ဂျန့် အာတာစွိုင်နဲ့ အာဒါဆာကွတ်တို့ကိုလည်း အနိုင်ပေးခဲ့တယ်။
၂၀၁၁၊ ဇူလိုင် ၇ ရက်နေ့မှာ ECHR ရဲ့ အထက်ခုံရုံးက ဘိုင်ယာချန်နဲ့ အာမေးနီးယားအမှုတွဲကို စီရင်ချက် ချလိုက်တဲ့အခါ ဥရောပမှာ အလှည့်အပြောင်း ဖြစ်လာတယ်။ ဥရောပ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၉ ဟာ ဘာသာရေးယုံကြည်ချက်အရ စစ်မှုမထမ်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမှန်း ECHR က ဦးဆုံးအကြိမ် သိသွားတယ်။ အဲဒီစီရင်ချက်ဟာ ဥရောပကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့ သက်ဆိုင်တယ်။ ဘိုင်ယာချန်နဲ့ပတ်သက်တဲ့ စီရင်ချက်၊ တူရကီအစိုးရနဲ့ပတ်သက်တဲ့ စီရင်ချက်သုံးခုအပြင် ECHR ရဲ့ အလားတူ စီရင်ချက်တွေက တူရကီနဲ့ တခြားနိုင်ငံတွေအနေနဲ့ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းသူတွေအပေါ် မိမိတို့ရဲ့ဆက်ဆံပုံကို ပြန်သုံးသပ်ဖို့၊ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့အတိုင်း ပြန်လည်စီစစ်ပြဋ္ဌာန်းကြဖို့ တာဝန်ရှိစေတယ်။
ဒီအမှုမှာ ညီအစ်ကိုလေးဦးအတွက် ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျိမ်း အီး အင်ဒရစ်က ဒီလိုပြောပြတယ်- “လောလောဆယ်တော့ စစ်ထဲ မဝင်လို့ ထောင်ကျနေတဲ့ သက်သေခံတစ်ယောက်မှ မရှိဘူး။ အစိုးရကတော့ ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ သက်သေခံလူငယ်တွေကို တရားစွဲနေတုန်းပဲ။ မကြာသေးခင်က တူရကီ၊ ဘူလ်ဒူနှင့် အခြားသူများ အမှုတွဲကြောင့် တူရကီအစိုးရအနေနဲ့ လွတ်လပ်စွာ မှားမှန်ခွဲခြားသိမြင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို လေးစားလာမယ်လို့ မျှော်လင့်ပါတယ်။”
a အပိုဒ် ၃၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ။ အပိုဒ် ၆၊ မျှတစွာ ကြားနာစစ်ဆေးခြင်းကို ခံစားပိုင်ခွင့် ရှိသည်။ အပိုဒ် ၉၊ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်၊ မှားမှန်ခွဲခြားသိမြင်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့ ရှိသည်။