၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ညီအစ်ကိုတွေ မတရား ထောင်ချခံရတာကို ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေး
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ယူဂရာဒေသ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ၊ ဆူဂတ်မြို့နယ်တရားရုံးက ညီအစ်ကို ၁၇ ယောက်နဲ့ ညီအစ်မတစ်ယောက်ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။ သူတို့အထဲမှာ ညီအစ်ကို ယေ့ဂျနီ ဖီဒင်၊ အာသာ ဆဗာရင်ချီနဲ့ တီမိုဖီ ဇူကို့ဗ်တို့ ပါဝင်တယ်။ ညီအစ်ကို ၁၇ ယောက်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်နဲ့ သုံးလကနေ ခုနစ်နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်။ ညီအစ်မကိုတော့ ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလ ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲဝင်စရာမလိုပါ။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
ရဲအရာရှိတွေက ဆူဂတ်နဲ့ အနီးအနားမြို့တွေမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ရှာဖွေ ခဲ့ကြတယ်။ ညီအစ်ကို ခုနစ်ယောက်က စစ်ကြောခံရချိန်မှာ နှိပ်စက်ခံရကြောင်း ပြောပြကြတယ်။ ယေ့ဂျနီ ဖီဒင်နဲ့ အာသာ ဆဗာရင်ချီ အပါအဝင် ညီအစ်ကို သုံးယောက်ကို ချုပ်ထားလိုက်တယ်။
မတ် ၇၊ ၂၀၁၉
၂၁ ရက်ကြာပြီးတဲ့နောက် အယူခံ တရားရုံးက အာသာကို အချုပ်ကနေ လွှတ်ဖို့ အမိန့်ချမှတ်တယ်။
ဧပြီ ၁၁၊ ၂၀၁၉
ယေ့ဂျနီဟာ နှစ်လနီးပါး အချုပ်ခံရပြီးနောက် လွတ်လာတယ်။ တရားရုံးက သူ့ကို ခရီးသွားခွင့်၊ ဆက်သွယ်ပြောဆိုမှုနဲ့ အင်တာနက် အသုံးပြုခွင့် ပိတ်ပင်လိုက်တယ်။
ဇန်နဝါရီ ၁၆၊ ၂၀၂၀
တရားသူကြီးက ညီအစ်ကို တီမိုဖီ ဇူကို့ဗ်ကို စိတ်ကျန်းမာရေးဆေးရုံ သွားပြီး ဆေးစစ်ဖို့ အမိန့်ချမှတ်လိုက်တယ်။ အကြောင်းရင်းကတော့ စစ်ကြောသူတွေ မေးခွန်းတွေမေးတဲ့အခါ မဖြေတဲ့အတွက်ကြောင့်လို့ ဆိုတယ်။ တကယ်တော့ ရုရှားဖယ်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အပိုဒ် ၅၁ မှာ မေးခွန်းတိုင်းကို ဖြေဖို့မလိုတဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ တီမိုဖီ အယူခံ ဝင်ထားတယ်။
ဖေဖော်ဝါရီ ၅၊ ၂၀၂၀
တရားရုံးကနေ တီမိုဖီ ထွက်ခွာချိန်မှာ သူ့ကို ရဲကဖမ်းလိုက်တယ်။ အယူခံဝင်ထားတဲ့ တရားရုံးအမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ပေမဲ့ အရာရှိတွေက ၇၄၆ မိုင်ဝေးတဲ့ ယက်ကတရင်းဘာ့ဂ်မြို့မှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်တယ်။ အဲဒီမှာ သူ ၁၄ ရက်ကြာ နေခဲ့ရတယ်။
မတ် ၅၊ ၂၀၂၀
တီမိုဖီကို စိတ်ကျန်းမာရေးဆေးရုံမှာ အကျဉ်းချထားတာ ဥပဒေနဲ့ မညီဘူးလို့ အယူခံတရားရုံးက အမိန့်ချတယ်။
အောက်တိုဘာ ၁၉၊ ၂၀၂၁
အယူခံတရားရုံးက တီမိုဖီ မတရား ချုပ်နှောင်ခံရမှုအတွက် လျော်ကြေးပေးဖို့ အမိန့်ထုတ်ခဲ့တယ်။
နိုဝင်ဘာ ၁၂၊ ၂၀၂၁
ကနဦးကြားနာမှုမှာ တရားပြိုင် ရှေ့နေတွေက အာဏာပိုင်တွေရဲ့ ဥပဒေနဲ့မညီမှု၊ လူမဆန်တဲ့ အပြုအမူ၊ နှိပ်စက်မှု၊ မဟုတ်မမှန်တဲ့ အထောက်အထား၊ ဘက်လိုက်တဲ့ ပညာရှင်တွေသုံးထားမှုကို အထောက်အထားတွေနဲ့ တင်ပြခဲ့တယ်။ တရားပြိုင်တွေက အစိုးရရှေ့နေဆီ အမှုကို ပြန်ပို့ဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်။
နိုဝင်ဘာ ၁၅၊ ၂၀၂၁
တရားသူကြီးက စစ်ကြောရေးအပိုင်းတွေမှာ ဥပဒေ ချိုးဖောက်မှု ရှိတာကို အသိအမှတ်ပြုပေမဲ့ အမှုကို တရားလို ရှေ့နေဆီ ပြန်ပို့ဖို့ ငြင်းပယ်တယ်။
ကိုယ်ရေးအကျဉ်း
နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပ်ရင်း ‘မမြင်နိုင်တဲ့အရာတွေကို အာရုံစိုက်နေကြ’ တဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ကော ယေ့ဂျနီ၊ အာသာ၊ တီမိုဖီတို့နဲ့ပါ ယေဟောဝါ ဆက်ရှိနေမှာကို ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၂ ကောရိန္သု ၄:၁၇၊ ၁၈။