မေ ၃၀၊ ၂၀၁၇
ရုရှား
၂၀၁၇၊ ဇူလိုင် ၁၇ မှာ ယေဟောဝါသက်သေတွေ အယူခံဝင်ထားတာကို ရုရှားတရားရုံးချုပ် ကြားနာမယ်
ရုရှားက ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှုကို ပိတ်ပင်ဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို သက်သေခံတွေ အယူခံဝင်ထားတယ်။ ဧပြီ ၂၀ ရက်နေ့က တရားသူကြီး ယူရီ အယ်ဗိုင်ညင်ကာ က တစ်နိုင်ငံလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် အသင်းအဖွဲ့ လုပ်ငန်းအားလုံးကို ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ တရားသူကြီး သုံးယောက်ပါတဲ့ အယူခံတရားရုံးက ၂၀၁၇၊ ဇူလိုင် ၁၇ မှာ ကြားနာပါလိမ့်မယ်။
အဆိုပါစီရင်ချက်ကို ပြန်ပယ်ဖျက်ပေးဖို့ အယူခံဝင်ထားပါတယ်။ အဲဒီအယူခံစာမှာ စီရင်ချက်ဟာ ခိုင်လုံတဲ့ အထောက်အထားတွေပေါ် အခြေမခံကြောင်း၊ ယေဟောဝါသက်သေတွေဟာ အစွန်းရောက်လုပ်ရပ် ဘာတစ်ခုမှ မလုပ်ကြောင်း အလေးအနက် ဖော်ပြထားတယ်။ အခုစွပ်စွဲချက်တွေဟာ အရင် ဆိုဗီယက်အချိန်တုန်းက ယေဟောဝါသက်သေတွေကို နှိပ်စက်ဖို့ အာဏာပိုင်တွေ အသုံးပြုခဲ့တဲ့ စွဲချက်တွေနဲ့ တူနေကြောင်း၊ နောက်ပိုင်းမှာ အဲဒီစွဲချက်တွေဟာ မဟုတ်မှန်ကြောင်း၊ ယေဟောဝါသက်သေတွေမှာ ဘာအပြစ်မှမရှိကြောင်း ကြေညာခဲ့တယ်လို့ အယူခံ လျှောက်လှဲစာမှာ အတိအလင်း ဖော်ပြထားတယ်။ အဲဒီအပြင် အဲဒီစီရင်ချက်ဟာ ရုရှားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အာမခံချက်နဲ့ပါ ဆန့်ကျင်နေကြောင်း အယူခံ လျှောက်လှဲစာထဲမှာ အလေးအနက် ဖော်ပြထားတယ်။
ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ ယေဟောဝါသက်သေတွေ ခံခဲ့ရတဲ့ ဖိနှိပ်မှုကို အခုစီရင်ချက်ကြောင့် ပြန်ခံနေရပြီ။ အာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို “အစွန်းရောက်လုပ်ငန်းတွေ” လုပ်နေတယ်ဆိုပြီး တရားစွဲတယ်၊ အလုပ်ရှင်တွေက သက်သေခံတွေကို အလုပ်ဖြုတ်ပစ်တယ်၊ ကျောင်းဆရာ၊ ဆရာမတွေက သက်သေခံ ကျောင်းသူ၊ ကျောင်းသားတွေကို အတန်းဖော်တွေရှေ့ ခြိမ်းခြောက်ကြတယ်၊ တစ်ဖက်သတ်အစွဲရှိသူတွေက သက်သေခံတွေရဲ့ ဝတ်ပြုတဲ့နေရာတွေကို ဖျက်ဆီးကြတယ်၊ ယေဟောဝါသက်သေတွေရဲ့ အိမ်နှစ်အိမ်ကို မီးရှို့ခဲ့လို့ လုံးလုံးပျက်စီးသွားခဲ့တယ်။
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတွေက ရုရှားတရားရုံးချုပ်ရဲ့ အယူခံတရားရုံးဟာ မတရားမှုကို မြင်ပြီး စီရင်ချက်ကို ပြန်ပယ်ဖျက်ပေးမယ်လို့ မျှော်လင့်နေတယ်။ ဒါမှသာ ရုရှားနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေအတွက် လုံခြုံမှုနဲ့ ဘာသာရေးလွတ်လပ်မှု ရရှိမှာဖြစ်တယ်။