မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၈၊ ၂၀၁၇
ရုရှား

ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်တဲ့ အစောပိုင်း ဆုံးဖြတ်ချက်ကို ရုရှားတရားရုံးချုပ် အတည်ပြု

ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်တဲ့ အစောပိုင်း ဆုံးဖြတ်ချက်ကို ရုရှားတရားရုံးချုပ် အတည်ပြု

ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်တဲ့ အစောပိုင်း ဆုံးဖြတ်ချက်ကို ၂၀၁၇၊ ဇူလိုင် ၁၇ မှာ ရုရှားတရားရုံးချုပ် အတည်ပြုလိုက်တာက ဘာသာရေး လွတ်လပ်ခွင့် ပေးပါတယ်ဆိုတဲ့ ရုရှားရဲ့ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်ကို တမင်တကာ ချိုးဖောက်တာပဲ။ ဒီဆုံးဖြတ်ချက်က တစ်နိုင်ငံလုံးရှိ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှုအားလုံးကို ပိတ်ပင်လိုက်တာဖြစ်တယ်။

တရားသူကြီး သုံးယောက်ပါတဲ့ အယူခံတရားရုံးက သက်သေခံတွေ အယူခံဝင်ထားတာကို ငြင်းပယ်ပြီး ဧပြီ ၂၀ ရက်နေ့မှာ တရားသူကြီး ယူရီ အယ်ဗိုင်ညင်ကာရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တယ်။ “‘ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာန’ နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ သက်သေခံတွေရဲ့ ဒေသခံဘာသာရေး အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့၊ ဖျက်သိမ်းလိုက်တဲ့ ဘာသာရေးအဖွဲ့အစည်းပိုင် အားလုံးကို ရုရှားဖယ်ဒရေးရှင်းဆီ အပ်ဖို့” ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

စီမံခန့်ခွဲရေးဌာနရဲ့ တရားရေး အဖွဲ့ဝင်များ

အဲဒီဆုံးဖြတ်ချက်က ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေ ၁၇၅,၀၀၀ ကျော်ရဲ့ လူမှုဘဝဖူလုံရေးနဲ့ လုံခြုံမှုကို အန္တရာယ်ရောက်စေတယ်။ ယေဟောဝါသက်သေတွေရဲ့ အထွေထွေအကြံပေးသူ ဖိလစ် ဘရမ်လီက ဒီလိုပြောတယ်- “ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ရုရှားမှာရှိတဲ့ သူတို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် အကြီးအကျယ် စိုးရိမ်နေကြတယ်။ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်က ရုရှားရှိ ယေဟောဝါသက်သေတွေ ကြုံတွေ့နေရတဲ့ မတော်မတရားမှုတွေကို တရားဝင်ဖြစ်စေသလို သက်သေခံတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် သတ်မှတ်ပြီး မတရားမှုတွေ ဆက်ကြုံတွေ့ရနိုင်တယ်။ ဒါကြောင့် သူတို့က ကိုယ့်နိုင်ငံထဲမှာပဲ အပယ်ခံတွေ ဖြစ်ရရှာပြီ။”

အခု ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးနဲ့ ယူအဲန် လူ့အခွင့်အရေးကော်မတီကို အယူခံဝင်ထားပါတယ်။ ဒီအတောအတွင်း ကမ္ဘာတစ်ဝန်းက ယုံကြည်ချင်းတူသူတွေဟာ သူတို့အတွက် ဆုတောင်းပေးနေကြတယ်။ ရုရှားအစိုးရက အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့နဲ့ သက်သေခံတွေဟာ ၁ တိမောသေ ၂:၂ မှာပါတဲ့အတိုင်း “ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု . . . အပြည့် ရှိနိုင်” ဖို့ ဆုတောင်းပေးနေကြပါတယ်။