မာတိကာဆီ ကျော်သွား

ညီအစ်ကို ရုစတန် စိုင်ကူလိဗ်

မေ ၂၀၊ ၂၀၂၁
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ကို ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်

ယုံကြည်ချက်ကြောင့် တတိယအကြိမ် ထောင်ချခံရ

ရုရှားတရားရုံးက ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ကို ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ သြဂုတ်လမှာ စရာတော့မြို့ ခရိုင်တရားရုံးက ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ရဲ့ အယူခံကို ပယ်ချပေမဲ့ ထောင်ဒဏ်ကိုတော့ လ ၃၀ ကနေ ၂၈ လ ဆိုပြီး လျှော့ပေးလိုက်တယ်။ အပြစ်ရှိကြောင်း စီရင်ခံရတဲ့ ၂၀၂၁၊ မေလကတည်းက အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ခံထားရတဲ့ နေရာကနေ အကျဉ်းထောင်ဆီ မကြာခင် ပြောင်းရွှေ့ရပါတော့မယ်။

၂၀၂၁၊ မေ ၂၀ မှာ စရာတော့မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် နှစ်နှစ်ခွဲ ချလိုက်ပါတယ်။ စီရင်ချက် ချပြီးတာနဲ့ အကျဉ်းထောင်ကို ခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

ရုစတန် စိုင်ကူလိဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (အက်ရှ်ဂါဘတ်မြို့၊ တာ့မင်နစ္စတန်)

  • ဘဝအတ္ထုပ္ပတ္တိ။ တစ်ကိုယ်ရေ မိခင်လက်မှာ ကြီးပြင်းလာတယ်။ ၁၉၉၃ မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတယ်။ နောက်နှစ်နှစ်မှာ အမေလည်း ကျမ်းစာ လေ့လာတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတဲ့အတွက် နှစ်ခြင်းမခံခင် ထောင်နှစ်နှစ် ကျတယ်

    ကျမ်းစာ ပရောဖက်ပြုချက် ပြည့်စုံမှု၊ ကျမ်းစာ အကြံဉာဏ်တွေ လက်တွေ့ကျမှုကို သဘောကျတဲ့အတွက် ၁၉၉၈ မှာ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတယ်။ ယေဟောဝါသက်သေ ဖြစ်တဲ့ ပထွေး နယ်နှင်ခံရတဲ့အတွက် ၂၀၀၀ ပြည့်နှစ်မှာ ရုရှားကို မိသားစုလိုက် ပြောင်းရွှေ့လာတယ်

    တယ်လီဖုန်း ပြုပြင်သူ၊ ဆောက်လုပ်ရေးလုပ်သား ဖြစ်တယ်။ ၂၀၀၁ မှာ ဇနီးလောင်း ယူလီယာနဲ့ ဆုံတယ်။ ဘိုးလင်းပစ်တာ၊ ပျော်ပွဲစား ထွက်တာ၊ စားပွဲတင် တင်းနစ်ရိုက်တာ ဝါသနာပါတယ်။ ၂၀၁၉ စက်တင်ဘာကစပြီး ရုစတန်ရဲ့ မိဘတွေကို ကြည့်ရှုစောင့်ရှောက်နေကြတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ မတ်လမှာ FSB အရာရှိတစ်ဦး ညီအစ်ကို ရုစတန်နဲ့ ဇနီး ယူလီယာတို့အိမ်ကို ရောက်လာတယ်။ ကားပိတ်ရပ်ထားပြီး သူတို့ကို သီးသန့်စီ စစ်ကြောမေးမြန်းတယ်။ သူတို့ကို ထပ်မံစစ်ကြောဖို့ FSB ရုံးကို အစီရင်ခံပါလို့ ဆင့်ခေါ်တယ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၁၅ မှာ ရဲတွေက ရုစတန်နဲ့ ယူလီယာတို့ကို စျေးဝယ်စင်တာမှာ ဖမ်းလိုက်တယ်။ ရုစတန်ကို အချုပ်ချထားကြတယ်။ ဒေသတရားရုံးက နေအိမ်အကျယ်ချုပ် ချဖို့ အမိန့်ချတယ်။ အစပိုင်းမှာ အိမ်နဲ့ အဝေးမှာ နှစ်လလောက် အချုပ်ခံရပြီး ဇနီးနဲ့ တွေ့ခွင့် မရှိဘူး။ နေအိမ်အကျယ်ချုပ် ကျတဲ့အခါလည်း အင်တာနက် သုံးခွင့်၊ ပြင်ပကို ဆက်သွယ်ခွင့် မရှိဘူး။ ပြစ်ဒဏ်ကာလကို ခုနစ်ကြိမ်အထိ ထပ်တိုးကြတယ်။ ရုစတန် နေအိမ်အကျယ်ချုပ် ကျတာ ရက်ပေါင်း ၂၁၇ ရက် ရှိနေပါပြီ။

နေအိမ်အကျယ်ချုပ် ကျနေချိန်မှာ ရုစတန် အခက်အခဲများစွာ ကြုံရတယ်။ မနက် ၉ နာရီကနေ ၁၁ နာရီအထိပဲ လမ်းလျှောက်ခွင့် ရှိတယ်။ တခြားကန့်သတ်ချက်တွေလည်း ရှိတယ်။ ခြံဝန်းထဲ ထွက်ခွင့်၊ အိမ်မိုးပြင်ခွင့် မရှိဘူး။ အကောင်းမြင်စိတ် ရှိဖို့ ကြိုးစားခဲ့တဲ့အကြောင်း သူ အခုလို ပြောတယ်။ “နေအိမ်အကျယ်ချုပ် ကျတာက ဆုတောင်းဖို့၊ ဘုရားအကြောင်း တွေးတောဆင်ခြင်ဖို့ အချိန်ပိုရစေတယ်။ အလုပ်များနေတာ၊ တစ်နေ့တာအတွက် စီစဉ်တာတွေက စိတ်ဓာတ်မကျဖို့ ကူညီပေးတယ်။ တချို့ညီအစ်ကို/မတွေဆို ထောင်ထဲမှာ၊ ကိုယ့်ထက် အခြေအနေ ပိုဆိုးတယ်။”

ယခင် စစ်ဆေးမှုတွေကနေလည်း ရုစတန် ခွန်အားယူတယ်။ တာ့ခ်မင်နစ္စတန်မှာ ထောင်ကျချိန်ကို ပြန်တွေးပြီး “အရင်က ကျွန်တော့်ကို ယေဟောဝါ အကြိမ်ကြိမ် ထောက်မပေးခဲ့တယ်။ အထူးသဖြင့် လူငယ်ဘဝ ထောင်ကျနေချိန်မှာပေါ့။ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်အားထားတတ်လာတယ်။ တည်ငြိမ်တတ်လာတယ်” လို့ သူ ပြောတယ်။

ရုစတန်ဟာ ယေဟောဝါအတွက် နိုင်သလောက် အမှုဆောင်နေပါတယ်။ “အစည်းအဝေးတွေ၊ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို မပျက်ဘူး။ အချိန်ရရင် ရသလို သက်သေခံတယ်။ ညီအစ်ကို/မတွေကို အားပေးတယ်။ အချိန် နည်းနည်းလေးပဲ ကျန်တော့တဲ့အတွက် ယေဟောဝါ အလိုရှိတဲ့နေရာမှာ ယေဟောဝါကို အပြည့်အဝ ဝတ်ပြုသွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ သူ ပြောတယ်။

ယေဟောဝါက ရုရှားမှာ ရှိတဲ့ သစ္စာရှိ ညီအစ်ကို/မတွေကို “မိမိရဲ့ အလိုတော် ဆောင်နိုင်ဖို့ ကောင်းတဲ့အရာ မှန်သမျှနဲ့ ပြည့်စုံအောင်” ကူညီပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဟီဘရူး ၁၃:၂၁